Monday, December 1, 2014

Bank of the Year In Myanmar 2014 ဆု မြန်မာနိုင်ငံမှ ကမ္ဘောဇဘဏ်လီမိတက် လက်ခံရရှိ

Photo: Bank of the Year In Myanmar 2014 ဆု
မြန်မာနိုင်ငံမှ ကမ္ဘောဇဘဏ်လီမိတက် လက်ခံရရှိ

နေပြည်တော်  နိုဝင်ဘာ ၃ဝ

အင်္ဂလန်နိုင်ငံ  လန်ဒန်အခြေစိုက် Financial Times  မှ ပေးအပ်သည့် ၂ဝ၁၄ ခုနှစ်အတွက်  နိုင်ငံအလိုက် အကောင်းဆုံးဘဏ်ဆု  "The Banker Awards 2014"  ဆုချီးမြှင့်ပွဲအခမ်း အနားကို နိုဝင်ဘာ  ၂၇ ရက် ဒေသ စံတော်ချိန်  ညနေ  ၆  နာရီခွဲတွင် အင်္ဂလန်နိုင်ငံ လန်ဒန်မြို့ရှိ Intercontinental Hotel-Ballroom   ခန်းမ၌ ကျင်းပရာ ၂ဝ၁၄ ခုနှစ်အတွက် မြန်မာနိုင်ငံမှ  ဘဏ်လုပ်ငန်းဆိုင်ရာ စွမ်းဆောင်မှုအကောင်းဆုံးဆု  "Bank of the Year in Myanmar 2014" ဆုကို  မြန်မာနိုင်ငံမှ  ကမ္ဘောဇဘဏ် လီမိတက်ကို    ရွေးချယ်ချီးမြှင့်ခဲ့သည်။  ယင်းသို့  ၂ဝ၁၄ ခုနှစ်အတွက်   နိုင်ငံအလိုက် ဘဏ်လုပ်ငန်းဆိုင်ရာ  စွမ်းဆောင်မှု အကောင်းဆုံးဆုများကို  အမေရိကန်နိုင်ငံမှ   WELLS FARGO   BANK၊  အင်္ဂလန်နိုင်ငံမှ  LLOYDS  BAN KING GROUP၊ နယ်သာလန်နိုင်ငံမှ ING BANK၊သြစတြေးလျနိုင်ငံမှ WESTPAC BANK၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ ICBC BANK၊ တောင်ကိုရီးယား နိုင်ငံမှ HANA BANK၊ စင်ကာပူ နိုင်ငံမှ DBS  BANK၊ မလေးရှားနိုင်ငံ မှ CIMB BANKထိုင်းနိုင်ငံမှ KRUNG THAI BANK၊ အိန္ဒိယ နိုင်ငံမှ AXIS BANK တို့ အပါအဝင် နိုင်ငံပေါင်း ၁၄၉ နိုင်ငံ၏ သက်ဆိုင်ရာ ဘဏ်အဖွဲ့အစည်းများမှလည်း ယင်းဆုကို အသီးသီးရရှိခဲ့ကြသည်။    ဆု ချီးမြှင့်ပွဲအခမ်းအနားသို့   ကမ္ဘာတစ်ဝန်းရှိ  နိုင်ငံပေါင်း ၁၄၉ နိုင်ငံမှ ဘဏ်ဥက္ကဋ္ဌများ၊ CEO များ၊ အုပ်ချုပ်မှု ဒါရိုက်တာများနှင့်အဆင့်မြင့်အရာရှိ ကြီးများ တက်ရောက်ခဲ့ကြရာ  မြန်မာနိုင်ငံမှ ကမ္ဘောဇဘဏ်လီမိတက်ဥက္ကဋ္ဌ ဦးအောင်ကိုဝင်း၊    အမှုဆောင် ဒါရိုက်တာ ဒေါ်နန်းခမ်းနောင့်၊ အကြီးတန်း အုပ်ချုပ်မှုဒါရိုက်တာ  ဦးညိုမြင့်၊ အုပ်ချုပ်မှု ဒါရိုက်တာ ဒေါ်ခင်ချောစုနှင့် ကမ္ဘောဇဘဏ်လီမိတက်မှ  အဆင့်မြင့် အရာရှိကြီးများ တက်ရောက်ကြခဲ့ပြီး မြန်မာနိုင်ငံအတွက် "Bank of the  Year in Maynmar 2014"  ဆုကို  ကမ္ဘောဇဘဏ်လီမိတက်ဥက္ကဋ္ဌ ဦးအောင်ကိုဝင်းက တက်ရောက်  လက်ခံရယူခဲ့ကြောင်း သိရသည်။

