Monday, December 29, 2014

မုတ္တမ မီနီမာရသွန်ပြိုင်ပွဲ ရန်ကုန်၌ ကျင်းပ

Photo: မုတ္တမ မီနီမာရသွန်ပြိုင်ပွဲ ရန်ကုန်၌ ကျင်းပ

ရန်ကုန်   ဒီဇင်ဘာ   ၂၈

မုတ္တမမီနီမာရသွန်ပြိုင်ပွဲကို ယနေ့နံနက်ပိုင်းက ရန်ကုန်မြို့ရှိ အမျိုးသားအားကစား ပြိုင်ပွဲရုံ-၁ (သုဝဏ္ဏ)၌ ကျင်းပသည်။ အဆိုပါပြိုင်ပွဲဝင် စုစုပေါင်းငါးထောင်ကျော် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး သုဝဏ္ဏအားကစားရုံရှေ့မှ  စတင်တာထွက်ကာ  ဝေဇယန္တာလမ်းအတိုင်း   ဂန္ဓမာစူပါမားကတ်ရှေ့မှ ပြန်ကွေ့ကာ တာထွက်သည့်နေရာမှာပင် ပန်းဝင်ခဲ့ခြင်းဖြစ်သည်။

ပြိုင်ပွဲအပြီးတွင် အမျိုးသမီးပြိုင်ပွဲတွင် လှလှဦးက ပထမ၊ တင်စန်းဝင်းက ဒုတိယ၊ မိုးမိုးအေးက တတိယ၊ ငါးမယ်က အဆင့်လေး၊ သဇင်စိုးက အဆင့်ငါး၊  နီလာဝင်းက အဆင့်ခြောက်၊ ရွှေဇင်လတ်က အဆင့်ခုနစ်၊ လှိုင်လှိုင်ထွန်းက အဆင့်ရှစ်၊ ကက်သရင်းက အဆင့်ကိုး၊  ထက်မြတ်ထူးမြင့်က အဆင့် ၁ဝတို့ ရရှိကြသည်။ အမျိုးသားပြိုင်ပွဲ၌ ထက်အောင်ခိုင်က ပထမ၊ ကျော်စိုးဝင်းက ဒုတိယ၊ ကိုကိုနိုင်က တတိယ၊ ဇော်မင်းလတ်ကအဆင့်လေး၊ မင်းဇော်ကအဆင့်ငါး၊ ထွန်းညွန့်ဆွေက  အဆင့်ခြောက်၊  နိုင်လွင်ထူးက အဆင့်ခုနစ်၊ ခင်မောင်ကအဆင့်ရှစ်၊ သစ်ထွန်းက အဆင့်ကိုးနှင့်  ဇော်မင်းထွန်းက    အဆင့်(၁ဝ)တို့   ရရှိခဲ့ကြသည်။

ယခုပြိုင်ပွဲကို ပြိုင်ပွဲဝင်စုစုပေါင်း ၅ဝဝဝ ကျော်ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး မသန်စွမ်းအပြေးသမားနှစ်ဦးလည်း ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည်။ ပြိုင်ပွဲတွင် အဆင့်(၁)မှ (၂ဝ) အထိ ရရှိသူများကို ဆုကြေးငွေများချီးမြှင့်ခဲ့ပြီး ပထမဆုကိုငွေကျပ် ၁ဝ သိန်း၊ ဒုတိယဆုကို ငွေကျပ်ခုနစ်သိန်း၊   တတိယဆုကို ငွေကျပ်ငါးသိန်း၊    စတုတ္ထဆုကို ငွေကျပ်သုံးသိန်း၊ ပဉ္စမဆုကိုငွေကျပ် နှစ်သိန်းစီ၊ အဆင့်ခြောက်မှ ၁ဝ အထိ ရရှိသူများကို   ငွေကျပ်တစ်သိန်းစီ၊ အဆင့်(၁၁)မှ (၂ဝ) အထိ ရရှိသူများကို   ငွေကျပ်ငါးသောင်းစီချီးမြှင့်ခဲ့ကြောင်း သိရသည်။

ယခုပြိုင်ပွဲကို တာဝန်ယူကျင်းပသည့်    မုတ္တမကုမ္ပဏီအနေဖြင့် ပြိုင်ပွဲဝင်များကို  အခမဲ့ယှဉ်ပြိုင်ခွင့်ပြု ခဲ့ပြီး ပြိုင်ပွဲဝင်တစ်ဦးလျှင်ငွေကျပ်ငါး ထောင်နှုန်းဖြင့်  ရန်ကုန်တိုင်းဒေသကြီး   မိခင်နှင့်ကလေးစောင့်ရှောက် ရေးအသင်းရန်ပုံငွေအဖြစ် ပြန်လည်လှူဒါန်းခဲ့ရာ  ပြိုင်ပွဲဝင်များအတွက် ကုသိုလ်ပါရခဲ့သည့် ပြိုင်ပွဲဟုဆိုရမည် ဖြစ်သည်။

သတင်း-ညီမြတ်သော်တာ
ဓာတ်ပုံ-ဖိုးသော်ဇင်
 
No comments:

Post a Comment