Monday, December 29, 2014

(၆၇)ကြိမ်မြောက် တိပိဋကဓရ၊ တိပိဋကကောဝိဒရွေးချယ်ရေးစာမေးပွဲ ဖွင့်ပွဲအခမ်းအနားကျင်းပ

Photo: (၆၇)ကြိမ်မြောက် တိပိဋကဓရ၊ တိပိဋကကောဝိဒရွေးချယ်ရေးစာမေးပွဲ ဖွင့်ပွဲအခမ်းအနားကျင်းပ

ရန်ကုန်    ဒီဇင်ဘာ   ၂၈

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် သာသနာရေးဝန်ကြီးဌာန သာသနာရေးဦးစီးဌာနက ကြီးမှူးကျင်းပသည့် (၆၇)ကြိမ်မြောက် တိပိဋ ကဓရ၊ တိပိဋကကောဝိဒ ရွေးချယ်ရေး စာမေးပွဲဖွင့်ပွဲ အခမ်းအနားကို ၁၃၇၆ ခုနှစ် ပြာသိုလဆန်း ၈ ရက်  ယနေ့ နံနက် ၈ နာရီခွဲတွင်  ရန်ကုန်မြို့ သီရိမင်္ဂလာကမ္ဘာအေးကုန်းမြေရှိ ဝိဇ ယမင်္ဂလာဓမ္မသဘင်၌ ကျင်းပသည်။

အဆိုပါ   အခမ်းအနားသို့   နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဥက္ကဋ္ဌ ဆရာတော်  မန္တလေးမြို့  ဗန်းမော်ကျောင်းတိုက်ဆရာတော် အဘိဓဇ မဟာရဋ္ဌဂုရု အဘိဓဇအဂ္ဂမဟာ သဒ္ဓမ္မ ဇောတိက     ဒေါက်တာဘဒ္ဒန္တ   ကုမာရာဘိဝံသ၊ တိပိဋကဓရ၊ တိပိဋ ကကောဝိဒရွေးချယ်ရေးအဖွဲ့ သြဝါဒါ စရိယဥက္ကဋ္ဌ ရန်ကုန်တိုင်းဒေသကြီး   လှိုင်သာယာမြို့နယ် သာသနာ့ဂုဏ် ရည်ကျောင်းတိုက် ပဓာနနာယကအဂ္ဂ မဟာပဏ္ဍိတ  ဘဒ္ဒန္တပညိဿရာဘိဝသနှင့်  နိုင်ငံတော်သံဃမဟာနာယက ဆရာတော်ကြီးများ၊  တိပိဋကဓရ ရွေးချယ်ရေးအဖွဲ့   သြဝါဒါစရိယဆရာတော်ကြီးများ၊  စာထောက်စာမဆရာတော်ကြီးများ၊ စာပြန်သံဃာတော်များ ကြွရောက်တော်မူကြပြီး သာသနာရေး ဝန်ကြီးဌာန  ပြည်ထောင်စုဝန်ကြီး ဦးစိုးဝင်းနှင့်   ဖိတ်ကြားထားသည့် ဧည့်သည်တော်များ၊ အလှူရှင်များ တက်ရောက်ကြည်ညိုကြသည်။ 

အခမ်းအနားတွင် တိပိဋကဓရ၊ တိပိဋကကောဝိဒရွေးချယ်ရေးအဖွဲ့ သြဝါဒါစရိယဥက္ကဋ္ဌ ဘဒ္ဒန္တပညိဿရာ ဘိဝံသထံမှပရိသတ်များက ငါးပါးသီလ ခံယူဆောက်တည်ကြပြီး  ဆရာတော်များ ချီးမြှင့်အပ်သော ပရိတ်တရားတော်များကို နာယူကြသည်။ယင်းနောက် နိုင်ငံတော် သံဃမဟာနာယက အဖွဲ့ဥက္ကဋ္ဌ ဒေါက်တာဘဒ္ဒန္တကုမာ ရာဘိဝံသထံမှ သာရဏီယသြဝါဒကထာကို နာယူကြသည်။ 

ထို့နောက် သာသနာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးစိုးဝင်းက သာသနာရေးဆိုင်ရာများကို လျှောက်ထားသည်။ 

ယင်းနောက် အလှူရှင်များက အလှူငွေများ ပေးအပ်လှူဒါန်းပြီး နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဥက္ကဋ္ဌ ဒေါက်တာဘဒ္ဒန္တကုမာရာဘိဝံသထံမှ အနုမောဒနာတရားနာကြားကြပြီး လှူဒါန်းမှုအစုစုအတွက် ရေစက်သွန်းချ အမျှပေးဝေကြသည်။ 

ထို့နောက် တိပိဋကဓရ၊  တိပိဋက ကောဝိဒစာမေးပွဲဝင် သာသနာ့အာဇာနည်များအား  ဓမ္မာသနပလ္လင် တော်များပေါ်သို့  ကနက္ကဒဏ်ထီးဖြူ တော်များမိုး၍ ပင့်ဆောင်ကြပြီး ဖွင့်ပွဲအခမ်းအနားကို ရုပ်သိမ်းလိုက်သည်။

