Saturday, January 31, 2015

နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုပမာဏ အမေရိကန်ဒေါ်လာ ၂ ဒသမ ၄၅၃၂ ဘီလီယံရှိ မဒဲကျွန်းရေနံတင်ဆိပ်ကမ်းဖွင့်

 
 
 
 
နေပြည်တော် ဇန်နဝါရီ ၃ဝ

စွမ်းအင်ဝန်ကြီးဌာန မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့ လုပ်ငန်းနှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ CNPC ကုမ္ပဏီတို့ အကျိုးတူပူးပေါင်းဆောင်ရွက်သော ရခိုင်ပြည်နယ် မဒဲကျွန်း ရေနံတင်ဆိပ်ကမ်းဖွင့်ပွဲနှင့် အရှေ့တောင်အာရှ ရေနံစိမ်းပိုက်လိုင်း ကနဦးလုပ်ငန်းများ စတင်ခြင်းအခမ်းအနားကို ယနေ့နံနက် ၁၁ နာရီက ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ် မဒဲကျွန်းတွင် ကျင်းပရာ ပြည်ထောင်စုဝန်ကြီး ဦးဇေယျာအောင်၊ ဦးခင်မောင်စိုး၊ ဦးဥာဏ်ထွန်းအောင်၊ ဦးဝင်းထွန်း၊ ဦးခင်ရီ၊ ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးမောင်မောင်အုန်း၊ ဒုတိယဝန်ကြီးများ၊ တရုတ်နိုင်ငံသံအမတ်ကြီး မစ္စတာယန်ဟို့လန်နှင့် China National Petroleum Corporation (CNPC) ဥက္ကဋ္ဌ Mr. Laio Yongyan၊ South-East Asia Pipeline Company Limited ဥက္ကဋ္ဌMr.Jiang Changliang နှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီး ဦးဇေယျာအောင်က ယခုစီမံကိန်းကို ၂ဝ၁၁ ခုနှစ်မှ စတင်ဆောင်ရွက်ခဲ့ရာ ၂ဝ၁၅ ခုနှစ် နှစ်ဦးပိုင်းတွင် လုပ်ငန်းများ ဆောင်ရွက်ပြီးစီးခဲ့ကြောင်း၊ ရေနံတင် ဆိပ်ကမ်းကို တည်ဆောက်ရခြင်းရည်ရွယ်ချက်မှာ ပြည်ပနိုင်ငံများမှ ရောက်ရှိလာသည့် ရေနံစိမ်းများကို ကျောက်ဖြူမြို့နယ် မဒဲကျွန်းတွင် ရေနံချခြင်းလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် တည်ဆောက်ခဲ့ခြင်းဖြစ်ကြောင်း၊ ဤဆိပ်ကမ်းတွင် ရေနံစိမ်း တန်ချိန် ၃ဝဝဝဝဝ ဆံ့ သင်္ဘောကြီးများ ဆိုက်ကပ်နိုင်အောင် တည်ဆောက်ခဲ့ခြင်းဖြစ်ကြောင်း၊ ထို့အပြင် အရှေ့တောင်အာရှ ရေနံစိမ်းပိုက်လိုင်းသည် ရခိုင်ပြည်နယ် မဒဲကျွန်းမှစတင်ကာ ပြည်နယ်နှင့် တိုင်းဒေသကြီး လေးခုကို ဖြတ်သန်း၍ မြန်မာနိုင်ငံ နယ်စပ်ရှိ နမ့်ခမ်းမြို့အထိ အချင်း ၃၂ လက်မ၊ အရှည် ၇၇၁ ကီလိုမီတာခန့် ဆက်သွယ်ဆောင်ရွက်ထားခြင်းဖြစ်ကြောင်း၊ အဆိုပါ အရှေ့တောင်အာရှ ရေနံစိမ်းပိုက်လိုင်းနှင့် မဒဲကျွန်း ရေနံဆိပ်ကမ်းနှင့် ပိုက်လိုင်းစီမံကိန်းကို နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ပမာဏ အမေရိကန်ဒေါ်လာ ၂ ဒသမ ၄၅၃၂ ဘီလီယံ ရင်းနှီး မတည်တည်ဆောက်ခဲ့ပြီး နိုင်ငံတော်က အမေရိကန်ဒေါ်လာ ၁ ဒသမ ၂ဝ၄ ဘီလီယံ ပါဝင်ခဲ့ကြောင်း၊ လုပ်ငန်းစီမံကိန်းကာလမှာ နှစ်ပေါင်း ၃ဝ ဖြစ်ပြီး နှစ်စဉ်ရေနံစိမ်းတန်ချိန် ၂၂ သန်းခန့်ကို သယ်ဆောင်မှာဖြစ်ပြီး တရုတ်နိုင်ငံနှင့် ပြည်တွင်းသုံးစွဲမှုအတွက် ခွဲဝေပို့လွှတ်သွားမှာဖြစ်ကြောင်း၊ ဆိပ်ကမ်းကြီးနှင့် ရေနံပိုက်လိုင်း တစ်လျှောက် ရေနံယိုဖိတ်မှုမရှိစေရန်နှင့် ရေနံယိုဖိတ်မှုများကို ထိန်းသိမ်းနိုင်စေရန် အစီအမံများအပြင် မီးဘေးကာကွယ်ရေး အစီအမံများကိုလည်း နိုင်ငံတကာအဆင့်မီ ထည့်သွင်းစီမံဆောင် ရွက်ထားကြောင်း၊ ထို့အပြင် နိုင်ငံတကာအဆင့်မီကုမ္ပဏီများကို ငှားရမ်းပြီး စနစ်တကျ အချက်အလက်ကောက်ယူကာ ပတ်ဝန်းကျင်ထိန်းသိမ်းရေးစီမံချက်များ ပြုစုထုတ်ဝေခြင်း၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးအတွက် စောင့်ကြည့်ရေးအစီအမံများ ချမှတ်ခြင်းကိုလည်း စနစ်တကျ ဆောင်ရွက်ထားကြောင်း၊ ထို့အပြင်
မဒဲကျွန်းပေါ်တွင် ရေနံတင်ဆိပ်ကမ်း တည်ဆောက်ခြင်းနှင့်အတူ ဒေသနေ ပြည်သူများ သုံးစွဲနိုင်မည့် ရေလှောင် တမံတစ်ခု တည်ဆောက်ပြီး မဒဲကျွန်းပေါ်ရှိ ကျေးရွာများသို့ ပိုက်လိုင်းသွယ်တန်းပြီး ရေပေးဝေခဲ့ကြောင်း၊ ဤ စီမံကိန်းသည် တရုတ်ပြည်သူ့သမ္မတ နိုင်ငံသို့ ရေနံစိမ်းများပို့လွှတ်ပေးနိုင် ရုံမက ပြည်တွင်းသုံးစွဲမှုအတွက်ပါ ခွဲဝေပို့လွှတ်သွားမှာဖြစ်သည့်အတွက် နှစ်နိုင်ငံလုံး ဖွံ့ဖြိုးတိုးတက်ရေးအတွက် အကျိုးပြုပေးကြောင်း၊ ထို့အပြင် ဒေသနေပြည်သူများကိုလည်း အကျိုးဖြစ်ထွန်းစေမည် ဖြစ်သည့်အတွက် နှစ်ဦးနှစ်ဖက်အကျိုးဖြစ်ထွန်းစေရန် အလုပ်အကိုင် အခွင့်အလမ်းများ ရရှိစေခြင်း၊ ဒေသအလိုက် လူမှုစီးပွား ကူညီထောက်ပံ့မှုများကြောင့် ပညာရေး၊ ကျန်းမာရေးကဏ္ဍများတွင် တိုးတက် ဖွံ့ဖြိုးစေခြင်း အကျိုးကျေးဇူးများ တစ်စတစ်စ ဖြစ်ထွန်းနေသည်ကို တွေ့မြင်လာရပြီဖြစ်ကြောင်း၊ ပြည်နယ် နှင့်တိုင်းဒေသကြီးလေးခုတွင် ကျန်းမာ ရေးကဏ္ဍ၊ လူမှုစီးပွားရေးကဏ္ဍနှင့် အခြေခံအဆောက်အအုံကဏ္ဍများတွင် ပါဝင်သော စာသင်ကျောင်း၊ ဆေးပေးခန်း၊ ရေကန်၊ လျှပ်စစ်မီး သွယ်တန်းခြင်း၊ လမ်းပန်းဆက်သွယ် ရေး စသည်တို့ကို စီမံကိန်းစတင်ချိန် ၂ဝ၁၂ ခုနှစ်မှ စတင်၍ ယခုအချိန် အထိ စုစုပေါင်း အမေရိကန်ဒေါ်လာ ၁၃ ဒသမ ၂၆ သန်းအကုန်အကျခံ နှစ်စဉ်ပံ့ပိုးကူညီပေးခဲ့ကြောင်း'' ပြော ကြားခဲ့သည်။

