Tuesday, December 30, 2014

အာဆင်နယ် ထိပ်ဆုံး (၅)နေရာ တက်လာပြီ

Photo: အာဆင်နယ် ထိပ်ဆုံး (၅)နေရာ တက်လာပြီ

ပရီမီယာလိဂ် ပွဲစဉ် ၁၉ အဖြစ် ဒီဇင်ဘာ၂၈ ရက် ညပိုင်းက ယှဉ်ပြိုင် ကစားခဲ့ကြရာ နာမည်ကြီး ချယ်လ်ဆီး၊ မန်စီးတီးနှင့်မန်ယူတို့သည်  တစ်မှတ်ရအောင် မနည်းကြိုးစား  ကစားခဲ့ရသည်။   ချယ်လ်ဆီးအသင်းသည် ဆောက်သမ်တန်ကွင်း၌ အကောင်းဆုံးအခွင့်အလမ်းများ   လွဲချော်ခဲ့မှုကြောင့်  နိုင်ပွဲနှင့်  လွဲချော်ခဲ့ရသည်။ အိမ်ရှင်ဆောက်သမ်တန်အတွက် မိန်းကခေါင်းတိုက်ဂိုးဖြင့် ဦးဆောင် ကစားခဲ့ရာ ၄၅ မိနစ်တွင်  ဟာဇတ်က ချေပနိုင်ခဲ့သည်။  ဟာဇတ်၏ ယင်းဂိုး သည် ယခုနှစ်ရာသီအတွင်း ၁ဝ ဂိုးမြောက်   သွင်းယူခဲ့ခြင်းဖြစ်သည်။ အိမ်ရှင် မန်စီးတီးက ပထမပိုင်း ဦးဆောင်ဂိုး နှစ်ဂိုးသွင်းနိုင်ခဲ့သော်လည်း ဘန်လေအသင်းမှ နောက်မှလိုက်ကာ  ချေပဂိုး သွင်းယူနိုင်ခဲ့မှုကြောင့်   ချယ်လ်ဆီးနှင့်အမှတ်ကွာဟမှုကို အမီလိုက်ရန် ရွှေရောင်အခွင့်အရေး   ဆုံးရှုံးသွားခဲ့သည်။ မန်စီးတီးတို့ ၁ဝ ပွဲ ဆက်တိုက် အနိုင်ရအောင် ကြိုးပမ်းမှုမှာလည်း သဲထဲရေသွန်ဖြစ်ခဲ့ရသည်။ 

သို့သော်လည်း အာဆင်နယ်က ဝက်စ်ဟမ်းကို နှစ်ဂိုး-တစ်ဂိုးဖြင့် နိုင်ကာ  ဇယားနံပါတ် ၅ နေရာ တက်လာသည်။    ဝက်စ်ဟမ်းအသင်းသည် ယခုနှစ်ရာသီအတွင်း  တတိယအကြိမ် အိမ်ကွင်းရှုံးနိမ့်ခဲ့ခြင်းဖြစ်သည်။ လက်စတာက   ဟားစ်စီးတီးကို မာရက်၏ တစ်လုံးတည်းသော  ဂိုးဖြင့် ၁၄ ပွဲ အတွင်း ပထမဆုံး အနိုင်ရလိုက်သည်။ နည်းပြမရှိဖြစ်နေသော  ခရစ္စတယ်ပဲလေ့စ်က QPR ကို   ဂိုးမရှိ   သရေကစားနိုင်သော်လည်း    အောက်ဆုံးသုံးသင်းတွင်   ရပ်တန့် နေဆဲဖြစ်သည်။ နယူးကာဆယ်က  အိမ်ကွင်း၌   အဲဗာတန်ကို  သုံးဂိုး-နှစ်ဂိုးဖြင့်  အနိုင်ကစားကာ လေးပွဲအတွင်း   ပထမဆုံး  အနိုင်ရမှုကို  မှတ်တမ်းတင်နိုင်ခဲ့သည်။

ကောင်းမြတ်သူ ရေးသည်
 
No comments:

Post a Comment