Monday, December 29, 2014

အင်ဒိုနီးရှားမှ စင်ကာပူသို့ ပျံသန်းသော အဲအေရှလေယာဉ်တစ်စင်း ပျောက်ဆုံးနေ

Photo: အင်ဒိုနီးရှားမှ စင်ကာပူသို့ ပျံသန်းသော 
အဲအေရှလေယာဉ်တစ်စင်း ပျောက်ဆုံးနေ

ဂျကာတာ   ဒီဇင်ဘာ  ၂၈ 

အင်ဒိုနီးရှားနိုင်ငံမှ   စင်ကာပူ နိုင်ငံသို့ ပျံသန်းသွားသော အဲအေရှ လေယာဉ်တစ်စင်းသည်  ပျံသန်း နေစဉ်လမ်းခုလတ်တွင် ပျောက်ဆုံး လျက်ရှိနေသည်။ 

အဲအေရှလေကြောင်းလိုင်းပိုင် အဲဘတ်စ် အေ ၃၂ဝ-၂ဝဝ အမျိုး အစား  လေကြောင်းလိုင်းအမှတ်QZ 5801 သည်  အင်ဒိုနီးရှားနိုင်ငံ ဆူရာဘာရာမြို့မှ ယနေ့နံနက် ဒေသ စံတော်ချိန် နံနက် ၅ နာရီ မိနစ် ၂ဝ ခန့်တွင် စင်ကာပူနိုင်ငံသို့ ပျံသန်း သွားခဲ့ရာ နံနက် ၇ နာရီ ၂၄ မိနစ်မှ စတင်ကာ ပျောက်ဆုံးနေခဲ့ကြောင်း လေကြောင်းလိုင်းက အတည်ပြု ပြောကြားသည်။ 

လေယာဉ်နှင့် အဆက်အသွယ် မပြတ်တောက်မီတွင် လေယာဉ်မှူး က ရာသီဥတုဆိုးရွားမှုကြောင့် လေယာဉ်ကို လမ်းကြောင်းပြောင်းလဲ မောင်းနှင်ခွင့်ပြုရန်  လေကြောင်း ထိန်းချုပ်ရေးဌာနသို့ အကြောင်း ကြားခဲ့သေးသလို လေယာဉ်သည် 
ဂျာဗားပင်လယ်ပေါ်တွင် ပျောက်ဆုံးသွားခြင်းဖြစ်ကြောင်း အင်ဒိုနီးရှားတာဝန်ရှိသူများက ပြောကြားသည်။ 

စင်ကာပူ လေကြောင်းအာဏာပိုင်အဖွဲ့၏အဆိုအရ လေယာဉ်သည်  အဆက်အသွယ် ပြတ်တောက်ခဲ့ချိန်က   အင်ဒိုနီးရှားလေကြောင်းအချက်ပြဒေသ  အင်ဒိုနီးရှား လေပိုင်နက် အတွင်း၌ ရှိခဲ့သည်။ ယင်းနေရာမှာ စင်ကာပူ-ဂျကာတာ လေကြောင်းအချက်ပြဒေသ၏ အရှေ့တောင်ဘက် မိုင်ပေါင်း ၂၃ဝ ကျော်တွင် ဖြစ်သည်။ 

စင်ကာပူနိုင်ငံ၏ လေတပ်၊ ရေတပ် တို့က  အင်ဒိုနီးရှားအာဏာပိုင်အဖွဲ့ကို ကူညီရှာဖွေရန် အသင့်ရှိနေကြောင်း ထုတ်ပြန်ခဲ့သည်။

လေယာဉ်ပေါ်တွင် စုစုပေါင်း လူ ၁၆၂ ဦး စီးနင်းလိုက်ပါသွားကာ လေယာဉ်မောင်းနှစ်ဦး၊ လေယာဉ်ဝန်ထမ်း ငါးဦးနှင့် ခရီးသည် ၁၅၅ ဦးဖြစ်ပြီး ခရီးသည်များတွင် အင်ဒိုနီးရှားနိုင်ငံသား ၁၄၉ ဦး၊ တောင်ကိုရီးယားနိုင်ငံသား သုံးဦး၊ မလေးရှား၊ဗြိတိန်နှင့် စင်ကာပူနိုင်ငံသား တစ်ဦးစီတို့ဖြစ်ကြောင်း လေကြောင်းလိုင်းက ထုတ်ပြန်ကြေညာထားသည်။

ပျောက်ဆုံးသွားသော  အဲအေရှလေယာဉ်ပေါ်ပါ ခရီးသည်များ၏   ဆွေမျိုးများနှင့် မိတ်ဆွေသူငယ်ချင်းများအတွက် စောင့်ဆိုင်းဧရိယာ၊ လိုအပ်သောအထောက်အပံ့များကို ချန်ဂီလေဆိပ်၌ ဆောင်ရွက်ထားပြီးဖြစ်ကြောင်း စင်ကာပူလေကြောင်းက  သတင်းထုတ်ပြန်ခဲ့ သည်။

ယခုလေယာဉ် လက်ရှိပျောက်ဆုံးနေမှုသည် မလေးရှားလေကြောင်းလိုင်းပိုင် အမ်အိတ်ခ်ျ ၃၇ဝ ပျောက်ဆုံးပြီးနောက် ၁ဝ လနီးပါးအကြာတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ ၂ဝ၁၄ ခုနှစ် အတွင်း ဒုတိယအကြိမ်မြောက် လေယာဉ်ပျောက်ဆုံးမှုဖြစ်သကဲ့သို အရှေ့တောင်အာရှဒေသတွင်း လေကြောင်းလိုင်းများအနေဖြင့် တတိယအကြိမ် လေယာဉ်မတော်တဆမှုဖြစ်ပွားခြင်းလည်း ဖြစ်သည်။                                                                 

 စီအင်န်အင်န်

No comments:

Post a Comment