Monday, December 29, 2014

ပြန်ကြားရေးဝန်ကြီးဌာန သတင်းထုတ်ပြန်ချက် ပုံနှိပ်ခြင်းနှင့်ထုတ်ဝေခြင်းလုပ်ငန်း အသစ်လျှောက်ထားခြင်းများနှင့် သက်တမ်းတိုးခြင်းများအား ခွင့်ပြုပေးနေမှု အခြေအနေ



ပြန်ကြားရေးဝန်ကြီးဌာနသည် ပြည်ထောင်စုအစိုးရ၏ သဘောတူညီချက်ဖြင့် ပုံနှိပ်ခြင်းနှင့်ထုတ်ဝေခြင်းလုပ်ငန်းနည်းဥပဒေများကို အမိန့်ကြော်ငြာစာအမှတ် (၄၈/၂ဝ၁၄)ဖြင့် ၂ဝ၁၄ ခုနှစ် အောက်တိုဘာ ၁ဝ ရက်တွင်ထုတ်ပြန်ခဲ့ပါသည်။ ပြန်ကြားရေးဝန်ကြီးဌာန စီမံခန့်ခွဲရေးကော်မတီက ပုံနှိပ်ခြင်းနှင့်ထုတ်ဝေခြင်းလုပ်ငန်း အသိအမှတ်ပြုလက်မှတ်အသစ်လျှောက်ထားခြင်း၊ ၁၉၆၂ ခုနှစ် ပုံနှိပ်သူများနှင့် ထုတ်ဝေသူများမှတ်ပုံတင်ဥပဒေအရ ထုတ်ပေးထားသည့် မှတ်ပုံတင်သက်သေခံလက်မှတ်ရရှိထားသူများ၏ သက်တမ်းတိုးလျှောက်ထားခြင်း၊ လုပ်ငန်းအမည်ပြောင်းခြင်းနှင့် ပုံနှိပ်သူ/ ထုတ်ဝေသူ အမည်ပြောင်းလျှောက်ထားခြင်းတို့ကို စီမံခန့်ခွဲရေးကော်မတီ အစည်းအဝေးများဖြင့် စိစစ်၍ခွင့်ပြုပေးလျက်ရှိပါသည်။

ထိုသို့ဆောင်ရွက်ပေးခဲ့ရာ ၂၆-၁၂-၂ဝ၁၄ ရက်က ပြုလုပ်သော ပြန်ကြားရေးဝန်ကြီးဌာန စီမံခန့်ခွဲရေးကော်မတီအစည်းအဝေးတွင် ပုံနှိပ်လုပ်ငန်းသက်တမ်းတိုး ၆ဝ နှင့် ထုတ်ဝေသူသက်တမ်းတိုး ၆၆ ဦး ပေါင်းသက်တမ်းတိုး ၁၂၆ ဦးအားလည်းကောင်း၊ ပုံနှိပ်လုပ်ငန်းအသစ် လျှောက်ထားသူနှစ်ဦး၊ ထုတ်ဝေခွင့်အတွက် အသစ်လျှောက်ထားသူ မဂ္ဂဇင်း ထုတ်ဝေခွင့် ခြောက်ဦး၊ အထွေထွေထုတ်ဝေခွင့် ၁ဝ ဦး ပေါင်းပုံနှိပ်လုပ်ငန်းနှင့် ထုတ်ဝေခွင့် ၁၄၄ ဦးတို့အား အသိအမှတ်ပြုလက်မှတ်များထုတ်ပေးရန် ခွင့်ပြုပေးခဲ့ပါသည်။ အသိအမှတ်ပြုလက်မှတ် အသစ်လျှောက်ထားသူများအနက် ဂျာနယ်ထုတ်ဝေခွင့်လျှောက်ထားသူ နှစ်ဦး တင်ပြလျှောက်ထားသော ဂျာနယ်များ၏ထုတ်ဝေခွင့်အမည်နှင့်ပတ်သက်၍ စိစစ်ဆဲဖြစ်ပါသည်။

ပုံနှိပ်ခြင်းနှင့်ထုတ်ဝေခြင်းလုပ်ငန်း နည်းဥပဒေများပြဋ္ဌာန်းသည့်၁ဝ-၁ဝ-၂ဝ၁၄ ရက်မှစ၍ ယနေ့အထိ ပုံနှိပ်လုပ်ငန်းအတွက် သက်တမ်းတိုး ၂၂၃ ဦးနှင့် အသစ်လျှောက်ထားသူ ၄၇ ဦးအားလည်းကောင်း၊ ထုတ်ဝေခြင်း လုပ်ငန်းအတွက် သက်တမ်းတိုး ၂၄၅ ဦးနှင့် အသစ်လျှောက်ထားသူ ၁၈၆ ဦးအားလည်းကောင်း စုစုပေါင်း ပုံနှိပ်ခြင်း၊ ထုတ်ဝေခြင်း၊ အသိအမှတ်ပြု လက်မှတ် ၇ဝ၁ စောင်အား စိစစ်ခွင့်ပြုပေးခဲ့ပြီးဖြစ်ပါသည်။

ဂျာနယ်ထုတ်ဝေခွင့်အသစ်လျှောက်ထားသူ ခြောက်ဦး၊ မဂ္ဂဇင်းထုတ်ဝေခွင့် အသစ်လျှောက်ထားသူတစ်ဦး၊ အထွေထွေထုတ်ဝေခွင့် အသစ်လျှောက်ထားသူတစ်ဦးနှင့် သက်တမ်းတိုးလျှောက်ထားသူတစ်ဦး၊ ပုံနှိပ်လုပ်ငန်း အသစ်လျှောက်ထားသူတစ်ဦးတို့ကို အချက်အလက်များ စိစစ်ဆောင်ရွက်ဆဲဖြစ်ကြောင်း သတင်းထုတ်ပြန်အပ်ပါသည်။

ပြန်ကြားရေးဝန်ကြီးဌာန

No comments:

Post a Comment