Tuesday, December 30, 2014

ဝန်ထမ်းများလစာတိုးမြှင့်ခြင်းသာမက နောင်ရေးအတွက်ပါစီစဉ်လျက်ရှိ တစ်ဦးချင်းဝင်ငွေစုဆောင်းသည့်စနစ် အားကောင်းခိုင်မာအောင် နိုင်ငံ့ဝန်ထမ်းများ ဝိုင်းဝန်းဆောင်ရွက်သွားရန်လို

Photo: ဝန်ထမ်းများလစာတိုးမြှင့်ခြင်းသာမက နောင်ရေးအတွက်ပါစီစဉ်လျက်ရှိ တစ်ဦးချင်းဝင်ငွေစုဆောင်းသည့်စနစ် အားကောင်းခိုင်မာအောင် နိုင်ငံ့ဝန်ထမ်းများ ဝိုင်းဝန်းဆောင်ရွက်သွားရန်လို

ရန်ကုန် ဒီဇင်ဘာ ၂၉

အုပ်ချုပ်ရေးဆိုင်ရာကိစ္စရပ်များနှင့် ပတ်သက်၍ နိုင်ငံ့ ဝန်ထမ်းများနှင့် တွေ့ဆုံပွဲအခမ်းအနားကို ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့ရုံး ဧည့်ခန်းမကြီး၌ ယနေ့ နံနက် ၉ နာရီခွဲတွင် ကျင်းပရာ သမ္မတရုံးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးလှထွန်း၊ ဒုတိယဝန်ကြီး ဒေါက်တာမောင်မောင် သိမ်း၊ ဦးသန့်ရှင်း၊ ဒေါက်တာ ဒေါ်သိန်းသိန်းဌေး၊ ဒေါ်ဝင်း မော်ထွန်း၊ ဌာနဆိုင်ရာအကြီးအကဲများနှင့် ဝန်ကြီးဌာန အသီးသီးရှိ ဌာနခွဲ ၉၈ ခုမှ နိုင်ငံ့ဝန်ထမ်း ၅ဝဝ ကျော် တက်ရောက်သည်။

