Tuesday, December 30, 2014

ခါကာဘိုရာဇီတောင်ထိပ်သွားရာလမ်းရှိ ကျေးရွာ ၁၂ ရွာ ကျန်းမာရေးစောင့်ရှေက်မှုပေးမည်

Photo: ခါကာဘိုရာဇီတောင်ထိပ်သွားရာလမ်းရှိ ကျေးရွာ ၁၂ ရွာ ကျန်းမာရေးစောင့်ရှေက်မှုပေးမည်

ရန်ကုန်   ဒီဇင်ဘာ   ၂၉

မြန်မာနိုင်ငံ၌    အမြင့်ဆုံး တောင်ထိပ်၊  အရှေ့တောင်အာရှ၌ လည်း အမြင့်ဆုံးတောင်ထိပ်ဖြစ်သည့် ခါကာဘိုရာဇီတောင်သည် အမြင့်ပေ ၁၉၂၉၄ ပေ ရှိပြီး  ဆီးနှင်းနှင့်ရေခဲများဖုံးလွှမ်းနေတတ်သည့်တောင်ဖြစ် ရာ အနီးဝန်းကျင်ရှိ တိုင်းရင်းသား ကျေးရွာများကို အခမဲ့ကျန်းမာရေး စောင့်ရှောက်မှုပြုလုပ်ပေးရန် စီစဉ်နေ ပြီဖြစ်သည်။

''မြန်မာနိုင်ငံမှာရော၊   အရှေ့ တောင်အာရှဒေသမှာပါ  အမြင့်ဆုံး ဖြစ်တဲ့    ခါကာဘိုရာဇီတောင်သို့ သွားရာလမ်းတစ်လျှောက်မှာ  ရှိတဲ့ တိုင်းရင်းသားကျေးရွာ  ၁၂  ရွာကို လူမှုရေးလုပ်ငန်း ဆောင်ရွက်ပေးဖို့ အစီအစဉ်ရှိပါတယ်။ အထူးသဖြင့် အခမဲ့ ကျန်းမာရေးစောင့်ရှောက်ပေး မှာဖြစ်ပြီး လာမယ့်မတ်လလယ် လောက်မှာ စတင်ဖို့စီစဉ်နေပါတယ်''ဟု တက္ကသိုလ်ခြေလျင် တောင်တက် အသင်းဥက္ကဋ္ဌနှင့်   သဘာဝခေါ်သံ ဖောင်ဒေးရှင်းဥက္ကဋ္ဌ   ဦးမျိုးသန့်က ပြောကြားသည်။

ကချင်ပြည်နယ်   ပူတာအိုခရိုင် နောင်မွန်းမြို့နယ်အတွင်းရှိ  ခါကာ ဘိုရာဇီတောင်သို့  တက်ရောက်ရာ လမ်းတစ်လျှောက်ရှိ ဒေသခံတိုင်းရင်း သားကျေးရွာများကို    တက္ကသိုလ် ခြေလျင်တောင်တက်အသင်းနာယက၊ သူနာပြုတက္ကသိုလ်   ပါမောက္ခချုပ် (အငြိမ်းစား)ဒေါ်ခင်မေအုန်းက ဆေး ကုသရေး  အဖွဲ့ခေါင်းဆောင်အဖြစ် ပါဝင်ဆောင်ရွက်ကုသပေးသွားမည် ဖြစ်သည်။

အဖွဲ့ဝင် ၂ဝ ဦးခန့်  ပါဝင်မည့် ကျန်းမာရေးစောင့်ရှောက်မှု   အဖွဲ့ သည် လီဆူး၊ ရဝမ်၊ တိဗက်ရွာပေါင်း ၁၂ ရွာရှိ ဒေသခံတိုင်းရင်းသားများ အား လိုက်လံဆေးကုသပေးမည်ဖြစ် သည်။ ယင်းအဖွဲ့သည် တိဗက်လူမျိုး များနေထိုင်သည့်    တဟွန်ဒမ့်ရွာ အထိရောက်အောင် သွားရောက်ပြီး ဆေးကုသပေးမည်ဖြစ်သည်။

ခါကာဘိုရာဇီတောင်သို့ တက် ရောက်ရာ     လမ်းတစ်လျှောက်ရှိ ကျေးရွာများအနက် အချို့ရွာများမှာ အိမ်ခြေ ၁၅ လုံး၊ အချို့ရွာများမှာ အိမ်ခြေ ၂ဝ နှင့် အိမ်ခြေအများဆုံး ရွာမှာ  အိမ်ခြေ ၄ဝ ခန့်သာရှိသည့် ရွာငယ်များသာဖြစ်ကြသည်။ ယင်းရွာ  လေးများကို    ကျန်းမာရေးစောင့် ရှောက်မှုပေးနိုင်ရန်   စီစဉ်နေခြင်း ဖြစ်သည်။

အဆိုပါ   ကျေးရွာလေးများအနက် ထရုံလူပုလေးများ   နေထိုင်သော ခရောင်းရွာကိုလည်း   ရောက်ရှိကာ ဆေးဝါးကုသမှု၊  ကျန်းမာရေးစောင့် ရှောက်မှုများဆောင်ရွက်ပေးမည်ဖြစ် သည်။ ခရောင်းရွာတွင် မူလထရုံလူပု လေးများမှာ သုံးဦးသာကျန်ရှိတော့ ပြီး ယင်းတို့မှာ အမျိုးသားတစ်ဦးနှင့် အမျိုးသမီးနှစ်ဦးတို့   ဖြစ်ကြသည်။ ကျန်လူပုလေးများမှာ   ဒေသခံရဝမ် လူမျိုးများနှင့်  သွေးနှောသူများသာ ဖြစ်သည်။

ယင်းကျေးရွာများသို့ သွားရောက် ဆေးကုသကြမည့်အဖွဲ့တွင်  တောင် တက်အသင်းဝင်     ဆရာဝန်များ၊ သူနာပြုများနှင့်  ဆေးဝါးကျွမ်းကျင် သူများပါဝင်ပြီး  အဖွဲ့ဝင် ၂ဝ ခန့် ပါဝင်မည်ဖြစ်သည်။

မောင်မောင်မြင့်ဆွေ (မြန်မာ့အလင်း)
 
No comments:

Post a Comment