Financial Times က ကြေညာချက် ထုတ်ပြန်ရာတွင် နှစ်အလိုက်အကောင်း ဆုံးဘဏ်ဆု k(Bank of the Year in Myanmar 2014)ဆုကို  ရွေးချယ် ချီးမြှင့်ရာတွင် ကမ္ဘာအရပ်ရပ်ရှိ ဘဏ်လုပ်ငန်းများအတွက် ရည်ရွယ်ကာ သီးခြားဖွဲ့စည်းထားသော The Banker  မှ ကမ္ဘာတစ်ဝန်း၌  ၎င်းတို့ဖြန့်ကြက်ထားသော သတင်းထောက်များ၊ သတင်းဌာနများ၊ မီဒီယာများမှ ဘဏ်လုပ်ငန်းဆိုင်ရာ သတင်းအချက်အလက်များကို စုစည်းလျက်  သတ်မှတ်ထားသော စံချိန်စံညွှန်းများပေါ် အခြေခံ၍ ၂ဝ၁၄ ခုနှစ် စွမ်းဆောင်ရည်အကောင်းဆုံးဘဏ်ကို ရွေးချယ်ဂုဏ်ပြုချီးမြှင့်ခဲ့ခြင်း ဖြစ်ကြောင်း၊   ကမ္ဘောဇဘဏ်ကို ချီးမြှင့်ရခြင်းနှင့်စပ်လျဉ်း၍  ကမ္ဘောဇ ဘဏ်လီမိတက်၏  ဘဏ်လုပ်ငန်း ဆိုင်ရာများ တိုးတက်ဆောင်ရွက်နိုင်မှု၊ ဘဏ်ခွဲများ ATM  စက်များ၊ နိုင်ငံအနှံ့အပြား၌  တိုးတက်ဖွင့်လှစ်နိုင်မှု၊ ဈေးကွက်တိုးတက်ပိုင်ဆိုင်မှု၊ စီးပွားရေးလုပ်ငန်းများအတွက် ငွေကြေးအများဆုံး တိုးတက်ထုတ်ချေးနိုင်မှု ဝင်ငွေနှင့် အမြတ်တိုးတက်ရရှိမှု၊ ဝန်ထမ်းများ လေ့ကျင့်ပျိုးထောင်မှုနှင့် စီမံအုပ်ချုပ်မှုစွမ်းရည်  တိုးတက်ကောင်းမွန်မှု၊ ခေတ်မီဘဏ်လုပ်ငန်းဆိုင်ရာနည်းပညာများနှင့်ဝန်ဆောင်မှုများ တိုးတက်ဆောင်ရွက်နိုင်မှု၊ နိုင်ငံတကာဘဏ်များနှင့် ချိတ်ဆက်ဆောင်ရွက်နိုင်မှု၊  အခွန်ဘဏ္ဍာငွေ အများဆုံး သယ်ပိုးထမ်းဆောင်နိုင်မှုစသည်တို့ကို အခြေခံ၍ စိစစ်ရွေးချယ် ခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြထားသည်။ ကမ္ဘောဇဘဏ်လီမိတက်သည်  ယမန်နှစ်ကလည်း Financial Times မှ ပေးအပ်သည့် Bank of the Year in Myanmar 2013  ဆုကို ရရှိခဲ့ပြီး ယခု နှစ်အတွက်ထပ်မံ၍ ရွေးချယ်ခံရသည့် အတွက် ဤဆုကို နှစ်နှစ်ဆက်တိုက် ရရှိခြင်းဖြစ်ကြောင်း သိရှိရပြီး ကမ္ဘာလုံး ဆိုင်ရာ စွမ်းဆောင်ရည်အကောင်းဆုံး Global Award ဆုကို  တရုတ်ပြည်သူ့ သမ္မတနိုင်ငံ  ICBC BANK မှ ရရှိခဲ့ ကြောင်း သိရသည်။     (သတင်းစဉ်)

No comments:

Post a Comment