ထို့နောက် CNPC ဥက္ကဋ္ဌက ဝမ်းမြောက်စကားပြောကြားသည်။

ယင်းနောကSouth-East Asia Pipeline Company Limited မှ ဥက္ကဋ္ဌက မဒဲကျွန်းရေနံတင်ဆိပ်ကမ်း ကို ဖွင့်လှစ်ရန် အသင့်ဖြစ်ကြောင်း ကြေညာရာ ပြည်ထောင်စုဝန်ကြီး ဦးဇေယျာအောင်၊ ပြည်နယ်ဝန်ကြီးချုပ် ဦးမောင်မောင်အုန်း၊ ဒုတိယဝန်ကြီး ဦးအောင်ထူး၊ တရုတ်နိုင်ငံသံအမတ် ကြီး၊CNPC ကုမ္ပဏီဥက္ကဋ္ဌနှင့် etro-China ကုမ္ပဏီမှ Vice President ဖြစ်သူ Madam Wong Li Hua တို့က မဒဲကျွန်းရေနံဆိပ်ကမ်းကို ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးကြသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီး ဦးဇေယျာအောင်၊ ပြည်နယ်ဝန်ကြီးချုပ် ဦးမောင်မောင်အုန်း၊ သံအမတ်ကြီး မစ္စတာယန်ဟို့လန်နှင့် CNPC ကုမ္ပဏီဥက္ကဋ္ဌ Mr. Laio Yongyan တို့သည် ရေနံပို့လွှတ်သည့်Valve ကို လှည့်၍ဖွင့်လှစ်ပေးကြသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီး ဦးဇေယျာအောင်က မဒဲကျွန်း ရေနံတင်ဆိပ်ကမ်း ကမ္ပည်းမော်ကွန်း ကြေးပြားကို စက်ခလုတ်နှိပ်ဖွင့်လှစ်ပေးပြီး မဒဲကျွန်းရေနံဆိပ်ကမ်းအတွင်း မော်တော်ယာဉ်များဖြင့် လှည့်လည် ကြည့်ရှုကြသည်။

ထို့နောက်ဖွင့်ပွဲအထိမ်းအမှတ်အဖြစ် ပြည်ထောင်စုဝန်ကြီး ဦးဇေယျာအောင် က ယုဇနပင်ကို လည်းကောင်း၊ပြည်နယ် ဝန်ကြီးချုပ် ဦးမောင်မောင်အုန်းက အင်ကြင်းပင်ကို လည်းကောင်း၊ တရုတ်နိုင်ငံ သံအမတ်ကြီးနှင့် CNPC ဥက္ကဋ္ဌတို့က တည်ပင်ကို လည်းကောင်း အမှတ်တရ စိုက်ပျိုးပေးခဲ့ကြောင်း သိရသည်။

(သတင်းစဉ်)

No comments:

Post a Comment