Monday, December 29, 2014

နိုင်ငံတကာ မြန်မာ့ရိုးရာလက်ဝှေ့ပြိုင်ပွဲ တူးတူး(မြန်မာ)အလဲထိုးဖြင့် အနိုင်ရရှိ

Photo: နိုင်ငံတကာ မြန်မာ့ရိုးရာလက်ဝှေ့ပြိုင်ပွဲ တူးတူး(မြန်မာ)အလဲထိုးဖြင့် အနိုင်ရရှိ

ရန်ကုန်   ဒီဇင်ဘာ   ၂၈

မြန်မာနိုင်ငံက အိမ်ရှင်အဖြစ်လက်ခံကျင်းပသည့် နိုင်ငံတကာမြန်မာ့ရိုးရာလက်ဝှေ့ ပြိုင်ပွဲကြီးကို ယနေ့ မွန်းလွဲ ၂ နာရီက ရန်ကုန်မြို့ မင်္ဂလာတောင်ညွန့်မြို့နယ်ရှိ သိမ်ဖြူအားကစားလက်ဝှေ့ရုံ၌ကျင်းပခဲ့ရာ မြန်မာ့ရိုးရာလက်ဝှေ့ကျော် တူးတူး(နဂါးမာန်) အမေရိကန်လက်ဝှေ့ကျော် အက်ဝပ် (အမေရိကန်)ကို အလဲထိုးဖြင့် အနိုင်ရရှိခဲ့သည်။ ယနေ့ယှဉ်ပြိုင်ထိုးသတ်သည့် လေးနိုင်ငံဖိတ်ခေါ်မြန်မာ့ရိုးရာ လက်ဝှေ့စိန်ခေါ်ပွဲတွင် အိမ်ရှင်မြန်မာ၊ ထိုင်း၊ ရုရှားနှင့်  အမေရိကန်နိုင်ငံတို့မှ လက်ဝှေ့ကျော်များ   လာရောက်ယှဉ်ပြိုင်ထိုးသတ်ခဲ့သည်။  ပြိုင်ပွဲတွင် ပြည်တွင်းပွဲစဉ်သုံးပွဲနှင့်  နိုင်ငံခြား ပွဲစဉ်ငါးပွဲယှဉ်ပြိုင်ထိုးသတ်ခဲ့ရာ တူးတူး(မြန်မာ)နှင့် သပြေညို(မြန်မာ)တို့သာ  အလဲထိုးဖြင့်အနိုင်ရရှိခဲ့ပြီး ကျန်မြန်မာသုံးပွဲသည်  တစ်ပွဲရှုံး၊ နှစ်ပွဲသရေဖြင့်     ပြီးဆုံးခဲ့သည်။  လက်ဝှေ့ပွဲလာရောက်ကြည့်ရှုသူများကို  အားရကျေနပ်မှုအပေးဆုံးပွဲဟုဆိုရမည့်   နောက်ဆုံးပွဲဖြစ်သည့်   တူးတူး(မြန်မာ)နှင့် အက်ဒ်ဝပ် (အမေ ရိကန်)တို့ပွဲတွင် ပထမအချီ၊ ဒုတိယအချီနှင့် တတိယအချီတို့၌ သူတစ်ပြန်   ကိုယ်တစ်လှည့်ဖြင့်  ပြီးဆုံးခဲ့သော်လည်း စတုတ္ထချီအစတွင်   တူးတူး(မြန်မာ)၏ ထောက်လက်သီး၊ ဝိုက်လက်သီ
းတို့ဖြင့်    အထိနာခဲ့သည့် အက်ဝပ်(အမေရိကန်)သည် အလဲ ထိုးဖြင့် အရှုံးပေးခဲ့ရသည်။  သပြေညို (မြန်မာ)နှင့် ဒူးလက် (ရုရှား)တို့ပွဲတွင် သပြေညို အလဲထိုးဖြင့် အနိုင်ရရှိခဲ့ သည်။ ထို့နောက် ပြည်ပပွဲစဉ်များ ဖြစ်သည့်  ရဲမြတ်အောင်(မြန်မာ)နှင့် ဝပ်သီပေါင်(ထိုင်း)၊ဉာဏ်လင်းအောင် (မြန်မာ)နှင့်ကို့စ်မန်(ထိုင်း)တို့ပွဲတွင် မြန်မာဘက်မှ   လက်ရည်မတူအရေး နိမ့်ခဲ့သော်လည်း   သရေကျခဲ့ပြီး စောလှကြည်ထူး(မြန်မာ)နှင့်  နီဝီဆိုရမ်(ထိုင်း)တို့ပွဲ၌    လက်ရည်မတူ တစ်ဖက်အသာစီးဖြစ်နေသည့် နီဝီဆိုရမ်(ထိုင်း)ကို   ဒိုင်ပွဲရပ်ဖြင့် စောလှကြည်ထူး(မြန်မာ)က   အရှုံးပေးခဲ့ရသည်။ 

