Wednesday, December 31, 2014

ဆိုမာလီတွင် အမေရိကန်လေကြောင်းမှ တိုက်ခိုက်



 

မိုဂါဒစ်ရှူး ဒီဇင်ဘာ ၃ဝ

 ဆိုမာလီနိုင်ငံတွင် အစွန်းရောက်အကြမ်းဖက်အုပ်စု အယ်လ်ရှာဘတ်၏ ခေါင်းဆောင်ဆိုသူကို ပစ်မှတ်ထားကာ အမေရိကန်က တနင်္လာနေ့နှောင်းပိုင်းတွင် လေကြောင်းမှ တိုက်ခိုက်ခဲ့ကြောင်း ပင်တဂွန်က ဒီဇင်ဘာ ၃ဝ ရက် ကြေညာချက်ထုတ်ပြန်သည်။

အမေရိကန်၏ လေကြောင်းမှ တိုက်ခိုက်ခြင်းကြောင့် အယ်လ်ခိုင်ဒါနှင့် ဆက်နွှယ်သော အဖွဲ့ခေါင်းဆောင် အာမက်အက်ဒီဂိုဒါနီ သေဆုံးပြီး လေးလအကြာ အမေရိကန်နိုင်ငံခြားရေး ဌာနက ဆုငွေဒေါ်လာသုံးသန်းထုတ်ထားသော ၎င်းအဖွဲ့၏ ထောက်လှမ်းရေးအကြီးအကဲ ဇာကာရီယာ အစ္စမေးအာမက်ဟာစီကို ဆိုမာလီကာကွယ်ရေးတပ်ဖွဲ့က လက်ရဖမ်းဆီးမိပြီး သုံးရက်အကြာ ယခုကဲ့သို့ တိုက်ခိုက်ခြင်းဖြစ်သည်။ တိုက်ခိုက်မှုနှင့် ရလဒ်အသေးစိတ်တို့ကို ကြေညာချက်တွင် ဖော်ပြထားခြင်းမပြုပေ။

အယ်လ်ရှာဘတ်ပြောရေးဆိုခွင့်ရှိသူက အဆိုပါတိုက်ခိုက်မှုကို အတည်ပြုသည်။ လေယာဉ် ဖြင့် တိုက်ခိုက်ခဲ့ခြင်းမဟုတ်ဘဲ မောင်းသူမဲ့လေယာဉ်ဖြင့် တိုက်ခိုက်ခြင်းဖြစ်ကြောင်း ပြောကြားသော်လည်း သေဆုံးမှုနှင့်ပတ်သက်၍မူ ပြောကြားရန် ငြင်းဆိုခဲ့သည်။

ဘီဘီစီ။

No comments:

Post a Comment