Monday, December 29, 2014

သမိုင်းဝင်သမိုင်းတွင်မည့် မြန်မာ့လွတ်လပ်ရေးနေ့ ဗိုလ်ရှုခံအခမ်းအနားတွင် မြန်မာနိုင်ငံကင်းထောက်အဖွဲ့ ပါဝင်ချီတက်ဂါရဝပြုကြမည်


 

ရန်ကုန် ဒီဇင်ဘာ ၂၈
 

နေပြည်တော်၌ ကျင်းပမည့်၂ဝ၁၅ ခုနှစ် (၆၇)နှစ်မြောက် လွတ်လပ်ရေးနေ့ ဗိုလ်ရှုခံအခမ်းအနားကို ခမ်းနားထည်ဝါအောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် အဘက်ဘက်က ကြိုတင်ပြင်ဆင်ပြီးဖြစ်သည်။

ယခင် လွတ်လပ်ရေးနေ့ ဗိုလ်ရှုခံအခမ်းအနားများ၌ အလံကိုင်တပ်ဖွဲ့ဝင်များ၊ စစ်တီးဝိုင်းတပ်ဖွဲ့များနှင့် စစ်ရေးပြတပ်ဖွဲ့များနှင့်အတူ ပါဝင်စစ်ရေးပြ ချီတက်ခဲ့သော မြန်မာနိုင်ငံကင်းထောက်လူငယ်များ၏ အစဉ်အလာအတိုင်း ယခု အသစ်တစ်ဖန် ပြန်လည်ဖွဲ့စည်းထားပြီးဖြစ်သည့် လက်ရှိမြန်မာနိုင်ငံ ကင်းထောက်အဖွဲ့လူငယ်များကလည်း ယခုနှစ် ကျင်းပမည့် လွတ်လပ်ရေးနေ့ ဗိုလ်ရှုခံအခမ်းအနားတွင် တပ်မတော်(ကြည်း၊ရေ၊လေ)မှ အလံကိုင်တပ်ဖွဲ့များ၊ စစ်တီးဝိုင်းတပ်ဖွဲ့များ ရှေ့ဆောင်ကာ အင်အား ၇၁၂၈ ဦးတို့နှင့်အတူ နိုင်ငံတော်သမ္မတကြီးအား ချီတက်ဂါရဝအလေးပြုကြမည်ဖြစ်သည်။

နိုင်ငံတော်အရေးတွင် စံနမူနာပြလုပ်ဆောင်ချက်များနှင့်အတူရှိခဲ့သည့် မြန်မာနိုင်ငံကင်းထောက်အဖွဲ့ကြီး၏ သမိုင်းဝင်သမိုင်းတွင်မည့် ပုံရိပ်များအပေါ် သိမီသူအချို့ထံ မြန်မာ့သတင်းစဉ်အဖွဲ့က သွားရောက်တွေ့ဆုံမေးမြန်းခဲ့သည် ကို ဖော်ပြလိုက်ပါသည်။

ဦးတင်ညို [ဥက္ကဋ္ဌ၊ မြန်မာနိုင်ငံကင်းထောက်အဖွဲ့(ယာယီ)]

မြန်မာနိုင်ငံမှာ မှတ်တမ်းတွေအရ အမျိုးသမီးကင်းထောက်တွေက ၁၉၁၆ ခုနှစ်က စခဲ့တယ်။ အမျိုးသားကင်းထောက်က ၁၉၂ဝ မှာ စခဲ့တယ်လို့ဆိုပါတယ်။ တစ်ကမ္ဘာလုံးမှာတော့ ၁၉ဝ၈ ခုနှစ်လောက်က ဒီကင်းထောက်လုပ်ငန်းကို အစပျိုးခဲ့တာ။ အဲဒီနောက်ပိုင်း မကြာခင်ပဲ မြန်မာနိုင်ငံမှာ ကင်းထောက် အမျိုးသား၊အမျိုးသမီးအဖွဲ့တွေဖွဲ့လာခဲ့တယ်။အဲဒီအချိန်တုန်းက မြန်မာနိုင်ငံက အရှေ့တောင်အာရှတစ်ခွင်မှာ ကင်းထောက်လုပ်ငန်းကို တော်တော်လေး အောင်အောင်မြင်မြင် လှုပ်ရှားလာနိုင်ခဲ့တယ်။

