Wednesday, December 31, 2014

ဖိလစ်ပိုင်တွင် မုန်တိုင်းတိုက်ခတ်၊ အနည်းဆုံး လူ ၃ဝ ထက်မနည်းသေဆုံး



 


မနီလာ ဒီဇင်ဘာ ၃ဝ

 ဖိလစ်ပိုင်နိုင်ငံ အလယ်ပိုင်းနှင့်တောင်ပိုင်းတွင် အပူပိုင်းမုန်တိုင်း ကျန်းမီတိုက်ခတ်သဖြင့် မြေပြိုခြင်း၊ ရေလွှမ်းမိုးခြင်း တို့ဖြစ်ပေါ်ခဲ့ရာ အနည်းဆုံး လူ ၃ဝ သေဆုံးခဲ့ကြောင်း၊ ယနေ့ ဒုတိယမြောက်နေ့အဖြစ် မိုးသည်းထန်စွာရွာလျက်ရှိကြောင်း တာဝန်ရှိသူများက ပြောသည်။

မြစ်ရေများလျှံတက်ကျကာ ကျေးရွာများကို လူ့လည်ပင်း နစ်မြုပ်သည်အထိ ဖုံးလွှမ်းလျက်ရှိပြီး အဝေးပြေးလမ်းမများနှင့် လူနေအိမ်များပေါ်သို့ တောင်များပြိုကျခဲ့ကြောင်း တာဝန်ရှိသူများက ပြောသည်။

ဘေးအန္တရာယ်ကြီးမားသော ဒေသများ၌ နေထိုင်သူများသည် နေအိမ်များမှ ရွှေ့ပြောင်းကြရန် သတိပေးချက်ထုတ်ပြန်သည်ကို လျစ်လျူရှုခဲ့ကြကြောင်း ဆာမာပြည်နယ် ကက်ဘာလိုဂန်မြို့တော်ဝန်က ဒီဇက်အမ်အမ် အသံလွှင့်ဌာနသို့ ပြောကြားခဲ့သည်။

ကက်ဘာလိုဂန်တွင် တောင်တန်းဘေး အဝေးပြေးလမ်းမပေါ်၌ ဗင်ကားတစ်စီးပေါ်သို့ မြေပြိုကျခဲ့ရာ ၁၂ ဦး သေဆုံးခဲ့သည်ဟု မြို့တော်ဝန်က ပြောသည်။

တစ်နာရီလျှင် မိုးရေချိန် ၁၅ မီလီမီတာအထိ မိုးရွာစေခဲ့သော ကျန်းမီမုန်တိုင်းသည် မင်ဒါနာအိုကျွန်း၏ တောင်တန်းတောင်ကုန်း ထူထပ်သည့် အရှေ့တောင်ပိုင်းကို ဝင်ရောက်မွှေနှောက်ပြီး နောက်တစ်ရက်တွင် ငါးဖမ်းနယ်မြေနှင့် ကမ္ဘာလှည့်ခရီးသွားနယ်မြေကို ဖြတ်သန်းဝင်ရောက်ခဲ့သည်။

မုန်တိုင်းမကျရောက်မီ ရွှေ့ပြောင်းပေးခဲ့သော လူဦးရေ ထောင်ပေါင်းများစွာသည် ရေများစတင်ကျဆင်းနေပြီဖြစ်၍ အင်္ဂါနေ့ နှောင်းပိုင်းတွင် ၎င်းတို့၏ နေအိမ်များသို့ ပြန်နိုင်ကြမည်ဟု မျှော်လင့် ကြသည်။

ကျန်းမီမုန်တိုင်း၏ တစ်နာရီ လေတိုက်နှုန်းမှာ ၆၅ ကီလိုမီတာ ဖြစ်သည်။

ရိုက်တာ။

No comments:

Post a Comment