Monday, December 29, 2014

မြန်မာ့အလင်း အယ်ဒီတာ့အာဘော်



မူးယစ်ဆေးဝါးထိန်းချုပ်ရေးအရှိန်မြှင့်တင်
 

ကိုလိုနီတို့အနေဖြင့် တစ်မျိုးသားလုံးအား လူညွန့်တုံးစေသည့် ဘိန်းစိုက်ပျိုးထုတ်လုပ်မှုကို မြန်မာနိုင်ငံ၌ အသက်သွင်းပေးခဲ့ရာမှ လူသူအရောက်အပေါက်နည်းသော နယ်စပ်ဒေသရှိ တိုင်းရင်းသားအချို့သည် ဘိန်းစိုက်ပျိုးမှုသံသရာအတွင်း နှစ်ပေါင်းများစွာ ကျင်လည်ခဲ့ရပေသည်။ ယခုအခါ ကမ္ဘာ့လူသား တစ်ရပ်လုံးကို ဆိုးကျိုးဒုက္ခပေးနေသည့် မူးယစ်ဆေးဝါးအန္တရာယ်ကို ကမ္ဘာမှာရော မြန်မာမှာပါ ပပျောက်ရေးလုပ်ငန်း အရှိန်အဟုန်မြှင့်တင် တိုက်ဖျက်လျက်ရှိပေသည်။

မြန်မာနိုင်ငံ၌ မူးယစ်ဆေးဝါးပပျောက်ရေး ကြိုးပမ်းမှု၏ သမိုင်းမှတ်တိုင်တစ်ခုအဖြစ် ၂ဝဝ၆ ခုနှစ်မှစပြီး ခုနစ်နှစ်ဆက်တိုက် မြှင့်တင်လာခဲ့ရာ အစိုးရသက်တမ်းကာလ ၂ဝ၁၄ ခုနှစ်တွင် ဘိန်းစိုက်ပျိုးမှုကို စတင်ထိန်းချုပ်နိုင်ခဲ့ပြီဖြစ်သည်။ ၂ဝ၁၃ ခုနှစ်က ဘိန်းစိုက်ပျိုးဧရိယာ ၅၇၈ဝဝ ဟက်တာရှိခဲ့ရာမှ ယခုနှစ်တွင် ၅၇၆ဝဝ ဟက်တာထိ ဟက်တာ ၂ဝဝ လျှော့ချနိုင်ခဲ့ပြီဖြစ်သည်။ ထို့အတူ ထုတ်လုပ်မှုအနေဖြင့်လည်း ယခင်နှစ်က တန် ၈၇ဝ ထုတ်လုပ်ခဲ့ရာမှ ယခုနှစ်တွင် တန် ၆၇ဝ သို့ လျှော့ချပြီး ၂၃ ရာခိုင်နှုန်းခန့် လျှော့ချနိုင်ခဲ့သဖြင့် မူးယစ်ဆေးဝါးပပျောက်ရေး အစီအစဉ်သည် သိသိသာသာ တိုးတက်မှုများရှိခဲ့ပါသည်။ တစ်နည်းအားဖြင့် စိုက်ပျိုးမှုနှင့်ထုတ်လုပ်မှုကို တစ်ပြိုင်တည်း လျော့ကျအောင် ဆောင်ရွက်နိုင်ခဲ့ခြင်းဖြစ်ပါသည်။

ဘိန်းစိုက်ပျိုးထုတ်လုပ်မှု လျော့ကျအောင် အဓိကစွမ်းဆောင် နိုင်မှုတစ်ရပ်မှာ ဘိန်းအစားထိုးသီးနှံများ စိုက်ပျိုးနိုင်အောင် စီစဉ်ဆောင်ရွက်ပေးခြင်းပင်ဖြစ်ပါသည်။ ဘိန်းအစားထိုးဖွံ့ဖြိုးရေး စီမံကိန်းများ ပူးပေါင်းဆောင်ရွက်မှုအနေဖြင့် UNODCနှင့် ပူးပေါင်း ပြီး ရှမ်းပြည်နယ်(တောင်ပိုင်း) လွိုင်လင်၊ ဟိုပုံး၊ ပင်လုံမြို့နယ်များရှိ စီမံကိန်းသုံးခုကို ဆောင်ရွက်လျက်ရှိပြီး မကြာမီက လက်မှတ်ရေးထိုးခဲ့သည့် ၂ဝ၁၄-၂ဝ၁၇ ခုနှစ် မြန်မာနိုင်ငံ Country Programme အရလည်း အစားထိုးဖွံ့ဖြိုးရေးလုပ်ငန်းများကို တိုးမြှင့်ဆောင်ရွက်သွားရန် အစီအစဉ်များရေးဆွဲလျက် ရှိပါသည်။

ထို့အပြင် တာချီလိတ်၊ မိုင်းဆတ်ဒေသတွင် အစားထိုးဖွံ့ဖြိုးရေးစီမံကိန်းတစ်ခုကို ထိုင်းနိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိပါသည်။ အစားထိုးစီမံကိန်းဧရိယာများ တိုးချဲ့ဆောင်ရွက်သွားရေးကို နှစ်နိုင်ငံသဘောတူညီချက် ရရှိထားပြီဖြစ်ပါသည်။ တာမိုးညဲ၊ ကောင်းခါးဒေသတွင် စီမံကိန်းများစတင်ရန် တရုတ်နိုင်ငံနှင့်လည်း ညှိနှိုင်းမှုများ ပြုလုပ်နေပြီဖြစ်ပါသည်။ ဤသို့ဘိန်းစိုက်ပျိုး ထုတ်လုပ်မှုကိုလျော့ကျအောင် အဘက်ဘက်မှ ဆောင်ရွက်နေသကဲ့သို့ မူးယစ်ဆေးဝါးရောင်းဝယ်ဖောက်ကားမှုနှင့်သုံးစွဲမှုတို့ကိုလည်း ထိန်းချုပ်နိုင်အောင် ဥပဒေအရအရေးယူဆောင်ရွက်မှုများလည်း နိုင်ငံတစ်ဝန်းမြှင့်တင်ကြိုးပမ်းလျက်ရှိပါသည်။ သို့ပါ၍ ဘိန်းစိုက်ပျိုးထုတ်လုပ်မှု တဖြည်းဖြည်းထိန်းချုပ်နိုင်အောင် ကြိုးပမ်းလျက်ရှိရာမှ ပြည်သူတစ်ရပ်လုံးပူးပေါင်းပါဝင်မှုဖြင့် လုံးဝချုပ်ငြိမ်း ပပျောက်သွားအောင် အရှိန်အဟုန်မြှင့်တင်လျက် ဝိုင်းဝန်းကြိုးပမ်းအားထုတ်ကြရမည်ဖြစ်ပါကြောင်း။ ။

No comments:

Post a Comment