မြန်မာနိုင်ငံရဲ့ ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌဖြစ်ခဲ့တဲ့ ဦးဘဌေးဆိုရင် အာရှ-ပစိဖိတ်ရဲ့ ကင်းထောက်အဖွဲ့မှာ အရင်ဆုံးဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ခဲ့တယ်။ အလားတူပဲ အဲဒီအချိန်တုန်းက မြန်မာနိုင်ငံမှာ အစဉ်အဆက်ရှိနေခဲ့တဲ့ နိုင်ငံတော်အကြီးအကဲ စဝ်ရွှေသိုက်၊ မန်းဝင်းမောင် သမ္မတကြီးတွေအားလုံးဟာ ကင်းထောက်အကြီးအကဲတွေအနေနဲ့ တာဝန်ယူခဲ့တယ်။ ဒါ မြန်မာနိုင်ငံရဲ့ အစဉ်အဆက်ပေါ့။အဲဒါအပြင် နိုင်ငံတော်ဝန်ကြီးချုပ် ဦးနုကိုယ်တိုင်က ကင်းထောက်ကြီးပဲ။ အဲဒီအချိန်တုန်းကပဲ ဝန်ကြီးချုပ် ဦးနုရဲ့ဇနီး ဒေါ်မြရီ ကလည်း အမျိုးသမီးကင်းထောက်အဖွဲ့ဥက္ကဋ္ဌကြီး။ အမျိုးသမီးကင်းထောက် မင်းကြီးချုပ်က ဒေါ်ခင်ကြည်ပဲ။ ဟိုတုန်းက ဒီကင်းထောက်အဖွဲ့အစည်းမှာ ဒီလိုပုဂ္ဂိုလ်တွေကနေ ကျက်သရေဆောင် နာယကတွေ ဥက္ကဋ္ဌအဖြစ်နဲ့ တော်တော်ကိုအောင်အောင်မြင်မြင်ဆောင်ရွက်နိုင်ခဲ့တယ်။ မြန်မာနိုင်ငံတွင်သာမက ကျန်တဲ့နိုင်ငံတွေနဲ့လည်း ချိတ်ဆက်ပြီးတော့ ဆောင်ရွက်သွားနိုင်ခဲ့တယ်။ နိုင်ငံတကာရဲ့ ကင်းထောက် တွေ့ဆုံပွဲတွေတက်ခဲ့တယ်။

အဲဒီတုန်းက ကင်းထောက်တွေရဲ့ လှုပ်ရှားမှုတွေက အောင်မြင်တဲ့အတွက် တော်တော်လေးကို နာမည်ကောင်းရခဲ့တယ်။ ဟိုတုန်းက ကင်းထောက်လေးတွေရဲ့ အရည်အသွေးကော အရည်အချင်းပါ အကုန်လုံး ပြည့်ပြည့်စုံစုံနဲ့ ဆောင်ရွက်လာနိုင်ခဲ့တယ်။ ဒါပေမယ့် ၁၉၆၄ ခုနှစ် မတ် ၁ ရက်မှာ ကင်းထောက်အဖွဲ့ကို ဖျက်သိမ်းခဲ့တယ်။ ကင်းထောက်လှုပ်ရှားမှုရပ်ဆိုင်းသွားတယ်။ အခု ပြန်ပြီးတော့ ဒီကင်းထောက်ကို ဖွဲ့စည်းနိုင်ဖို့အတွက် လမ်းညွှန်တာက လက်ရှိ နိုင်ငံတော်သမ္မတကြီးပါပဲ။သမ္မတကြီးက ပညာရေးဝန်ကြီးဌာနကို လမ်းညွှန်လိုက်တယ်။ ဟိုတုန်းက ကင်းထောက်က ဝန်ကြီးဌာန အခြေပြုတာ မဟုတ်ဘူး။ သက်ဆိုင်ရာ တိုင်းဒေသကြီး၊ ပြည်နယ်၊ ခရိုင် အကုန်လုံးကို အခြေပြုတာ။ ၂ဝ၁၂ ခုနှစ် နိုဝင်ဘာလမှာ ဟိုတုန်းက ကင်းထောက်ကြီးတွေ စုစည်းပြီး ဗဟိုအဆင့် ဆရာဖြစ်သင်တန်းပေးခဲ့တယ်။ ၂ဝ၁၃ ခုနှစ် နေပြည်တော်မှာ ကင်းထောက်တွေ့ဆုံပွဲတွင် ကင်းထောက်လေးတွေ ၅ဝဝကျော် တက်ရောက်ခဲ့ကြတယ်။