တိပိဋကဓရ၊   တိပိဋကကောဝိဒ ရွေးချယ်ရေးစာမေးပွဲကို နှစ်စဉ် ၃၃ ရက်ကြာကျင်းပပြီး   ပိဋကတ်သုံးပုံ အာဂုံပိုင်းတွင် ဝိနည်းငါးကျမ်း၌ အရှေ့ပိုင်း နှစ်ကျမ်းစာမျက်နှာပေါင်း ၈၅၁ မျက်နှာကို  ခြောက်ရက်ပြန်ဆိုရပြီး အောင်မြင်ပါက ''ဥဘတောဝိဘင်္ဂ ဓရ''အသိအမှတ်ပြု  အောင်လက်မှတ် ဆက်ကပ်သည်။ ဝိနည်းနောက်ပိုင်း သုံးကျမ်းစာမျက်နှာပေါင်း ၁၄ဝ၉ မျက်နှာကို ကိုးရက်ပြန်ဆိုရပြီး အောင်မြင်ပါက  ''ဝိနယဓရ'' ဘွဲ့တံဆိပ်နှင့် အဆောင်အယောင် ဆက်ကပ်သည်။

သုတ္တန္တပိဋကသုတ်သုံးကျမ်း  စာမျက်နှာပေါင်း ၇၇၉ မျက်နှာကို ကိုးရက် ပြန်ဆိုအောင်မြင်ပါက ''ဒီဃဘာဏက'' ဘွဲ့တံဆိပ်နှင့် အဆောင်အယောင်များ ဆက်ကပ်သည်။

အဘိဓမ္မာရှေ့ပိုင်း ငါးကျမ်းစာမျက် နှာပေါင်း ၁၃၉ဝ ရှိရာ ဓမ္မသင်္ဂဏီ တစ်ကျမ်း သုံးရက်၊ ဝိဘင်း တစ်ကျမ်း ကို သုံးရက်၊   ဓာတုကထာ တစ်ကျမ်း ကို တစ်ရက်၊ ပုဂ္ဂလပညတ်တစ်ကျမ်း ကို တစ်ရက်၊ ကထာဝတ္ထု တစ်ကျမ်း ကို သုံးရက်စုစုပေါင်း ၁၁ ရက်ပြန်ဆို အောင်မြင်ပါက ''မူလအာဘိဓမ္မိက''အောင်လက်မှတ် ဆက်ကပ်သည်။

အဘိဓမ္မာ နောက်ပိုင်းနှစ်ကျမ်းကို စာမျက်နှာပေါင်း ၃၅၉၇ မျက်နှာရှိရာ ယမကပါဠိတော်သုံးကျမ်းကို ခြောက်ရက်၊ ပဋ္ဌာနပါဠိတော် ငါးကျမ်းကို ၁၂ ရက် စုစုပေါင်း ၁၈ ရက် အာဂုံ ပြန်ဆိုအောင်မြင်တော်မူပါက ပိဋကတ်သုံးပုံအာဂုံဆောင် ''တိပိဋကဓရ''ဘွဲ့တံဆိပ်တော်နှင့်  အဆောင်အယောင်များဆက်ကပ်သည်။ ဝိနည်း ရှေ့ပိုင်းမှ အဘိဓမ္မာနောက်ပိုင်းထိ စုစုပေါင်း ၅၃ ရက်တိုင်တိုင် ပြန်ဆိုရသည်။ ပိဋကတ်သုံးပုံ အာဂုံပြန်ဆိုပွဲကို တစ်ရက်လျှင် နံနက်ပိုင်း ၈ နာရီမှ ၁ဝ နာရီထိ  လေးချိန်၊  နေ့ခင်းပိုင်းကို မွန်းလွဲ ၁ နာရီမှ ညနေ ၄ နာရီထိ ငါးကြိမ်၊ တစ်ကြိမ်လျှင် ၂၅ မိနစ်  ပြန်ဆိုရပြီး ၁ဝ မိနစ်နားဖြင့် စုစုပေါင်း ကိုးကြိမ်ပြန်ဆိုရသည်။

ပိဋကတ်သုံးပုံ   ရေးဖြေပိုင်းတွင် ဝိနည်းရှေ့ပိုင်းနှစ်ကျမ်း ၈၅၁ မျက်နှာ ကို တစ်ရက်လျှင်   လေးနာရီမေးခွန်း နှစ်ရက်ဖြေဆိုရသည်။ ဖြေဆိုရာတွင် အောင်မှတ် ၇၅ မှတ်ဖြစ်ပြီး  ရေးဖြေအောင်မြင်ပါက ''ဥဘတောဝိဘင်္ဂ ကောဝိဒ''ဘွဲ့လက်မှတ်ဆက်ကပ်ပါသည်။ ဝိနည်းနောက်ပိုင်း သုံးကျမ်း စာမျက်နှာ ၁၄ဝ၉ မျက်နှာကို သုံးရက် ရေးဖြေအောင်မြင်ပါက   ''ဝိနယ ကောဝိဒ'' ဘွဲ့တံဆိပ်နှင့်  အဆောင် အယောင်များ ဆက်ကပ်သည်။

