Monday, December 1, 2014

မြန်မာ့အလင်းအယ်ဒီတာ့အာဘော်



ကုန်ဈေးနှုန်းတည်ငြိမ်ရေး

နိုင်ငံတစ်နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှုအတွက် ကုန်ဈေးနှုန်း တည်ငြိမ်ရေးမှာ အရေးကြီးသည့်အချက်ဖြစ်ပါသည်။ ကုန်ဈေးနှုန်းများ တဖြည်းဖြည်းမြှင့်တက်နေလျှင် တိုးတက်မှုကိုနှေးကွေးစေနိုင် သည့်အပြင် ဆင်းရဲချမ်းသာကွာဟမှု ကြီးမားလာပြီး ဆင်းရဲမှုလျှော့ ချရေးလုပ်ငန်းစဉ်များအပေါ် အကျိုးသက်ရောက်မှု ရှိလာမည်ဖြစ်ပါသည်။ ထို့ကြောင့် ကုန်ဈေးနှုန်းတည်ငြိမ်ရေးအတွက် စွမ်းဆောင် ရည်ပြသနိုင်ရန်လိုအပ်ပါသည်။

တစ်နည်းအားဖြင့် ကုန်ဈေးနှုန်းမြှင့်တက်ခြင်းသည် ငွေကြေးဖောင်းပွမှုနှုန်းမြှင့်တက်လာခြင်းပင်ဖြစ်ပါသည်။ ငွေကြေးဖောင်းပွမှုနှင့်တိုးတက်မှုတို့သည် ဆက်စပ်လျက်ရှိပါသည်။ ကျွန်ုပ်တို့နိုင်ငံ၌ ၂ဝ၁၁-၂ဝ၁၂ ခုနှစ်တို့တွင် ငွေကြေးဖောင်းပွမှုနှုန်းပျမ်းမျှ ၂ ဒသမ ၅ ရာခိုင်နှုန်းသာ ရှိခဲ့သော်လည်း ၂ဝ၁၃ ခုနှစ်အကုန် ၂ဝ၁၄ ခုနှစ်အတွင်း ၅ ဒသမ ၇ ရာခိုင်နှုန်းမှ ၆ ဒသမ ဝ ရာခိုင်နှုန်းအထိ နှစ်ဆတိုးတက်လာကြောင်း သက်ဆိုင်ရာ စာရင်းဇယားများအရ သိရသည်။ ကုန်ဈေးနှုန်းတည်ငြိမ်ရေးသည် ငွေကြေးဖောင်းပွမှုနှုန်းအပေါ်တွင် တည်မီလျက်ရှိသဖြင့် ဖောင်းပွမှုလျော့နည်းအောင် အလေးထားဆောင်ရွက်လျက်ရှိပါသည်။

ဤသို့ ငွေကြေးဖောင်းပွမှုနှုန်းလျော့နည်းအောင် ဆောင်ရွက်ရာတွင် အရေးကြီးသောအချက်မှာ ဂျီဒီပီတိုးတက်အောင်ဆောင် ရွက်ရမည်ဖြစ်ကြောင်း ပညာရှင်တို့ကဆိုပါသည်။ ကျွန်ုပ်တို့နိုင်ငံ တွင် ၂ဝ၁၁-၂ဝ၁၂ တွင် ဂျီဒီပီလျာထား ၆ ဒသမ ဝ ရာခိုင်နှုန်းမှ ၅ ဒသမ ၆ ရာခိုင်နှုန်း၊ ၂ဝ၁၂-၂ဝ၁၃ တွင် လျာထား ၆ ဒသမ ၇ ရာခိုင်နှုန်းမှ ၇ ဒသမ ၃ ရာခိုင်နှုန်း၊ ၂ဝ၁၃-၂ဝ၁၄ တွင် ၈ ဒသမ ၉ ရာခိုင်နှုန်းလျာထားရာမှ ၈ ဒသမ ၇ ရာခိုင်နှုန်းဖြစ်ပေါ်ခဲ့ပြီး သုံးနှစ်ပျမ်းမျှ ၇ ဒသမ ၂ ရာခိုင်နှုန်း ဂျီဒီပီတိုးတက်ခဲ့ကြောင်း သိရပါသည်။ ၂ဝ၁၄-၂ဝ၁၅ တွင် ၉ ဒသမ ၁ ရာခိုင်နှုန်းလျာထားပြီး ၂ဝ၁၅-၂ဝ၁၆ အတွက် ၉ ဒသမ ၂ ရာခိုင်နှုန်း လျာထားဆောင်ရွက်လျက်ရှိပါသည်။

နိုင်ငံတစ်နိုင်ငံ၏ ဂျီဒီပီတိုးတက်မှုနှုန်းသည် အရင်းနှင့်ကုန်ထွက်အချိုး(Capital-Output Ratio) အပေါ်တွင် မူတည်နေသည့်အတွက် ရင်းနှီးမြှုပ်နှံမှုတိုးလာမှ ထွက်ကုန်တိုးလာကာ ဂျီဒီပီတိုးလာမည်ဖြစ်ပါသည်။ ရင်းနှီးမြှုပ်နှံမှုကျဆင်းလျှင် ထွက်ကုန်လည်းကျဆင်းကာ ဂျီဒီပီလည်း ကျဆင်းသွားမည်ဖြစ်ကြောင်း ပညာရှင်တို့၏ လေ့လာတွက်ချက်မှုအရ သိရသည်။ ရင်းနှီးမြှုပ်နှံမှုတိုးလာသည်နှင့်အမျှ ကုန်ထုတ်လုပ်မှု၊ အလုပ်အကိုင်များ ဖန်တီးပေးနိုင်မှုများ တိုးလာကာ လူတစ်ဦးချင်း ဝင်ငွေသည်လည်း တိုးတက်လာမည်ဖြစ်ပါသည်။

နိုင်ငံတော်အစိုးရအနေဖြင့် နိုင်ငံတော်နှင့်နိုင်ငံသားတို့၏ အမျိုးသားအကျိုးစီးပွားနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးအတွက် တစ်နိုင်ငံလုံး၏ စီးပွားရေးအခြေအနေဖြစ်သည့် မေခရိုစီးပွားရေးဆိုင်ရာလုပ်ငန်းများကို နှစ်ရှည်၊ နှစ်တို နှစ်စဉ်စီမံကိန်း များချမှတ်ပြီး စနစ်တကျဆောင်ရွက်လျက်ရှိပါသည်။ သို့ပါ၍ ပြည်သူတစ်ရပ်လုံး စီးပွားရေးတိုးတက်ပြီး လူတစ်ဦးချင်းဝင်ငွေတိုးတက်ကာ ကုန်ဈေးနှုန်းတည်ငြိမ်ရေးကို ကြိုးပမ်းဆောင်ရွက် ရမည်ဖြစ်ပါကြောင်း။ ။

No comments:

Post a Comment