'' ဒီနေ့    ယှဉ်ပြိုင်တဲ့ပွဲတွေကို ပြောရရင်    အကြိုက်ဆုံးကတော့ တူးတူးပွဲတစ်ပွဲပဲရှိပါတယ်။  ထိုင်းနဲ့ဒီက မြန်မာ့ရိုးရာလက်ဝှေ့သမားတွေနဲ့ကွာတဲ့အရေးကြီးဆုံးအချက်က ပွဲအတွေ့အကြုံပွဲပဲ။ ထိုင်းက လစဉ် သူတို့မှာ လက်ဝှေ့ပွဲထိုးဖြစ်ကြတယ်။ ကိုယ်တို့ဆီမှာက   တစ်လတစ်ပွဲမပြောနဲ့တစ်နှစ်သုံးလေးပွဲ ထိုးဖြစ်အောင် မနည်းစီစဉ်နေရတာ။  ပွဲအတွေ့အကြုံကလည်း စကားအလွန်ပြောတယ်'' ဟု မြန်မာ့ရိုးရာလက်ဝှေ့ သမားဟောင်း၊ လက်ရှိမြန်မာ့ရိုးရာ လက်ဝှေ့ဒိုင်အဖွဲ့ထဲတွင် ပါဝင်သည့် ဦးဇဗ္ဗူကျော်က  ပြောကြားသည်။ 

လေးချီ   ပြည်တွင်းပွဲသုံးပွဲတွင် စိန်လုံးချော(ဒို့ညီနောင်)နှင့်ရှိုင်းထက်အောင် (အဖြူရောင်သွေးသစ်)ပွဲတွင်  သရေကျခဲ့ပြီး ကြယ်စင်ဖြိုး (အဖြူရောင်သွေးသစ်)နှင့် စိန်ခေါ်ယှဉ်ပြိုင်ထိုးသတ်သူ သားအသည်း တစ်ပွင့်(မတ္တရာ)တို့ပွဲတွင်  ဒုတိယ အချီ ၁ မိနစ်  ၄၂  စက္ကန့်မှာပင် တစ်ဖက်သတ် အသာစီးဖြစ်နေသည့် ကြယ်စင်ဖြိုး(အဖြူရောင်သွေးသစ်)ကို  ဒိုင်ပွဲရပ်ဖြင့်   အနိုင်ပေးလိုက် ရသည်။ တစ်ဖန် ရာမာဉ်(နဂါးမာန်)နှင့်အောင်သူရိန်   (အဖြူရောင် သွေးသစ်)တို့ပွဲတွင်  ဒုတိယအချီ ၂ မိနစ်  ဝ၆ စက္ကန့်တွင်   ရာမာဉ် (နဂါးမာန်)၏  ညာဒူးတိုက်ချက်မိ၍ အောင်သူရိန်(အဖြူရောင်သွေးသစ်) ပြန်မထနိုင်တော့ဘဲ  အလဲထိုးဖြင့် အရှုံးပေးလိုက်ရသည်။ 

