Tuesday, December 30, 2014

ရိုးရာလက်မှုပညာပြပွဲ စိတ်ဝင်စားသူများ လာရောက်ကြည့်ရှုလေ့လာ

Photo: ရိုးရာလက်မှုပညာပြပွဲ စိတ်ဝင်စားသူများ လာရောက်ကြည့်ရှုလေ့လာ

ကျိုင်းတုံ  ဒီဇင်ဘာ  ၂၉

ကျိုင်းတုံမြို့နယ်မှ ဒေသခံတိုင်းရင်းသားများ၏ ရိုးရာလက်မှုပညာပြပွဲကို ရှေးဟောင်းသုတေသနနှင့်အမျိုးသားပြတိုက်ဦးစီးဌာန ယဉ်ကျေးမှုပြတိုက်တွင် ခင်းကျင်းပြသလျက်ရှိရာ အနယ်နယ်အရပ်ရပ်မှ စိတ်ဝင်စားသူများက    လာရောက်ကြည့်ရှုလေ့လာလျက်ရှိသည်။

ဒေသခံ   တိုင်းရင်းသားများက လက်ဆင့်ကမ်း  အမွေအနှစ်အဖြစ် ထိန်းသိမ်း   လုပ်ဆောင်ခဲ့ကြသော  အာခါလက်မှုလုပ်ငန်း၊ လားဟူလက်မှု လုပ်ငန်း၊ ရှမ်း၊ အင်၊ ပလောင်တို့၏ ပန်းထိမ်လုပ်ငန်း၊ ပေစာရေးသားခြင်းလုပ်ငန်း၊ ခမောက်လုပ်ငန်း၊ အိုးစည်လုပ်ငန်း၊ ယွန်းလုပ်ငန်း၊ ပန်းပဲလုပ်ငန်းနှင့်  ဝါးဖြင့်ရက်လုပ်သော  အသုံးအဆောင်ပစ္စည်းမျိုးစုံလုပ်ငန်းများကို အဆိုပါပြပွဲတွင်ဒီဇင်ဘာ ၂၆ ရက် မှ ၃ဝ  ရက်အထိ  နံနက် ၉ နာရီမှ ညနေ ၅ နာရီအထိ ခင်းကျင်းပြသလျက်ရှိသည်။ 

ပြပွဲတာဝန်ခံဖြစ်သူ    လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်သီတာအောင်က ယခုကဲ့သို့ တိုင်းရင်းသားများ၏ ရိုးရာလက်မှုပညာပြပွဲကို ခင်းကျင်းပြသခြင်း၏  ရည်ရွယ်ချက်မှာလက်မှုပညာထုတ်ကုန်ပစ္စည်းများကို ရိုးရာယဉ်ကျေးမှုအမွေအနှစ်အဖြစ် ထိန်းသိမ်းရုံမျှမက    တိုးတက်အောင်မြင်သော စီးပွားရေးလုပ်ငန်းအဖြစ်    ရှင်သန်ရပ်တည်နိုင်ခွင့် ရလဒ်ကောင်းများ    ရရှိစေရန် ရည်ရွယ်ကြောင်း ပြောကြားခဲ့သည်။ 

ပြပွဲသို့    လာရောက်ကြည့်ရှု လေ့လာသော  အာခါတိုင်းရင်းသူ မမီဆာက ''ကျွန်မတို့ကျိုင်းတုံဒေသမှာ အဘိုးအဘွား၊ အဖေအမေလက်ထက်ကတည်းက ရောင်စုံအပ်ချည်ထိုး အာခါအထည်တွေဆိုရင် နိုင်ငံခြား သားဧည့်သည်တွေက   အမှတ်တရပစ္စည်းအဖြစ် ဝယ်ကြတာ ခုထိရောင်းနေရတုန်းပါပဲ။ အခုလို တိုင်းရင်းသား လူမျိုးစုံရဲ့  လက်ရာပစ္စည်းတွေကို တစုတဝေးမြင်ရတော့   အားလုံးကို  အကျိုးအမြတ်ရတဲ့     စီးပွားရေးလုပ်ငန်းအဖြစ်   သားစဉ်မြေးဆက် ထိန်းသိမ်းလုပ်နိုင်ဖို့ မျှော်လင့်ပါတယ်''ဟု ပြောကြားသွားသည်။                     

 ကြည်မင်းဦး
 
No comments:

Post a Comment