အဆိုပါတွေ့ဆုံပွဲအခမ်းအနားတွင် ပြည်ထောင်စု ဝန်ကြီး ဦးလှထွန်းက အဖွင့်အမှာစကားပြောကြားရာ၌ မြန်မာနိုင်ငံအနေဖြင့် ဒီမိုကရေစီစနစ်သစ်ဆီသို့ ကူးပြောင်း ကာလတစ်ခုကို ဖြတ်သန်းနေခြင်းဖြစ်ပြီး မိဘပြည်သူများ၏အကျိုးစီးပွားကို ရှေးရှုကာ စိန်ခေါ်မှုများကိုလည်း အောင်မြင်စွာ ကျော်ဖြတ်ခဲ့ရသည်ကို တွေ့ရမှာဖြစ်ကြောင်း၊ နိုင်ငံတကာတွင် မြန်မာနိုင်ငံအစိုးရ၏ ပြုပြင်ပြောင်းလဲ မှုများကို အသိအမှတ်ပြုခံရပြီး အစိုးရအဖွဲ့ခေါင်းဆောင် ဖြစ်သည့် နိုင်ငံတော်သမ္မတကြီးကို ပြုပြင်ပြောင်းလဲရေး အမှတ်အသားတစ်ခုအနေဖြင့် သတ်မှတ်ခံရသည်အထိ အောင်မြင်ခဲ့သည်ကို တွေ့ရှိရမှာဖြစ်ကြောင်း၊ ယခုလို အောင်မြင်အောင် ဆောင်ရွက်ခဲ့သည့် နိုင်ငံ့ဝန်ထမ်းများ၏ ကြိုးပမ်းအားထုတ်မှုကို ကျေးဇူးတင်ရှိကြောင်း၊ ကောင်းမွန် သော အုပ်ချုပ်ရေး၊ သန့်ရှင်းသော အစိုးရဖြစ်အောင် ဆောင်ရွက်ရာတွင် လူမှုစီးပွားလိုအပ်ချက်များကို အဓိက ထား ဖြည့်ဆည်းပေးနိုင်ရန်ရည်ရွယ်ပြီး ဦးစားပေးလုပ်ငန်း စဉ် (၇)ရပ်ဖြင့် လျှပ်စစ်မီး၊ သောက်သုံးရေ၊ စိုက်ပျိုးရေး၊ အလုပ်အကိုင်ရရှိရေး၊ ခရီးသွားလုပ်ငန်း၊ ငွေကြေးလုပ်ငန်း၊ ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှု စသည့်ကဏ္ဍများကို တိုင်း ဒေသကြီးနှင့် ပြည်နယ်အသီးသီးတို့တွင် ဖွံ့ဖြိုးတိုးတက် အောင် ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ နိုင်ငံ့ဝန်ထမ်းများကို လစာတိုးမြှင့်ပေးနိုင်ရေးနှင့် ဝန်ထမ်းမိသားစုများ၏ ပညာ ရေး၊ ကျန်းမာရေး၊ နေထိုင်ရေးဆိုင်ရာ သုံးစွဲကုန်ကျစရိတ် များကို အထောက်အပံ့ဖြစ်စေနိုင်မည့် အစီအမံများကိုလည်း အစိုးရအနေဖြင့် ကြိုးပမ်းအကောင်အထည်ဖော် ဆောင်ရွက် ပေးလျက်ရှိကြောင်း။
နိုင်ငံ့ဝန်ထမ်းလစာနှင့်ပတ်သက်၍ အစိုးရသစ် လက်ထက်၌ ၂ဝ၁၁ ခုနှစ် ဇူလိုင် ၁ ရက်တွင် အငြိမ်းစား နိုင်ငံ့ဝန်ထမ်းများ၏ ပင်စင်လစာများ တိုးမြှင့်ခြင်း၊ ၂ဝ၁၂ ခုနှစ် ဧပြီလ ၁ ရက်တွင် နိုင်ငံ့ဝန်ထမ်းများအား အပို ထောက်ပံ့ကြေးခွင့်ပြုပေးခြင်း၊ ၂ဝ၁၃ ခုနှစ် ဧပြီလ ၁ ရက်နှင့် ၂ဝ၁၄ ခုနှစ် ဧပြီ ၁ ရက်တို့တွင် နိုင်ငံ့ဝန်ထမ်းများ၏ လစာနှုန်းထားများကို ပြင်ဆင်တိုးမြှင့်သတ်မှတ်ပေးခဲ့ ကြောင်း၊ ယခုလည်း နိုင်ငံ့ဝန်ထမ်းများအတွက် လစာ တိုးမြှင့်ခြင်းကိစ္စကို ၂ဝ၁၅-၂ဝ၁၆ ဘဏ္ဍာရေးနှစ်မှစ၍ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန် အသေးစိတ် တွက်ချက်ဆောင်ရွက်လျက်ရှိကြောင်း။

နိုင်ငံ့ဝန်ထမ်းလစာများ တိုးမြှင့်သည့်အကြိမ်တိုင်း အခြေခံစားကုန်များအပါအဝင် ကုန်ဈေးနှုန်းများ မြင့်တက်ခဲ့ သည်ကို တွေ့ရကြောင်း၊ နိုင်ငံ့ဝန်ထမ်းများသည် ပုံမှန် ဝင်ငွေရရှိခဲ့သူများဖြစ်ပြီး ဘဝနောင်ရေးအတွက် အငြိမ်းစား လစာကို မှီခိုအားထားနေရသူများဖြစ်ကြောင်း၊ ပုဂ္ဂလိက ဝန်ထမ်းများအနေဖြင့် အငြိမ်းစားလစာရရှိခြင်းမရှိသော် လည်း ပုံမှန်ဝင်ငွေရရှိသူများသာဖြစ်ကြောင်း၊ ဝန်ထမ်း မဟုတ်သော လယ်သမား၊ အလုပ်သမား၊ ဈေးရောင်း၊ လက်လုပ်လက်စား အခြေခံလူတန်းစားအမျိုးမျိုးသည် နေ့စဉ် လုပ်ကိုင်နိုင်မှုအပေါ်မူတည်၍ ဝင်ငွေရရှိပြီး ခြိုးခြံချွေတာ သုံးစွဲရသည့်အတွက် အခြေခံစားသောက်ကုန်ဈေးနှုန်းများ မြင့်တက်လာမှုဒဏ်ကို ခံနိုင်ရည်ရှိရန်ကိစ္စမှာ ခန့်မှန်းရ ခက်ကြောင်း၊ ပုဂ္ဂလိကကဏ္ဍတွင်ရှိသည့် အလုပ်သမားများ အပေါ်တွင်လည်း အကျိုးသက်ရောက်မှုရှိနိုင်သောကြောင့် ပုဂ္ဂလိကကဏ္ဍ၏ လုပ်ခလစာ အခြေအနေအပြင် ပြည်သူ လူထုတစ်ဦးချင်း၏ ပျမ်းမျှဝင်ငွေသည် ဖြစ်ပေါ်လာမည့် အခြေအနေနှင့် လိုက်လျောညီထွေရှိရန်ကိုလည်း ထည့်သွင်း စဉ်းစားရန် လိုအပ်ကြောင်း။

