Tuesday, December 30, 2014

မြန်မာ့အသံနှင့်ရုပ်မြင်သံကြား၏ သတင်းနှင့်ဖျော်ဖြေရေးကဏ္ဍရုပ်သံလိုင်းနှစ်ခုကို ၂ဝ၁၅ ခုနှစ် ဇန်နဝါရီ ၁ ရက်တွင် စတင်ထုတ်လွှင့်မည်



 

နေပြည်တော် ဒီဇင်ဘာ ၂၉



မြန်မာ့အသံနှင့်ရုပ်မြင်သံကြားမှ လက်ရှိထုတ်လွှင့်နေသော ရုပ်သံလိုင်းများအပြင် သတင်းနှင့်ဖျော်ဖြေရေးကဏ္ဍ ရုပ်သံလိုင်းနှစ်ခုကို ၂ဝ၁၅ ခုနှစ် ဇန်နဝါရီ ၁ ရက် မှစတင်၍တိုးချဲ့ထုတ်လွှင့်သွားမည်ဖြစ်ကြောင်း မြန်မာ့အသံနှင့် ရုပ်မြင်သံကြားမှသိရသည်။

မြန်မာ့အသံနှင့်ရုပ်မြင်သံကြားသည် Analogue စနစ်ဖြင့် တစ်နိုင်ငံလုံးကို လွှမ်းခြုံနိုင်အောင်ထုတ်လွှင့်ပေးလျက်ရှိရာ ၂ဝ၁၃ ခုနှစ် အောက်တိုဘာ ၁၅ ရက်မှစ၍ DVB T2 Digital စနစ်သို့ စတင်ပြောင်းလဲပြီး Analogue စနစ်၊ Digital စနစ်တို့ဖြင့် ပူးတွဲထုတ်လွှင့်လျက်ရှိသည်။

လက်ရှိတွင် မြန်မာ့အသံနှင့်ရုပ်မြင်သံကြားမှ ပင်မအစီအစဉ်များအပြင် Myanmar International၊ တိုင်းရင်း သားလူမျိုးများ ရုပ်သံလိုင်း၊ လွှတ်တော်ရုပ်သံလိုင်း၊ တောင်သူလယ်သမားရုပ်သံလိုင်းနှင့် စာဖတ်သူတို့ ရုပ်သံလိုင်းများကို DVB T2 Set Top Box များဖြင့် ဖမ်းယူကြည့်ရှုနိုင်ရန် ဆောင်ရွက်ပေးထားပြီးဖြစ်သည်။

တိုးချဲ့ထုတ်လွှင့်မည့် MRTV News Channel တွင် နေ့စဉ်ဖြစ်ပျက်နေသော သတင်းအကြောင်းအရာများနှင့် အပတ်စဉ်သတင်းနှင့် ဆက်စပ်သည့်အစီအစဉ်များ၊ ပြည်သူ့အတွက် အလုပ်အကိုင်အခွင့်အလမ်းဆိုင်ရာ ကဏ္ဍများ၊ ပညာရေး၊ ကျန်းမာရေး၊ ဆက်သွယ်ရေးနှင့် တည်ဆောက်ပြုပြင်ရေးကဏ္ဍများကို ထုတ်လွှင့်ပေးသွားမည်ဖြစ်ပြီး MRTV Entertainment Channel တွင် ကလေး၊ လူငယ်၊ လူကြီးများအကြိုက် ဖျော်ဖြေရေးအစီ အစဉ်များ၊ ရုပ်ရှင်၊ဗီဒီယိုဇာတ်လမ်းတွဲများ၊ ပညာပေးအစီအစဉ်များကို ထုတ်လွှင့်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ထိုသို့ထုတ်လွှင့်ရာတွင် ရွှေသံလွင်မီဒီယာနှင့် ပူးပေါင်းပြီး ပရီမီယာလိဂ်ဘောလုံးပွဲများကို တစ်ပတ်လျှင်နှစ်ပွဲနှုန်း ထုတ်လွှင့်ပြသသွားမည်ဖြစ်သည့်အပြင် ချန်ပီယံလိဂ်ဘောလုံးပွဲနှင့် စပိန်လာလီဂါဘောလုံးပွဲစဉ်များကိုလည်း ထုတ်လွှင့်ပေးနိုင်ရန် စီစဉ်ဆောင်ရွက်လျက်ရှိသည်။