ကင်းထောက်ဆိုတာဟာ ဝတ်စုံဝတ်ရုံမျှနဲ့ကင်းထောက်မဖြစ်ဘူး။ တတ်သိ တတ်အပ်တဲ့ အသိပညာ၊ တတ်သိတတ်အပ်တဲ့ ကျွမ်းကျင်မှု။ပိုပြီးတော့ အရေးကြီးတာက ရှိသင့်ရှိထိုက်တဲ့ စိတ်ဓာတ်။ အဲဒါရှိမှသာ ကင်းထောက်ဖြစ်တာ။ အဲဒါတွေ ကလေးတွေကို လေ့လာခိုင်းတယ်။ သင်ကြားပေးလိုက်တဲ့အတွက် အခြေခံခြေနု တစ်စိတ်ရသွားပြီးတဲ့နောက် ကင်းထောက်ကလေးတွေဖြစ်သွားတယ်။

ကင်းထောက်ကလေးဖြစ်ဖို့အတွက်ကလည်း ကတိခံပြီးမှ ကင်းထောက် ဖြစ်တယ်။ ကင်းထောက်မှာ ကတိသုံးပါးနဲ့ ကျင့်ဝတ် ၁ဝ ပါးကို ကောင်းကောင်း လိုက်နာနိုင်ပြီး ကိုယ်ကိုယ်တိုင်က အဲဒီကတိနဲ့ကျင့်ဝတ်ကို လိုက်နာခံယူတဲ့ ကလေးမှ ကင်းထောက်အဖြစ်နဲ့ရတယ်။

ပြီးခဲ့တဲ့၂ဝ၁၃ ခုနှစ် မေ ၁ ရက်မှာ ပြင်ဦးလွင်မှာရှိတဲ့ သဘာဝဥယျာဉ် ထဲမှာ သမ္မတကြီးကိုယ်တိုင် ကတိခံယူသွားတယ်။ဒါသိပ်အရေးကြီးတယ်။ နိုင်ငံတော်အကြီးအကဲတွေ တော်တော်များများ ကတိခံပြီးမှ ကင်းထောက်ချုပ်ဖြစ်တယ်။ သမ္မတကြီးကိုယ်တိုင်က စနစ်တကျနဲ့ကို ကတိခံယူသွားလိုက်တဲ့အတွက် သမ္မတကြီးသည် ယနေ့ မြန်မာနိုင်ငံရဲ့ ကင်းထောက်ချုပ်ကြီး ဖြစ်သွားတယ်။

ဟိုတုန်းက ကျွန်တော်တို့ကနယ်မှာ။ ၁၉၆ဝ လောက်က ရန်ကုန် ကြည့်မြင်တိုင် ကောလိပ်မှာ ကျောင်းတက်တော့ ပြည်လမ်းမှာ ကျင်းပတဲ့ ဗိုလ်ရှုသဘင် အခမ်းအနားကို အဆောင်ကနေ သွားကြည့်ဖူးတယ်။ နိုင်ငံတော်သမ္မတကြီးကို ချီတက်အလေးပြုတာတွေ မြင်ရတော့ မြန်မာ့လွတ်လပ်ရေးကို ကာကွယ်ထိန်းသိမ်းစောင့်ရှောက်ဖို့ အင်မတန်စိတ်အားထက်သန်လာမိတယ်။ အခုလို အချိန်မှာ ကင်းထောက်ကလေးတွေ ပါဝင်ဆောင်ရွက်ရမယ်ဆိုတော့ သူတို့လေး တွေအတွက် အင်မတန်ဂုဏ်ယူပါတယ်။

