Tuesday, December 30, 2014

မြန်မာ့ရုပ်မြင်သံကြား၏ သတင်းနှင့်ဖျော်ဖြေရေးကဏ္ဍ ရုပ်သံလိုင်း ၂၀၁၅ ခုနှစ် ဇန်န၀ါရီလ ၁ ရက်နေ့မှ စတင်ထုတ်လွှင့်တော့မည်

Photo: မြန်မာ့ရုပ်မြင်သံကြား၏ သတင်းနှင့်ဖျော်ဖြေရေးကဏ္ဍ ရုပ်သံလိုင်း ၂၀၁၅ ခုနှစ် ဇန်န၀ါရီလ ၁ ရက်နေ့မှ စတင်ထုတ်လွှင့်တော့မည်

နေပြည်တော် ဒီဇင်ဘာ ၂၉

ပြည်သူများအတွက် အသိအမြင် ဗဟုသုတနှင့်သတင်းအချက်အလက်များ သိရှိနိုင်ရန်အတွက် မြန်မာ့အသံနှင့်ရုပ်မြင်သံကြားအနေဖြင့် Analo- gue  စနစ်ဖြင့် တစ်နိုင်ငံလုံးကို လွှမ်းခြုံနိုင်အောင်  ထုတ်လွှင့်ပေးလျက်ရှိရာမှ ၂ဝ၁၃ ခုနှစ် အောက်တိုဘာ ၁၅ ရက်တွင် DVB-T2 ဟုခေါ်သည့်  Digital   စနစ်ကို စတင်ပြောင်းလဲပြီး Analogue  စနစ်နှင့်Digital စနစ်ကိုပါ ပူးတွဲထုတ်လွှင့်လျက်ရှိသည်။

ယခုလက်ရှိ  ထုတ်လွှင့်မှုတွင် မြန်မာ့ရုပ်မြင်သံကြား    ပင်မအစီအစဉ်ကြီးသာမကဘဲ   Myanmar International၊ တိုင်းရင်းသားလူမျိုး များရုပ်သံလိုင်း၊  လွှတ်တော်ရုပ်သံလိုင်း၊  တောင်သူလယ်သမားရုပ်သံလိုင်းနှင့်စာဖတ်သူတို့ရုပ်သံလိုင်းများ ကိုDVB-T2 Set Top Box နှင့် ဖမ်းယူကြည့်ရှုနိုင်အောင် ဆောင်ရွက်ပေးထားပြီးဖြစ်သည်။

မြန်မာ့အသံနှင့် ရုပ်မြင်သံကြားသည်  လက်ရှိထုတ်လွှင့်နေသည့် ရုပ်သံလိုင်းများအပြင်  ၂ဝ၁၅ ခုနှစ် ဇန်နဝါရီ ၁ ရက်မှစတင်ပြီး MRTV News  Channel,   MRTV Entertainment Channel စသည့် Channel  နှစ်ခုကို ထပ်မံတိုးချဲ့ထုတ်လွှင့်သွားမည်ဖြစ်သည်။ MRTV  News Channel အနေဖြင့် နေ့စဉ် ဖြစ်ပျက်နေသော သတင်းအကြောင်းအရာများနှင့်အပတ်စဉ် သတင်းနှင့်ဆက်စပ်သည့်    အစီအစဉ်များ၊ ပြည်သူအတွက် အလုပ်အကိုင်အခွင့် အလမ်းဆိုင်ရာကဏ္ဍများ၊ ပညာရေး၊ ကျန်းမာရေး၊  ဆက်သွယ်ရေးနှင်တည်ဆောက်ပြုပြင်ရေး အစရှိသည့်ကဏ္ဍများကို    ထုတ်လွှင့်သွားမည် ဖြစ်သည်။

MRTV     Entertainment   Channel  သည် ကလေး၊ လူငယ်၊ လူကြီးများအကြိုက် ဖျော်ဖြေရေးအစီအစဉ်များ၊ ရုပ်ရှင်ဗီဒီယိုဇာတ်လမ်းတွဲများ၊ ပညာပေးအစီအစဉ်များကို ထုတ်လွှင့်သွားမည်ဖြစ်သည်။ ယခု ကဲ့သို့ ထုတ်လွှင့်ရာတွင် ရွှေသံလွင်မီဒီယာနှင့်ပူးပေါင်းပြီး ပရီမီယာလိဂ် ဘောလုံးပွဲများကို တစ်ပတ်လျှင်နှစ်ပွဲနှုန်း ထုတ်လွှင့်ပြသသွားမည်ဖြစ်ပြီး ချန်ပီယံလိဂ်ဘောလုံးပွဲနှင့်   စပိန်လာလီဂါ ဘောလုံးပွဲစဉ်များကိုလည်း ထုတ်လွှင့်ပေးနိုင်ရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

