Monday, December 1, 2014

နော်ဝေနိုင်ငံခြားရေးဝန်ကြီးနှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ၊ အရပ်ဘက်လူမှုအဖွဲ့အစည်းများ ပဲခူးမြို့၌ တွေ့ဆုံ

Photo: နော်ဝေနိုင်ငံခြားရေးဝန်ကြီးနှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ၊
အရပ်ဘက်လူမှုအဖွဲ့အစည်းများ ပဲခူးမြို့၌ တွေ့ဆုံ

ပဲခူး      နိုဝင်ဘာ      ၃ဝ 

နိုဝင်ဘာ ၂၉ ရက်က မြန်မာနိုင်ငံသို့ ရောက်ရှိလာသည့် နော်ဝေနိုင်ငံခြားရေးဝန်ကြီး Mr.Borge Brende နှင့်     သမ္မတရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်း၊   ပဲခူးတိုင်းဒေသကြီး ဝန်ကြီးများ၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ၊  အရပ်ဘက်လူမှုအဖွဲ့အစည်းများသည် ယနေ့နံနက် ၈ နာရီ ၄၅ မိနစ်က ပဲခူးမြို့ရှိ ဟံသာဂါးဒင်း ဟိုတယ်၌  နော်ဝေနိုင်ငံမှ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဆိုင်ရာ အကူအညီပေးရေးလုပ်ငန်းများနှင့်  ပတ်သက်၍  တွေ့ဆုံ ဆွေးနွေးခဲ့ကြသည်။

တွေ့ဆုံပွဲသို့  မြန်မာနိုင်ငံ ငြိမ်းချမ်းရေးပြန်လည် ထူထောင်ရေးလုပ်ငန်းဗဟိုဌာန(MPC)၊ ကရင်အမျိုးသား အစည်းအရုံး(KNU)၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP)၊ မွန်ပြည်သစ်ပါတီ(NMSP)နှင့် မွန်အမျိုးသမီး အဖွဲ့(MWO)တို့ တက်ရောက်ခဲ့ကြသည်။

ယင်းတွေ့ဆုံဆွေးနွေးပွဲတွင် IDPs (ဒေသတွင်းထွက်ပြေး တိမ်းရှောင်နေရသူများ)ကို  အကူအညီပေးရေးကိစ္စ၊ Norwegian People's Aid (နော်ဝေပြည်သူများထောက်ပံ့ ရေးအဖွဲ့)နှင့် မြန်မာအစိုးရတို့ ပူးပေါင်းကာ ပဲခူးတိုင်းဒေသတွင်း၌ IDPs များကို မှတ်ပုံတင်ထုတ်ပေးရေးရှေ့ပြေး စီမံကိန်း၏ အောင်မြင်မှုများနှင့် ငြိမ်းချမ်းရေး ဖြစ်စဉ်များအတွက် ကူညီထောက်ပံ့ပေးရေးအစီအစဉ်များအား အဓိကထား ဆွေးနွေးခဲ့ကြသည်။

အဆိုပါဆွေးနွေးပွဲတွင်   ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းက နော်ဝေနိုင်ငံသည် မြန်မာနိုင်ငံ ဒီမိုကရေစီ ကူးပြောင်းမှုနှင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များတွင် ကူညီခဲ့ပါကြောင်း၊ မြန်မာနိုင်ငံတွင် ဖော်ဆောင်နေသည့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်အား အစိုးရ အကူးအပြောင်းကာလအတွင်း၌ အပြီးမသတ်နိုင်မည်ကို နိုင်ငံတကာ အသိုင်းအဝိုင်းမှ စိုးရိမ်ပူပန်မှုများရှိနေပါကြောင်း၊  ငြိမ်းချမ်းရေးအား စားပွဲဝိုင်း ပေါ်၌ညှိနှိုင်းနေစဉ်ကာလအတွင်း  မြေပြင်ပေါ်၌လည်း ငြိမ်းချမ်းရေး သက်ရောက်ရန် အရေးကြီးပါကြောင်း၊ မိမိတို့ အနေဖြင့် မြန်မာနိုင်ငံတွင် ငြိမ်းချမ်းရေးဖော်ဆောင်နိုင်ရန် နည်းလမ်းအမျိုးမျိုးဖြင့် ဆောင်ရွက်လျက်ရှိပါကြောင်းဖြင့် ပြောကြားသည်။ 

နော်ဝေနိုင်ငံခြားရေးဝန်ကြီး Mr. Borge Brende က မြန်မာနိုင်ငံ၌ အဖွဲ့အစည်းများအားလုံးပါဝင်သည့် ငြိမ်းချမ်းရေး ဖြစ်စဉ်ဆီသို့ အောင်အောင်မြင်မြင်  ရောက်ရှိနိုင်ရန်မှာ ရှည်ကြာလိမ့်မည်ဖြစ်ပါကြောင်း၊ နော်ဝေနိုင်ငံ၏ မြန်မာနိုင်ငံအပေါ် ကူညီထောက်ပံ့ပေးမှုများသည် ငြိမ်းချမ်းရေးဖြစ်စဉ် အောင်မြင်အောင် တည်ဆောက်ရာ၌ အထောက်အကူဖြစ်မည်ဟု ထင်မြင်ပါကြောင်း၊ နော်ဝေနိုင်ငံအနေဖြင့် မြန်မာနိုင်ငံနှင့် ရေရှည်ပူးပေါင်းဆောင်ရွက်ကာ မြန်မာနိုင်ငံ၏ မိတ်ဆွေနိုင်ငံအဖြစ် ဆက်လက်ရပ်တည်သွားမည် ဖြစ်ပါကြောင်းဖြင့် ပြောကြားခဲ့သည်။

ဆွေးနွေးပွဲ၏ ပထမပိုင်း အစီအစဉ်အပြီးတွင် နော်ဝေနိုင်ငံခြားရေးဝန်ကြီးနှင့် ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းတို့သည်   ပြည်တွင်းပြည်ပ သတင်းမီဒီယာများ၏ မေးမြန်း ချက်များကို ပြန်လည်ဖြေကြားခဲ့သည်။ ထို့နောက် နော်ဝေနိုင်ငံခြားရေးဝန်ကြီးသည် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများမှ ခေါင်းဆောင်များနှင့် အရပ်ဘက်လူမှု အဖွဲ့အစည်းများနှင့် သီးခြားတွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ခဲ့သည်။    (သတင်းစဉ်)

No comments:

Post a Comment