Digital စနစ် DVB-T2 ဖြင့် ထုတ်လွှင့်ခြင်းကို ပထမအဆင့်အနေဖြင့် ၂ဝ၁၃ ခုနှစ် အောက်တိုဘာ ၁၅ ရက်မှစပြီး ရန်ကုန်၊ နေပြည်တော်၊ စစ်ကိုင်း၊ တပ်ကုန်း မြို့များတွင် ထုတ်လွှင့်ခဲ့ပြီး တစ်နိုင်ငံလုံးလူဦးရေ၏ ၂ဝ ဒသမ ဝ၈ ရာခိုင်နှုန်း ဖမ်းယူရရှိနိုင်ခဲ့သည်။ ဒုတိယ အဆင့်အဖြစ် မြစ်ကြီးနား၊ လွိုင်ကော်၊ ဘားအံ၊ ဖလမ်း၊ ကနေဒီ(ကလေး)၊ မော်လမြိုင်၊ စစ်တွေ၊ တောင်ကြီး၊ ကျိုင်းတုံ၊ လားရှိုး၊ ထားဝယ်၊ ပြည်၊ တောင်ငူ၊ ညောင်လေး ပင်၊ ပဲခူး၊ မင်းဘူး၊ ပုပ္ပား၊ မိတ္ထီလာ၊ ကျောင်းကုန်း၊ ဟင်္သာတ၊ ပုသိမ်၊ မုံရွာတို့တွင် စက်ရုံ ၂၂ ရုံ တိုးချဲ့ထုတ်လွှင့် ခဲ့ပြီး တစ်နိုင်ငံလုံးလူဦးရေ၏ ၄၆ ဒသမ ၁၅ ရာခိုင်နှုန်း ဖမ်းယူကြည့်ရှုနိုင်ခဲ့သည်။

ယခုအခါ အဆိုပါစက်ရုံများမှ ထုတ်လွှင့်မှုသည် တစ်နိုင်ငံလုံးလူဦးရေ၏ ၆၆ ဒသမ ၂၃ ရာခိုင်နှုန်းဖမ်းယူရရှိနိုင်ပြီး တတိယအဆင့်အဖြစ် ယခုနှစ်အတွင်း စက်ရုံ ၆၉ ရုံကို Digital စနစ်ဖြင့် ပြောင်းလဲထုတ်လွှင့်ရန် ဆောင်ရွက်လျက်ရှိသည်။ အဆိုပါ ၆၉ ရုံ ပြီးစီးပါက တစ်နိုင်ငံလုံး လူဦးရေ၏ ၂၃ ဒသမ ၁၇ ရာခိုင်နှုန်းမှ ထပ်မံဖမ်းယူရရှိကြ မည်ဖြစ်သည်။ ယခုအခါ အဆိုပါ ၆၉ ရုံတွင် ပါဝင်သော ဘီးလင်း၊ လပွတ္တာ၊ ထားဝယ်၊ မင်းလှ၊ ပေါက်၊ အမ်း၊ ဂွ၊ ကွတ်ခိုင်၊ ကျောက်မဲ၊ တာမိုးညဲ စက်ရုံ ၁ဝ ရုံမှာ စမ်းသပ် ထုတ်လွှင့်လျက်ရှိသည်။

MRTV News Channel ကို လက်ရှိ Analogue စနစ်ဖြင့် ပြောင်းလဲမှုမရှိဘဲ ဖမ်းယူကြည့်ရှုနိုင်မည်ဖြစ်ပြီး MRTV Entertainment Channel ကို DVB T2 စနစ် ဖြင့် ဖမ်းယူကြည့်ရှုရမည်ဖြစ်သည့်အတွက် MRTV မှ ရောင်းချနေသော DVB T2 Set Top Box များ၊ ပြင်ပ ဈေးကွက်တွင် ရောင်းချသောDVB T2 Set Top Box များ၊ DVB T2 Tuner ပါသော TV များနှင့်လည်း တိုက်ရိုက်ဖမ်းယူကြည့်ရှုနိုင်ကြောင်း မြန်မာ့အသံနှင့် ရုပ်မြင်သံကြားက အသိပေးထားသည်။ (ကြေးမုံ)

No comments:

Post a Comment