''ကျွန်တော်က    မြန်မာ့ရိုးရာ လက်ဝှေ့ကို   ဝါသနာပါလွန်းလို့ မန္တလေးကနေ လာရောက်ကြည့်တာပါ။ မန္တလေးမှာပဲဖြစ်ဖြစ်၊ ရန်ကုန်မှာ ပဲလုပ်လုပ် မြန်မာ့ရိုးရာလက်ဝှေ့ကို ပွဲစဉ်တိုင်းလိုလို   ကြည့်ဖြစ်ပါတယ်။ ဒီနေ့ပွဲတွေကို   ကျွန်တော့်အမြင် ပြောရရင် ပွဲစီစဉ်တာ မကောင်းဘူးလို့  မြင်ပါတယ်။   ဘာဖြစ်လို့လဲဆိုတော့ အစောပိုင်းနိုင်ငံခြားပွဲစဉ်တွေ က တစ်ဖက်အသာစီး ပွဲစဉ်တွေ ဖြစ် နေတယ်။     ကိုယ့်မြန်မာဘက်က ကလေးတွေ  တက်ထိုးနေသလိုပဲ။အရပ်အမောင်းလည်းကွာ၊   ပညာရည်လည်းကွာတော့  ပွဲကြည့်ရတာတော်တော်ကို    စိတ်ပျက်မိတယ်။ ပွဲစီစဉ်တာတွေက    ကျွန်တော့်အမြင် ပြောရရင်   ကီလိုကိုပဲ  မကြည့်ဘဲ  တစ်ဖက်နဲ့တစ်ဖက်လက်ရည်မျှတာ လေးတွေကိုကြည့်ပြီး စီစဉ်သင့်တယ်လို့   မြင်တယ်။  ဒါမှလက်ဝှေ့ပွဲကောင်းတွေဖြစ်သလို  မြန်မာ့ရိုးရာလက်ဝှေ့လည်း    တိုးတက်မယ်လို့ယူဆမိတယ်။ထိုင်းသာစေချင်၊  မြန်မာသာစေချင်တဲ့ စိတ်နဲ့  ပြောတာမဟုတ်ပါဘူး။  လက်ဝှေ့ပွဲကြီး ပွဲကောင်းတွေဖြစ်ဖို့နဲ့ မြန်မာ့ရိုးရာ လက်ဝှေ့ဖွံ့ဖြိုးတိုးတက်ဖို့ ရည်ရွယ်ပြောတာဖြစ်ပါတယ်'' ဟု ယနေ့ပွဲကို မန္တလေးမှလာရောက်အားပေး ကြည့်ရှုသည့်  လက်ဝှေ့ဝါသနာရှင် ဦးမြဝင်းက ဆိုသည်။ 

အားကစားဝန်ကြီးဌာန မြန်မာ့ ရိုးရာလက်ဝှေ့အဖွဲ့ချုပ်   အနေဖြင့်  မြန်မာ့ရိုးရာလက်ဝှေ့ကို နိုင်ငံတကာ ကဲ့သို့ ပိုမိုဖွံ့ဖြိုးတိုးတက်စေရန်  ရည်ရွယ်၍ ယနေ့ကျင်းပသည့်နိုင်ငံတကာ မြန်မာ့ရိုးရာလက်ဝှေ့ပြိုင်ပွဲတွင် မြန်မာ့ရိုးရာလက်ဝှေ့ဟန်ရေးပြဆုများကို ထည့်သွင်းခဲ့ရာ  ယနေ့ယှဉ်ပြိုင်   ထိုးသတ်သည့်ပွဲများတွင် မြန်မာ့ရိုးရာလက်ဝှေ့ပြဆုများကို  ရာမာဉ် (နဂါးမာန်)နှင့်သပြေညို (မြန်မာ)တို့ ရရှိခဲ့ကြသည်။  

(မြန်မာ့အလင်း)
 
No comments:

Post a Comment