Monday, December 29, 2014

အင်ဒိုနီးရှားမှ စင်ကာပူသို့ ပျံသန်းလာသော အဲအာရှလေယာဉ် တစ်စင်းပျောက်ဆုံးနေ



 

ဂျကာတာ ဒီဇင်ဘာ ၂၈
 

အဲအာရှ လေကြောင်းလိုင်းပိုင် Airbus A 320-200 အမျိုးအစား လေယာဉ်အမှတ် QZ 8501သည် အင်ဒိုနီးရှားနိုင်ငံ ဆူရာဘာရာမှ စင်ကာပူသို့ ဒီဇင်ဘာ ၂၈ ရက် ဒေသစံတော်ချိန် နံနက် ၅ နာရီ မိနစ် ၂ဝ တွင် ထွက်ခွာပျံသန်းခဲ့ရာ နံနက် ၇ နာရီ ၂၄ မိနစ်မှစ၍ အဆက်အသွယ် ပြတ်တောက်သွားကြောင်း လေကြောင်းလိုင်းမှ အတည်ပြုပြောကြားသည်။

အဆိုပါ လေယာဉ်ပေါ်တွင် ခရီးသည် ၁၅၅ ဦးနှင့် လေယာဉ် အမှုထမ်းခုနစ်ဦး စုစုပေါင်း ၁၆၂ဦး လိုက်ပါလာသည်။ ၄င်းခရီးသည်များအနက် အင်ဒိုနီးရှားနိုင်ငံသား ၁၅၅ ဦး၊ တောင်ကိုရီးယား နိုင်ငံသားသုံးဦး၊ စင်ကာပူနိုင်ငံသားတစ်ဦး၊ မလေးရှားနိုင်ငံသားတစ်ဦး၊ ဗြိတိန်နိုင်ငံသားတစ်ဦး၊ ပြင်သစ်တစ်ဦးစသည်ဖြင့် အသီးသီးပါဝင်ကြကြောင်း အင်ဒိုနီးရှား ပို့ဆောင်ရေးဝန်ကြီးဌာနမှ လေကြောင်းပို့ဆောင်ရေးညွှန်ကြားရေးမှူး ဂျိုကိုမာယို အက်မိုဂျိုက ပြောကြားသည်။

အဲအာရှလေယာဉ်သည် သတ် မှတ်ထားသည့် လမ်းကြောင်းအတိုင်း ပျံသန်းနေခဲ့ပြီး ရာသီဥတုအခြေ အနေကြောင့် လမ်းကြောင်းပြောင်းလဲရန် လေယာဉ်ထိန်းချုပ်ရေးစခန်းသို့ အကြောင်းကြား တောင်းဆိုခဲ့ပြီး နောက် ယခုကဲ့သို့ အဆက်အသွယ်ပြတ်တောက်ခဲ့ခြင်း ဖြစ်သည်။ ယခုအခါ ပျောက်ဆုံး အဲအာရှလေယာဉ်အတွက် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းကို ဆောင်ရွက်နေပြီ ဖြစ်သည်။ အဆက်အသွယ် ပြတ်တောက်သွားစဉ်က လေယာဉ်သည် ဘော်နီယိုကျွန်းပေါ်ရှိ အနောက် ကာလီမန်တန်ပြည်နယ်ပွန်တီယာနပ်မြို့နှင့်အင်ဒိုနီးရှားတန်ကျွန်း ပန်တန်ဆိပ်ကမ်းအကြား ဂျာဗားပင်လယ်အော်အပေါ်တွင် ရှိနေခဲ့သည်ဟု အင်ဒိုနီးရှားလေကြောင်း ပို့ဆောင်ရေးဌာန အရာရှိတစ်ဦးက ပြောကြားသည်။ အဆိုပါ နေရာတွင် တိမ်ထူထပ်နေသည်ဟုလည်း ၎င်းကဆိုသည်။

''ကျွန်တော်တို့အနေနဲ့ ကုန်းမြေပေါ်မှာရော ပင်လယ်ပြင်မှာပါ စွမ်းအားကိုအပြည့်အသုံးချပြီး ရှာဖွေနေပါတယ်။ လေယာဉ်တည်ရှိရာ နေရာကို မကြာမီတွေ့ရှိရလိမ့်မည်ဟု မျှော်လင့်ကြောင်း'' အင်ဒိုနီးရှား အမျိုးသား ပို့ဆောင်ရေးလုံခြုံမှု ကော်မတီအကြီးအကဲ တာတန်ကူရာနီက ပြောကြားသည်။

စင်ကာပူ၊ မလေးရှား၊ သြစတြေးလျနိုင်ငံများက အဆိုပါ လေယာဉ်ရှာဖွေရေးလုပ်ငန်းအတွက် ကူညီရန် ကမ်းလှမ်းခဲ့ကြပြီး မလေးရှားက သင်္ဘောများနှင့်C-130 လေယာဉ်တစ်စင်း စေလွှတ်မည်ဟု ပြောကာ စင်ကာပူက C-130 လေယာဉ်တစ်စင်း ပို့ဆောင်ပေးမည်ဟု ပြောကြားကြောင်း တာဝန်ရှိသူများက ဆိုသည်။

အဲအာရှလေယာဉ် QZ8501 ပျောက်ဆုံးနေသည်မှာ အချိန်အတော်ကြာနေပြီဖြစ်ပြီး လေယာဉ်တွင် လေးနာရီခွဲစာ ပျံသန်းရန်သာ လောင်စာဆီပါရှိသည်ဟု သိရသည်။

အဆိုပါ လေယာဉ်ရှာဖွေရေး လုပ်ငန်းအတွက် အဲအာရှ အင်ဒိုနီးရှားမှ ရဟတ်ယာဉ်တစ်စင်း အင်ဒိုနီးရှား အမျိုးသားရှာဖွေရေးနှင့်ကယ်ဆယ်ရေးအေဂျင်စီမှ သင်္ဘောခြောက်စင်းနှင့်အတူ အင်ဒိုနီးရှား ရေတပ်မှ စောင့်ကြည့်ရေးလေယာဉ် တစ်စင်းတို့ကို ပို့ဆောင်ပေးခဲ့သည်ဟု ဒေသဆိုင်ရာ မီဒီယာများက ဖော်ပြသည်။

ရှာဖွေကယ်ဆယ်ရေးလုပ်ငန်း ဆောင်ရွက်နေသော လေယာဉ်များနှင့်ရဟတ်ယာဉ်များသည် ညပိုင်းအချိန်ရောက်ရှိလာသဖြင့် ရှာဖွေရေးလုပ်ငန်းများကို ခေတ္တရပ်ဆိုင်းပြီး ၄င်းတို့၏ စခန်းသို့ ပြန်သွားကြသည်ဟု အင်ဒိုနီးရှား အမျိုးသားရှာဖွေရေးနှင့် ကယ်ဆယ်ရေးမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

(ဆင်ဟွာ/ရိုက်တာ)

No comments:

Post a Comment