Tuesday, December 2, 2014

ချင်းတောင်တန်းမြေဆီမခြောက်ခန်းဖို့ ဝိုင်းဝန်းကာကွယ်စို့

Photo: ချင်းတောင်တန်းမြေဆီမခြောက်ခန်းဖို့  ဝိုင်းဝန်းကာကွယ်စို့

အံ့မခန်းလှပသော တောင်စွယ်တောင်ထွတ်များ ဝန်းရံတန်ဆာဆင်ထားသည့်   ညီနောင်ချင်း တိုင်းရင်းသားတို့၏ မင်းတပ်တောင်ပေါ်မြို့လေး သည် ၂ဝဝ၈ ခုနှစ်နောက်ပိုင်း အလျင် အမြန် ဖွံ့ဖြိုးတိုးတက်လာသည်ကို ဒေသခံတို့က ဂုဏ်ယူနေကြသည်။

ပခုက္ကူမှ ကံမ၊  ပေါက်မြို့နယ်များအတွင်း သဲချောင်းများ၊ ရေကျော်များ၊ ဆော၊ ကျောက်ထု၊ ယောနယ်များအတွင်း ပုံတောင်ပုံညာတောင်ကြီးများနှင့်   အကွေ့အကောက်အတက်အဆင်း  ကြမ်းတမ်းသော တောင်ပေါ်လမ်းကျဉ်း  ၉၅ မိုင်ကို တစ်နေကုန်  နီးနီးဖြတ်သန်းပြီးမှ  ပင်လယ်ရေ မျက်နှာပြင်အထက် အမြင့်ပေ ၄၈၆ဝ တွင်ရှိသော  မင်းတပ်မြို့သို့ ရောက်နိုင်မည်ဖြစ်သည်။

မြို့ပေါ်တွင် ရုံး၊ ဈေး၊ စတိုးဆိုင်များ၊ ဘုရားစေတီ၊  ဘုန်းတော်ကြီးကျောင်းများ၊  ခရစ်ယာန် ဘုရားရှိခိုးကျောင်းများ စုံလင်စွာရှိသည်။ အိမ်များ ကြားတွင်  သော့ခတ်ထားသော  အိမ်ကလေးများ အများအပြား  တွေ့ရှိရာ တောင်ယာ၌ သွားရောက်အလုပ်လုပ်ကိုင်နေရ၍ဖြစ်ကြောင်း သိရသည်။

နွားနောက်၊ ပြောင်၊ တောင်ဆိတ်၊ တောဝက်စသည့် တိရစ္ဆာန်ဦးခေါင်းခွံများ ချိတ်ဆွဲထားသော ရိုးရာအိမ်များမှာ မုဆိုးအိမ်များဖြစ်သည်ဟု ဒေသခံများက ပြောပြသည်။ မင်းတပ်မြို့မှ ပန်းအော့၊ အမ်မရောင်းတောင်မှ နှစ်မိုင်ခန့် ခြေကျင် ခရီးဆက်လျှင် နေဝင်ချိန်ရောက်သော် ဆန်းကြယ်လှစွာ ထောင်မတ်နေသည့် ကျောက်ပြားကြီးရှိပြီး လူသံများကြားရသည်ဟု နာမည်ကြီးသော ကြယ်တံခွန်ဟု အဓိပ္ပာယ်ရသည့် အားလှီတောင်ရှိသည်။ အားလှီတောင်မှနေ၍ တစ်ဖက်တောင် သို့ လှမ်းမျှော်ကြည့်လျှင် ထယ်ပန်းရွာ၊ ဟီလောင်းရွာနှင့် အလောင်းစည်သူမင်းကြီး တည်ထားခဲ့သည့် ဓာတ်တော်၊ မွေတော်များရှိရာ သမိုင်းဝင်အမ်းဘုရားရှိသည်။ ဆန်းကြယ်သော ဌာပနာပစ္စည်းများရှိကာ ဒေသခံရွာသားများက သိမ်းဆည်း ထိန်းသိမ်းထားသည်ဟု သိရသည်။ မြင့်မားမတ်စောက်သော တောင်ကြီးများ၏အောက်ခြေတောင်ကြားချိုင့်ဝှမ်းအတွင်းတွင်   ချီချောင်းက   စီးဆင်းလျက် ယောနယ် ကျောက်ထုမြို့အနီးတွင် ယောချောင်းနှင့် ပေါင်းဆုံသည်။