သုတ္တန္တပိဋကသုတ်  သုံးကျမ်း ၇၇၉ မျက်နှာအား သုံးရက် ပါဠိတော်၊ အဋ္ဌကထာ၊ ဋီကာများဖြေဆိုအောင်မြင် ပါက ''ဒီဃနိကာယကောဝိဒ''  အောင်လက်မှတ်နှင့်   ဘွဲ့တံဆိပ် အဆောင်အယောင်များ   ဆက်ကပ်သည်။ ဝိနည်းနှင့် ဒီဃနိကာယ်ပြန် ဆို/ရေးဖြေအောင်မြင်လျှင် ဒွိပိဋ ကဓရ၊ ဒွိပိဋကကောဝိဒပိဋကတ်နှစ်ပုံ ဆောင်ဟု သတ်မှတ်သည်။ ဂုဏ်ထူး အမှတ်မှာ (၈ဝ)ဖြစ်ပြီး   ဂုဏ်ထူး ဖြင့်အောင်မြင်ပါက ဘွဲ့တံဆိပ်တော် များ၏အရှေ့၌ ''ဝိသိဋ္ဌ''ဘွဲ့ ဂုဏ်ထူး ချီးမြှင့်ပေးသည်။

အဘိဓမ္မာ   ရှေ့ပိုင်းငါးကျမ်း စာမျက်နှာပေါင်း ၁၃၉ဝ ပါဠိတော်၊ အဋ္ဌကထာ၊ ဋီကာများအား  ငါးရက်ရေးဖြေအောင်မြင်ပါက    ''မူလ အဘိဓမ္မကောဝိဒ''  အောင်လက်မှတ် ဆက်ကပ်သည်။

အဘိဓမ္မာနောက်ပိုင်း  နှစ်ကျမ်း ၃၅၉၇ မျက်နှာအား လေးရက်ရေးဖြေအောင်မြင်ပါက ''တိပိဋကကောဝိဒ'' ဘွဲ့တံဆိပ်နှင့် အဆောင်အယောင်များ ဆက်ကပ်သည်။ ပိဋကတ်သုံးပုံ ရေးဖြေပွဲကို ဝိနည်းရှေ့ပိုင်းမှ အဘိ ဓမ္မာနောက်ပိုင်းထိ ကျမ်းစာအုပ်ပေါင်း ၂ဝ မှ   ပါဠိတော်၊  အဋ္ဌကထာ၊ ဋီကာ တို့ကို  ရေးဖြေ ၁၇ ရက်  ဖြေဆိုရ သည်။ ပိဋကတ်သုံးပုံကျမ်းစာအုပ် ပေါင်း ၂ဝ မှ စာမျက်နှာပေါင်း ၈ဝ၂၆ မျက်နှာကို အာဂုံပြန်ဆိုနိုင်ခြင်း၊ အဋ္ဌ ကထာ၊ ဋီကာ၊ အနုဋီကာ၊ ယောဇနာ၊ ဂဏ္ဌိ၊ အနုဂဏ္ဌိ စသော ကျမ်းများမှ သဘောရေးဖြေ  အောင်မြင်တော်မူ ခြင်းတို့ကို အောင်မြင်တော်မူမှသာ လျှင်''တိပိဋကဓရ၊ တိပိဋက ကောဝိဒ'' ဘွဲ့တံဆိပ်တော်ကို ချီးမြှင့်ဆက်ကပ် လှူဒါန်းခြင်းဖြစ်သည်။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ တော်၌ ပရိယတ္တိသာသနာတော်အဓွန့် ရှည်စွာ သန့်ရှင်းတည်တံ့ ခိုင်မြဲထူးကဲ ပြန့်ပွားစည်ပင်စေရန်၊ ပိဋကတ်သုံး ပုံကို နှုတ်ငုံဆောင်နိုင်သည့် သာသနာ့ အာဇာနည်အရှင်မြတ်တို့   စဉ်ဆက် မပြတ်ပေါ်ထွက်စေရန်နှင့် ဗုဒ္ဓမြတ်စွာသာသနာတော်တွင်း၌ ဘုန်း ကံပါရမီထူး၊ ဉာဏ်ပညာထူးနှင့်ပြည့်စုံသော ပုဂ္ဂိုလ်ထူးတို့ကို   ဖော်ထုတ်၍ သာသနာတော်ကို အားပေးချီးမြှောက်ရာတွင် အဆင့်အတန်းမြင့်မားစွာ အားပေးချီးမြှောက် ထောက်ပံ့နိုင်ရန် ဟူသော ရည်ရွယ်ချက်ကြီး (၃)ရပ်တို့ ဖြင့် တိပိဋကဓရ၊ တိပိဋကကောဝိဒ ရွေးချယ်ရေးစာမေးပွဲကြီးကို နှစ်စဉ် ကျင်းပခဲ့ခြင်းဖြစ်ကြောင်း သတင်းရရှိ သည်။  (သတင်းစဉ်)

No comments:

Post a Comment