Tuesday, December 30, 2014

သစ်တောဝန်ထမ်းများအား သောင်းကျန်းသူအဖွဲ့(စိစစ်ဆဲ)မှ သေနတ်ဖြင့်ပစ်ခတ်

Photo: သစ်တောဝန်ထမ်းများအား သောင်းကျန်းသူအဖွဲ့(စိစစ်ဆဲ)မှ သေနတ်ဖြင့်ပစ်ခတ်

နေပြည်တော်  ဒီဇင်ဘာ  ၂၉

ရှမ်းပြည်နယ်  လင်းခေးမြို့နယ် ဝမ်စလောင်းဒေသအတွင်း  သစ်ခိုးထုတ်မှုများရှိနေကြောင်း သတင်းရရှိသဖြင့် ခရိုင်သစ်တောမှူးနှင့် ဦးစီးအဖွဲ့သည်  ဒီဇင်ဘာ ၂၆ ရက်က သွားရောက်ဖမ်းဆီးခဲ့ရာ သစ်လုံးတန် ၂ဝဝ ခန့် ဖမ်းဆီးရမိခဲ့သည်။

အဆိုပါ    ဖမ်းဆီးရမိသည့် သစ်များအား ဝမ်စလောင်းကျေးရွာသို့ သယ်ယူနိုင်ရေး   သစ်တောဝန်ထမ်း များဖြင့်ဆောင်ရွက်ခဲ့ရာ  ဒီဇင်ဘာ ၂၇ ရက် ညနေ ၆ နာရီခွဲခန့်တွင် ဝမ်စလောင်းကျေးရွာနှင့်  နားကုန်းကျေးရွာအကြား သောင်းကျန်းသူအဖွဲ့ (စိစစ်ဆဲ) မှ ငါးဦးခန့်သည် ယာဉ်များကို   ပိတ်ဆို့တားဆီး ရပ်တန့်စေခဲ့ကြောင်း၊ သစ်တောဝန်ထမ်းများအနေဖြင့်  ယာဉ်များအား မောင်းနှင်ထွက်ပြေးခဲ့ရာ အဆိုပါသောင်းကျန်း သူအဖွဲ့က သေနတ်ဖြင့် ပစ်ခတ်ခဲ့ကြောင်း   ထွက်ပြေးလွတ်မြောက်သူ သစ်တောဝန်ထမ်းတစ်ဦး၏ ဒီဇင်ဘာ ၂၈ ရက်တွင် ဝမ်စလောင်းတပ်စခန်းသို့ လာရောက်သတင်းပို့ချက်အရ  သိရသည်။

ဖြစ်စဉ်ဖြစ်ပွားရာ   နေရာသို့ နယ်မြေခံတပ်မတော်စစ်ကြောင်းက သွားရောက်ရှင်းလင်းခဲ့ရာ လင်းခေးခရိုင် သစ်တောဦးစီးဌာနမှ   ခရိုင်ဦးစီးမှူး  ဦးလှမင်း၊ မိုးနဲသစ်တော ဦးစီးဌာနမှ တောခေါင်း ဦးစစ်ထွေး၊ လင်းခေးသစ်တော   ဦးစီးဌာနမှ တောခေါင်း ဦးသန်းထိုက်အောင်နှင့် ဦးဘိုမင်းတို့လေးဦးသည် လက်နက် ငယ်ကျည်ထိမှန်ဒဏ်ရာများဖြင့် သေဆုံးနေပြီး  မော်တော်ယာဉ်နှင့်ဆိုင်ကယ်နှစ်စီးတို့ကို ဖျက်ဆီးထားကြောင်း၊    ဖြစ်စဉ်နှင့်ပတ်သက်၍ နယ်မြေခံတပ်မတော်စစ်ကြောင်းက နယ်မြေရှင်းလင်း ဆောင်ရွက်လျက်ရှိကြောင်း၊ ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် လိုအပ်သည့် စုံစမ်းစစ်ဆေးမှုများ ပြုလုပ်၍ ဥပဒေနှင့်အညီ အရေးယူနိုင်ရေး  ဆောင်ရွက်လျက်ရှိကြောင်း၊ သေနတ်ဖြင့် ပစ်ခတ်ခဲ့သည့်အဖွဲ့မှာ SSA  (ရွက်ဆစ်) အဖွဲ့မှ ဖြစ်ကြောင်း အတည်ပြုဆဲ သတင်းများအရ သိရသည်။   
         
(သတင်းစဉ်)
 
No comments:

Post a Comment