Digital စနစ် DVB-T2ဖြင့် ထုတ်လွှင်ခြင်းကို ပထမအဆင့်အဖြစ် ၂ဝ၁၃ ခုနှစ် အောက်တိုဘာ ၁၅ ရက် မှစပြီး     ရန်ကုန်၊  နေပြည်တော်၊  စစ်ကိုင်း၊ တပ်ကုန်းမြို့များတွင် ထုတ်လွှင့်ခဲ့ပြီး တစ်နိုင်ငံလုံး လူဦးရေ၏ ၂ဝ ဒသမ ဝ၈ ရာခိုင်နှုန်း ဖမ်းယူရရှိနိုင်ခဲ့သည်။ဒုတိယအဆင့်အဖြစ် စက်ရုံ ၂၂ ရုံ တိုးချဲ့ထုတ်လွှင့်ခဲ့သည်။

အဆိုပါ စက်ရုံများမှာ မြစ်ကြီး နား၊ လွိုင်ကော်၊  ဘားအံ၊ ဖလမ်း၊ ကနေဒီ(ကလေး)၊    မော်လမြိုင်၊ စစ်တွေ၊  တောင်ကြီး၊  ကျိုင်းတုံ၊ လားရှိုး၊ ထားဝယ်၊  ပြည်၊ တောင်ငူ၊ ညောင်လေးပင်၊ ပဲခူး၊ မင်းဘူး၊ ပုပ္ပား၊ မိတ္ထီလာ၊ ကျောင်းကုန်း၊ ဟင်္သာတ၊ ပုသိမ်၊ မုံရွာတို့ဖြစ်ပြီး စက်ရုံများမှ ထုတ်လွှင့်မှုမှာ တစ်နိုင်ငံလုံး လူဦးရေ ၏ ၄၆ ဒသမ ၁၅ ရာခိုင်နှုန်း ဖမ်းယူရရှိနိုင်ခဲ့သဖြင့် ယခုအခါ အဆိုပါ စက်ရုံများမှ    ထုတ်လွှင့်မှုသည် တစ်နိုင်ငံလုံး လူဦးရေ ၆၆ ဒသမ ၂၃ ရာခိုင်နှုန်း ဖမ်းယူရရှိနိုင်ပြီဖြစ်သည်။

တတိယအဆင့်အဖြစ်  ယခုနှစ်အတွင်း  စက်ရုံ ၆၉ ရုံကို  Digital စနစ်ဖြင့်    ပြောင်းလဲထုတ်လွှင့်ရန် ဆောင်ရွက်လျက်ရှိပြီး အဆိုပါ စက်ရုံများပြီးစီးပါက တစ်နိုင်ငံလုံးလူဦးရေ ၏ ၂၃ ဒသမ ၁၇ ရာခိုင်နှုန်းမှထပ်မံ ဖမ်းယူရရှိကြမည်ဖြစ်သည်။   ယခုအခါ အဆိုပါ ၆၉ ရုံတွင်ပါဝင်သော ဘီးလင်း၊ လပွတ္တာ၊ ထားဝယ်၊ မင်းလှ၊ ပေါက်၊ အမ်း၊ ဂွ၊ ကွတ်ခိုင်၊ ကျောက်မဲ၊ တာမိုးညဲ စက်ရုံ ၁ဝ ရုံတို့မှာ စမ်းသပ် ထုတ်လွှင့်လျက်ရှိသည်။

ပြည်သူများ      အနေဖြင့် MRTV   News    Channel  ကို လက်ရှိ Analogue  စနစ်ဖြင့် ပြောင်းလဲမှုမရှိဘဲ  ဖမ်းယူကြည့်ရှုနိုင်မည် ဖြစ်ပြီး  MRTV Entertainment Channel ကိုမှု DVB-T2 စနစ်ဖြင့် ဖမ်းယူကြည့်ရှုရမည်ဖြစ်ကြောင်း သိရသည်။ ထို့ကြောင့်MRTVမှ ရောင်းချနေသော DVB-T2 Set Top Box များ၊ ပြင်ပဈေးကွက်တွင် ရောင်းချနေသော DVB-T2  Set Top Boxများ၊ DVB-T2  Tuner ပါသည့် TV  များဖြင့်လည်း တိုက်ရိုက်ဖမ်းယူကြည့်ရှု နိုင်ကြောင်းသိရှိရသဖြင့် နှစ်သစ်မှာ ရုပ်သံလိုင်းအစီအစဉ် ကဏ္ဍသစ်များဖြင့် ပြည်သူများ ကြည့်ရှုခံစားနိုင်တော့ မည်ဖြစ်ပေသည်။   

(မြန်မာ့အလင်း)

No comments:

Post a Comment