ချမ်းအေးသော ရာသီဥတုနှင့် လေပြင်းတိုက်ခတ်မှုတို့ကြောင့် မိုးနှင့် ဆောင်း ရာသီတို့တွင်  မသိသာသော်လည်း  နွေရာသီ၌ အပူချိန်မြင့်မားလာသည်ကို ဒေသခံများ သတိထားသိရှိလာကြပြီဖြစ်သော မင်းတပ်မြို့နှင့် မိုင် ၂ဝ ပတ်ဝန်း ကျင်တွင် တောင်ယာစိုက်ခင်းများက တောင်ကြောများတစ်လျှောက်အပြည့်ရှိနေသည်။ ထင်းရှူးနှင့် အခြားသစ်ပင်ကြီးများ မရှိသလောက်နည်းပါးလာပြီဖြစ်သည်။

အသက်(၁၈) နှစ်ရှိပြီဖြစ်သော ဒေသခံလူငယ်လေးနှစ်ဦးက ချင်းတောင်ဒေသ၏ အမှတ်သင်္ကေတဖြစ်သော အောက်ချင်းငှက်ကို မမြင်ဖူးကြဟု ဆိုသည်။ မင်းတပ်နှင့် မိုင် ၂ဝ ကျော်ကွာဝေးသော ကန်ပက်လက်နှင့် မင်းတပ်မြို့နယ် ထိစပ်နေရာတွင် အောက်ချင်းငှက်များကို ၎င်းတို့စားသုံးသော သီးပင်များမှည့်ချိန်၌ အုပ်စုလိုက်တွေ့နိုင်သေးသည်ဟု ၎င်းတို့၏ဖခင်မုဆိုးကြီးက  ပြောပြသည်။

စိမ့်စမ်းရေတံခွန်များနှင့် တောင်ကြားချိုင့်ဝှမ်းအတွင်း စီးဆင်းလျက်ရှိသော ချီချောင်းမှ တစ်ပိုင်တစ်နိုင် ၁ဝ ကေဗွီ၊ ၅ ကေဗွီ ရေအားလျှပ်စစ်စက်ငယ်များဖြင့် မီးထွန်းလာချိန်တွင် ယခင်က ထင်းရှူးဆီမီးတိုင်သုံးသော ဓလေ့နှင့် ထင်းရှူးပင် အများစု ပျောက်ကွယ်သွားပြီဖြစ်သည်။

ညနေချိန်တွင် ကြားရသော မောင်းထောင်းသံ တဒုန်းဒုန်းနှင့် လူး၊ ဆပ်၊ ပြောင်း၊ ဆန် ကြိတ်ခွဲသံများ မကြားရတော့အောင် အစိုးရမဟုတ်သောအဖွဲ့အစည်း များ(တစ်နည်း NGO)မှ ပံ့ပိုးထားသော လက်လှည့်ကြိတ်ခွဲစက်လေးများက တာဝန်ယူနေကြပြီဖြစ်သည်။

သို့သော် သစ်ပင်ကြီးများကို မီးရှို့၍ရသော ပြာနှင့် သစ်ရွက်ဆွေးမြေသြဇာ ကြိုက်နှစ်သက်သော လူးနှင့် ဆပ်များမှာ ထွက်နှုန်းကျဆင်းလာသည်ဟု ဒေသခံများက ပြောပြသည်။ တောင်စောင်းတစ်လျှောက် ဖောက်လုပ်ထားသော လမ်းတစ်လျှောက်တွင် ငါးအိမ်စု၊ ခြောက်အိမ်စု ရွာငယ်လေးများ တွေ့နိုင်၍ လူး၊ ဆပ်၊ ပြောင်းနှင့် ဆန်ကို ရောနှော၍ စားကြသည်။ ဤဒေသတွင် ရှေးယခင်ကပင် ပိုင်ဆိုင်သည်ဆိုသော မြေပိုင်ရှင်များနှင့် လွတ်ကင်းသည့်မြေဟူ၍ မရှိဟုဆိုသည်။

