Tuesday, December 2, 2014

မြန်မာ-နော်ဝေ နှစ်နိုင်ငံဆက်ဆံရေးအတွက် ချစ်ကြည်ရင်းနှီးသည့် ကောင်းမွန်သောပြယုဂ်တစ်ခုဖြစ်

Photo: မြန်မာ-နော်ဝေ နှစ်နိုင်ငံဆက်ဆံရေးအတွက် ချစ်ကြည်ရင်းနှီးသည့် ကောင်းမွန်သောပြယုဂ်တစ်ခုဖြစ်

နေပြည်တော် ဒီဇင်ဘာ ၁

ပြည်ထောင်စုလွှတ်တော်နာယက ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းသည် နော်ဝေနိုင်ငံ ပဉ္စမမြောက် ဟာရယ်ဘုရင်နှင့်မိဖုရား ဆွန်ယာ ခေါင်းဆောင် သောကိုယ်စားလှယ်အဖွဲ့အား ယနေ့ညနေ ၃ နာရီခွဲတွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ ဇမ္ဗူသီရိဧည့်ခန်းမဆောင်၌ တွေ့ဆုံသည်။

ထိုသို့တွေ့ဆုံရာတွင် ပြည်ထောင်စု လွှတ်တော်နာယက သူရဦးရွှေမန်း က အဆွေတော် ဘုရင်မင်းမြတ်နှင့် မိဖုရားဦးဆောင်သော ချစ်ကြည်ရေး ကိုယ်စားလှယ်အဖွဲ့အား လှိုက်လှဲစွာ ကြိုဆိုပါကြောင်း၊ အဆွေတော်ဘုရင် မင်းမြတ်နှင့်မိဖုရား ယခုလို ချစ်ကြည် ရေးခရီးလာရောက်ခြင်းမှာ မြန်မာ-နော်ဝေနှစ်နိုင်ငံဆက်ဆံရေးအတွက် ချစ်ကြည်ရင်းနှီးသည့် ကောင်းမွန် သော ပြယုဂ်တစ်ခုဖြစ်ပါကြောင်း၊ အဆွေတော်၏ ခရီးစဉ်သည် မြန်မာ နိုင်ငံ၏ ဒီမိုကရေစီပြုပြင်ပြောင်းလဲမှုနှင့်ငြိမ်းချမ်းရေးဖော်ဆောင်မှုများကို လာရောက်အားပေးသည်ဟု ယုံကြည်ပါကြောင်း၊ မြန်မာနိုင်ငံ၏ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု လုပ်ငန်း စဉ်များတွင် ဆက်လက်ထောက်ခံ အားပေးသွားမည်ဟု မျှော်လင့်ပါ ကြောင်း၊ မိမိတို့လွှတ်တော်အနေဖြင့် မြန်မာနိုင်ငံ၏ ဒီမိုကရေစီပြုပြင် ပြောင်းလဲရေးနှင့် ပြည်တွင်းငြိမ်းချမ်း ရေးရရှိရေးတို့အတွက် ဝိုင်းဝန်း ကြိုးပမ်း အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါကြောင်း၊ မိမိ နော်ဝေနိုင်ငံသို့ ချစ်ကြည်ရေးခရီး ရောက်ရှိခဲ့စဉ်က အဆွေတော်ဘုရင် မင်းမြတ်နှင့်နော်ဝေနိုင်ငံပြည်သူများအနေဖြင့် ဒီမိုကရေစီနှင့်လူ့အခွင့် အရေးဆိုင်ရာကိစ္စရပ်များတွင် သက် ဝင်ယုံကြည်စွာ ဆောင်ရွက်လျက်ရှိ သည်ကို တွေ့ရှိခဲ့ရပါကြောင်း၊ ထူးခြားချက်အနေဖြင့် မေ ၁၇ ရက်တွင် ကျရောက်သော နော်ဝေ နိုင်ငံ အမျိုးသားနေ့ (Constitution Day) တွင် ကလေးသူငယ်များအား ဦးစားပေး၍ ပျော်ရွှင်စွာ ဆို တီး က ခုန်လျက် ဘုရင့်နန်းတော်သို့ ချီတက် စဉ် မိဘများနှင့် အခမ်းအနား တက်ရောက်လာသူ ပရိသတ်များက ဝိုင်းဝန်းအားပေးနေကြသည့် မြင်ကွင်း သည် မိမိရင်ထဲတွင် မမေ့နိုင်သော ကိစ္စဖြစ်သကဲ့သို့ လေးစားအတုယူစရာ လည်းကောင်းပါကြောင်း၊ အဆွေ တော်ဘုရင်မင်းမြတ်နှင့် မိဖုရား ကျန်းမာချမ်းသာပြီး နော်ဝေနိုင်ငံ ပြည်သူများ သာယာဝပြောစေရန် ဆုမွန်ကောင်း တောင်းအပ်ပါကြောင်း ဖြင့်ပြောကြားသည်။