အခုကြည့်ရင် သိပါလိမ့်မယ်။ သမ္မတကြီးက နိုင်ငံတကာက ခေါင်းဆောင်ကြီးတွေ လာလို့ရှိရင် ကြိုတာက နှစ်ဖွဲ့ပဲ ကြိုတယ်။ တစ်ဖွဲ့က ဂုဏ်ပြုတပ်ဖွဲ့၊ တပ်ဖွဲ့က ကင်းထောက်။ အဲဒါသည်ပင်လျှင် မြန်မာနိုင်ငံအတွက် နိုင်ငံတော် သမ္မတကြီး ကင်းထောက်ကလေးတွေအပေါ်မှာ ဖွံ့ဖြိုးအောင်လုပ်ဖို့ ဆန္ဒနဲ့ စေတနာရှိတယ်ဆိုတာ ညွှန်းပြနေပါတယ်။

ဒေါ်ခင်စောဥမ္မာ [ဒုတိယဥက္ကဋ္ဌ၊မြန်မာနိုင်ငံအမျိုးသမီးကင်းထောက်အဖွဲ့ (ယာယီ)]

ဗိုလ်ရှုသဘင်ဆိုတာကို ကျွန်မတို့ငယ်ငယ်တုန်းက မောင်နှမတွေသွားပြီးတော့ ကြည့်ကြတာပေါ့။ ပြည်လမ်းကြီးမှာ ဗိုလ်ရှုသဘင်နေရာကြီးရှိပါတယ်။ အဲဒီမှာဆိုလို့ရှိရင် သီချင်းတောင်ရှိသေးတယ်။''ကြည်း၊ရေ၊လေ စစ်သမီးမကျန်ရ''ဆိုတဲ့ သီချင်းအတိုင်းပဲ။ ကြည်းတပ်၊ရေတပ်၊လေတပ် အကုန်လုံးပဲ နိုင်ငံတော် သမ္မတကို အလေးပြုကြတာပေါ့။လမ်းလျှောက်ပြီး အလေးပြုသလိုပဲ လေယာဉ် ပျံတို့နဲ့ဝေဟင်ကနေ ပျံသန်းအလေးပြုတာတွေကိုလည်း ငယ်ငယ်တုန်းက မြင်တွေ့ခဲ့ရတယ်။

အဲဒီတုန်းက ကင်းထောက်အမျိုးသမီးတွေပါသလား ဆိုတာကိုတော့ သိပ်မမှတ်မိတော့ဘူး။ အမျိုးသမီးတွေအနေနဲ့ဆိုရင် စစ်သမီးတွေ၊ စစ်ဗိုလ်မတွေ ချီတက်တာတွေ့ခဲ့ရတဲ့အတွက် အလွန်ကိုကြည့်လို့ကောင်းတယ်။

ကင်းထောက်အမျိုးသမီးတွေလည်း ဗိုလ်ရှုသဘင်အခမ်းအနားမှာ ပါဝင်ခွင့်ရမယ်ဆိုတာ သိလိုက်ရကတည်းက တော်တော်လေးဝမ်းသာမိတယ်။ အစတုန်းက ဗိုလ်ရှုသဘင်ကျင်းပရင် မြင်ရုံတွေ့ရုံပဲလို့ အောက်မေ့တာ။ အခုတော့ ကိုယ့်ရဲ့ ဒီအဖွဲ့အစည်း ပါဝင်ဆင်နွှဲရမယ်ဆိုတာ သိတဲ့အတွက်၊ ပါဝင်ခွင့်ရတဲ့ ကလေးအားလုံးအတွက် ဝမ်းသာတာပေါ့။

အခု ကျွန်မတို့ဆီက ကင်းထောက်အမျိုးသမီးငယ်တွေ ဗိုလ်ရှုသဘင်မှာ ပါဝင်ချီတက်ပါမယ်။ အလံကိုင်တပ်ဖွဲ့လည်းပါပါတယ်။ အမျိုးသား အမျိုးသမီး ကင်းထောက်လေးတွေ ဒီဇင်ဘာ ၂၂ ရက်မှာ ရထားနဲ့ နေပြည်တော်ကိုရောက်ရှိ ကြပါပြီ။ ညီညီညာညာလေး ချီတက်တတ်အောင် လေ့ကျင့်နေကြပါပြီ။