ထို့ကြောင့် တစ်ဧကလျှင် သုံးသောင်းမှ တစ်သိန်းအထိ မြေအမျိုးအစားလိုက် သီးစားခပေး၍ စိုက်ပျိုးကြရသည်။ အမျိုးသမီး၊ ကလေးနှင့် လူကြီးများသာ တောင်ယာလုပ်ကိုင်ကြ၍ လူငယ်လူရွယ်များမှာ မြို့ကြီးများနှင့် အခြားနိုင်ငံများသို့ သွားရောက်အလုပ်လုပ်ကိုင်ကြသည်ဟု ပြောပြသည်။ မြေပြန့်မရှိသော တောင်စောင်းတစ်လျှောက် ဆောက်ထားသည့် အိမ်များသည် တောင်စောင်းမတ်စောက် သလောက် အောက်ခြေရောက်အောင်  ထောက်များ၊  တိုင်များဆက်စပ် တည်ဆောက်ရသည်ဖြစ်ရာ မြေပြန့်အိမ်တစ်လုံးထက် သစ်အသုံးပြုရမှု နှစ်ဆ သုံးဆအထိ ကုန်ကျသည်။

ကုလသမဂ္ဂကလေးများရန်ပုံငွေအဖွဲ့(UNICEF)နှင့် အစိုးရမဟုတ်သော အဖွဲ့အစည်းများ(NGO)မှ ရေပိုက်၊ ရေလှောင်ကန်များ တည်ဆောက်ပေးထား သကဲ့သို့ စိမ့်စမ်းရေတံခွန်များပေါများသည့်အတွက် ရေအခက်အခဲ နည်းပါးသော်လည်း တိုးတက်လာသော လူဦးရေနှင့် အိမ်ရာများအတွက်  ထင်းလောင်စာ အသုံးပြုရမှု ပိုမိုသက်သာသော ထင်းတစ်ချောင်းသုံးမီးဖိုများ အိမ်တိုင်းစေ့ သုံးစွဲနိုင်စေရန်၊ အိမ်ရာဆောက်လုပ်မှုပုံစံများ ပြောင်းလဲလာစေရန် နည်းပညာများ လိုအပ်လျက်ရှိကြောင်း၊ သက်တမ်းရင့်သစ်ပင်ကြီးများ အနည်းအကျဉ်းသာ ကျန်ရှိတော့ပြီး ဖုန်းဆိုးတောသာများနေသည့် ဤတောင်တန်းကြီးအနေဖြင့် ယခုလို သစ်(ထင်း) ထုတ်ယူသုံးစွဲနေမှုများကို ခံနိုင်ရည်မရှိတော့ကြောင်း၊ ရေရှည်တွင် စိုက်ပျိုးမြေအတွက်ပင် ခက်ခဲလာမည်ဖြစ်ကြောင်း ညပိုင်းခေါင်ရည်ပွဲတွင် ဒေသခံလူကြီးများ၏ ပြောပြချက်အရ သိရသည်။

ထိုထိုသော အကြောင်းခြင်းရာများကြောင့် သဘာဝအလှတရာများဖြင့် သာယာလှပနေသော မင်းတပ်မြို့ ပတ်ဝန်းကျင်   ချင်းတောင်တန်းကြီးများ ကျောက်သားပကတိတောင်ကုန်းများအဖြစ်သို့   ရောက်ရှိမသွားစေရေးအတွက်  သက်ဆိုင်ရာတာဝန်ရှိသူများအပိုင်းက အသိပညာပေးလုပ်ငန်းများ၊ ပံ့ပိုးကူညီမှု လုပ်ငန်းများ ပိုမိုတိုးတက်လုပ်ဆောင်ပေးရန်လိုအပ်သကဲ့သို့ ဒေသခံများအနေ ဖြင့်လည်း မိမိတို့တတ်စွမ်းသမျှ ဝိုင်းဝန်းထိန်းသိမ်းလုပ်ဆောင်ပေးကြရန် လိုအပ် ပါကြောင်း။ ။

သတင်း-ကိုကိုနေ၊ ဓာတ်ပုံ-နန္ဒ

No comments:

Post a Comment