ထို့နောက် နော်ဝေနိုင်ငံဘုရင် မင်းမြတ်က မိမိမြန်မာနိုင်ငံသို့ ရောက်ရှိသည့်အခါ မြန်မာနိုင်ငံ၏ သာယာလှပမှု များစွာကို တွေ့ရှိ ခံစားရပါကြောင်း၊ ခမ်းနားထည်ဝါ သော လွှတ်တော်ကြီးသို့ ရောက်ရှိ ချိန်တွင် ယခုလို လှိုက်လှိုက်လှဲလှဲ နွေးထွေးစွာ ကြိုဆိုသည့်အတွက် ဂုဏ်ယူဝမ်းမြောက်မိပါကြောင်း၊ မိမိ ၏ခရီးစဉ်သည် နော်ဝေ-မြန်မာ နှစ်နိုင်ငံ ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုများ ပိုမို တိုးတက်စေရေးအတွက် ရည်ရွယ် ပါကြောင်း၊ ယခုအချိန်အခါတွင် မြန်မာနိုင်ငံအနေဖြင့် ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးဟူသော ကြီး လေးသောတာဝန်ကြီးကို ထမ်းဆောင် နေရချိန်ဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံ၏ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးနှင့် ငြိမ်းချမ်းရေး ဖော်ဆောင်မှုကိစ္စရပ် များတွင် နော်ဝေနိုင်ငံအနေဖြင့် ဆက်လက်အားပေးကူညီ ဆောင်ရွက် သွားမည်ဖြစ်ပါကြောင်း၊ နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုများ ဆောင်ရွက် ရာတွင် အလျင်အမြန်ဆောင်ရွက် သင့်သည်များရှိသကဲ့သို့ စိတ်ရှည် သဘောထားကြီးစွာဖြင့် ဆောင်ရွက် သင့်သည်များလည်း ရှိပါကြောင်း၊ မြန်မာနိုင်ငံတွင် တိုင်းရင်းသား လူမျိုး ပေါင်းစုံရှိပြီး ပါတီများ များပြားသဖြင့် ရွေးကောက်ပွဲကို တရားမျှတစွာ ကျင်းပနိုင်ရေးသည်လည်း ကြီးလေး သော တာဝန်တစ်ရပ်ဖြစ်ပါကြောင်း၊ မိမိ၏ခရီးစဉ်မှသည် နှစ်နိုင်ငံ ဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက် ရေးဆိုင်ရာကိစ္စရပ်များ ပိုမိုတိုးတက် ကောင်းမွန်လာလိမ့်မည်ဟု မျှော်လင့် ပါကြောင်းဖြင့် ပြောကြားသည်။

အဆိုပါ တွေ့ဆုံပွဲသို့ ပြည် ထောင်စုလွှတ်တော်နာယကနှင့်အတူ ပြည်ထောင်စုလွှတ်တော် ဒုတိယ နာယက၊ ပြည်သူ့လွှတ်တော်ဒုတိယ ဥက္ကဋ္ဌ ဦးနန္ဒကျော်စွာ၊ ရထားပို့ဆောင် ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဌေး၊ ပြည်သူ့လွှတ်တော် ကော်မတီ ဥက္ကဋ္ဌများဖြစ်ကြသော ဦးသိန်းဆွေ၊ ဦးလှမြင့်ဦး၊ ဦးမောင်ဦး၊ ဦးစိုးနိုင်၊ ကော်မတီအတွင်းရေးမှူး ဦးဌေးဝင်း၊ အမျိုးသားလွှတ်တော် ကော်မတီအဖွဲ့ဝင် ဦးခင်မောင်ဌေး၊ ပြည်သူ့လွှတ်တော် ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ် သုံးသပ်ရေး ကော်မရှင်အဖွဲ့ဝင်များ ဖြစ်ကြသော ဦးခင်မောင်ထွန်း၊ ဒေါ်အေးအေးမူ၊ နော်ဝေနိုင်ငံ ဆိုင်ရာ ပြည်ထောင်စုသမ္မတ မြန်မာ နိုင်ငံ သံအမတ်ကြီး ဦးကျော်စွာမင်း၊ ပြည်ထောင်စု လွှတ်တော်ရုံးနှင့် ပြည်သူ့လွှတ်တော်ရုံးတို့မှ တာဝန်ရှိ သူများ တက်ရောက်ကြပြီး ဧည့်သည် တော် နော်ဝေနိုင်ငံ ဘုရင်နှင့် မိဖုရား ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ နှင့်အတူ ပြည်ထောင်စုသမ္မတမြန်မာ နိုင်ငံဆိုင်ရာ နော်ဝေနိုင်ငံ သံအမတ် ကြီး H.E.Ms.Ann Ollestad လည်းတက်ရောက်သည်။

နော်ဝေနိုင်ငံဘုရင်နှင့် မိဖုရား ဦးဆောင်သော ကိုယ်စားလှယ် အဖွဲ့အား ပြည်ထောင်စုလွှတ်တော် ရုံးနှင့် ပြည်သူ့လွှတ်တော်ရုံးဝန်ထမ်း များက လွှတ်တော်အဆောက်အအုံ ဇမ္ဗူသီရိ ဧည့်ခန်းမဆောင်ရှေ့၌ " မြန်မာ- နော်ဝေ နှစ်နိုင်ငံ ချစ်ကြည် ရေးခိုင်မြဲပါစေကြောင်းနှင့် နော်ဝေ ဘုရင်နှင့် မိဖုရား ကျန်းမာပါစေ ကြောင်း" ဆုမွန်ကောင်းတောင်း၍ နှစ်နိုင်ငံအလံများကို ဝှေ့ယမ်းကာ ကြိုဆိုနှုတ်ဆက်ခဲ့ကြသည်။

(သတင်းစဉ်)

No comments:

Post a Comment