ဗိုလ်ရှုသဘင်အတွက် အခြေခံပညာဦးစီးဌာန အမှတ်(၁)၊(၂)၊(၃)က ကျောင်းသား ကျောင်းသူ ၁၂ဝ စီ ရွေးချယ်ပြီး အားလုံး ၇၂ဝ ရွေးချယ်ကာ ခေါ်သွားပါတယ်။ ယောက်ျားလေးတွေဆိုလို့ရှိရင် ဘောင်းဘီနက်ပြာအရှည်၊ အင်္ကျီဆိုရင် ကာကီရောင်လက်တိုပါ၊ ဦးထုပ်၊ခါးပတ်နဲ့ဖိနပ်အနက်ကလေးနဲ့။ မိန်းကလေးတွေကတော့ ခါတိုင်းတွေ့နေကျအတိုင်း စကတ်လေးနဲ့။အပေါ်က ဘလောက်အဖြူ၊ဦးထုပ်နဲ့။ ကင်းဘက်အဖြူ ယူနီဖောင်းအပြည့်အစုံ ဆင်ထားပါတယ်။

ကျွန်မတို့ ဒီဗိုလ်ရှုသဘင်အခမ်းအနား ကျင်းပတာကို ကြိုဆိုပါတယ်။ ဝမ်းလည်းသာတယ်။ ဘာဖြစ်လို့လည်းဆိုတော့ ကိုယ်ကိုယ်တိုင် ငယ်ငယ်တုန်းက တွေ့ခဲ့မြင်ခဲ့တာဖြစ်တယ်။ ဒါက ဘာကိုပြလဲဆိုတော့ ကိုယ့်တိုင်းပြည်နဲ့ အင်အား၊ စည်းလုံးမှုတွေ ရှိမယ်ပေါ့။အဲဒီအချိန်မှာ ဖွင့်မယ့်သီချင်းတွေ၊ ဇာတိသွေး ဇာတိမာန် ကိုယ့်တိုင်းပြည်ကို ချစ်တဲ့သီချင်း တွေကြားရမယ်။ ဒါတွေကို ကိုယ်တွေက မြင်ခဲ့တွေ့ခဲ့ပြီးပြီ။ အခု ကိုယ်တွေလည်း ပြန်ပြီးမြင်တွေ့ရမယ်၊ ကြားရမယ်ဆိုတော့ ပျော်သလိုပဲ။ ဒါတွေကို မမြင်တွေ့ မကြုံဖူးသေးတဲ့ လူငယ်တွေ၊ မျိုးဆက်သစ်တွေ မြင်ရ၊ ကြားရမှာ ဖြစ်တဲ့အတွက် ဗိုလ်ရှုသဘင် အခမ်းအနားမှာ ရရှိမယ့်အတွေ့အကြုံတွေ ကလေးတွေအတွက်လည်း အများကြီးကောင်းပါတယ်။ ကလေးတွေအတွက် အခု ဒါပထမဆုံးအကြိမ် တွေ့ကြုံ ရတာဖြစ်တဲ့အတွက် နောက်နှစ်တွေမှာလည်း ဒီလိုကျင်းပပြီး ပါဝင်ခွင့်ရဦးမယ် လို့မျှော်လင့်ပါတယ်။ ဝမ်းသာစရာပါ။

တပ်မတော်သားများနှင့် ပြည်သူ့သားကောင်းရတနာအရင်းအမြစ်များတစုတဝေးတည်း နိုင်ငံတော်သမ္မတအား ပါဝင်ချီတက်အလေးပြုကြမည့် (၆၇) နှစ်မြောက် မြန်မာ့လွတ်လပ်ရေးနေ့ ဗိုလ်ရှုခံအခမ်းအနားသည် မြန်မာနိုင်ငံတော်၏ အကြီးကျယ်ဆုံး၊ အခမ်းနားဆုံး သမိုင်းဝင်သမိုင်းတွင်မည့် အခမ်းအနားကြီးတစ်ရပ်အဖြစ် မော်ကွန်းတင် ကျန်ရစ်နေမည်မှာ အမှန်ပင် ဖြစ်ပါသည်။ (ခင်ချိုဝင်း)

No comments:

Post a Comment