နိုင်ငံ့ဝန်ထမ်းအင်အားသည် မြန်မာနိုင်ငံ လူဦးရေ၏ ၂ ရာခိုင်နှုန်းမျှသာရှိပြီး ကျန် ၉၈ ရာခိုင်နှုန်းမှာ ပြည်သူများ သာဖြစ်သည့်အတွက် ကုန်ဈေးနှုန်းမြင့်တက်မှုကို ခံစားရ မည့်သူမှာ ပြည်သူသာဖြစ်သည့်အတွက် စာနာရန်လိုအပ် ကြောင်း၊ ပြည်သူအများစု၏ အကျိုးစီးပွားကို ထိခိုက်မှု အနည်းဆုံးဖြစ်စေမည့် နည်းလမ်းကိုဆောင်ရွက်ရန် လွန်စွာ အရေးကြီးသည့်အချက်ဖြစ်ကြောင်း၊ နိုင်ငံတော်အစိုးရ အနေဖြင့် ဝန်ထမ်းများ၏ လစာနှုန်းထားတိုးမြှင့်ရေးကို အထူးအလေးထားဆောင်ရွက်ပေးသွားမည်ဖြစ်ကာ လစာ နှုန်းထား တိုးမြှင့်ရေးနှင့်အတူ ဝန်ထမ်းများ အငြိမ်းစားယူပြီး နောက် ကိုယ်ပိုင်အိမ်နှင့်နေထိုင်နိုင်ရေး၊ ကျန်းမာရေးနှင့် ဝင်ငွေဆိုင်ရာ သုံးစွဲကုန်ကျမှုများကို အထောက်အပံ့ဖြစ် စေနိုင်မည့်အစီအမံများကိုလည်း ဆောင်ရွက်သွားမှာဖြစ် ကြောင်း၊ အဆိုပါအစီအမံများသည် နိုင်ငံဖွံ့ဖြိုးမှုအတွက် ရေရှည်ခိုင်မာသည့် အုတ်မြစ်ကောင်းတစ်ခု ချမှတ်ပေးနိုင် ရန်အတွက်ဖြစ်ကြောင်း၊ ယင်းအစီအစဉ်များတွင် နိုင်ငံ တကာ၌ အောင်မြင်စွာ ကျင့်သုံးနေသည့်ပုံစံများ၊ အတွေ့ အကြုံများအပေါ်တွင် အခြေခံထားခြင်းဖြစ်ကာ ပြည်သူ့ အကျိုးစီးပွားကို ဘေးထွက်ဆိုးကျိုးသက်ရောက်မှုအနည်းဆုံး ဖြစ်စေမည့် ဝင်ငွေစုဆောင်းသည့် ရန်ပုံငွေစနစ်တစ်ခုကို ထူထောင်သွားမည်ဖြစ်ကြောင်း၊ အကျိုးဆက်အနေဖြင့် နိုင်ငံ့ဝန်ထမ်းများ နိုင်ငံတော်၏ထောက်ပံ့မှုကို ပြည့်ဝစွာ ရရှိခံစားနိုင်မည်ဖြစ်ပြီး နေထိုင်စားသောက်ရေး၊ ပညာရေး၊ ကျန်းမာရေး စသည့် လူမှုပတ်ဝန်းကျင်ကောင်းတစ်ခု ဖန်တီး ဖော်ဆောင်နိုင်မည်ဖြစ်ကြောင်း၊ နိုင်ငံတော်က ကျန်းမာရေး ကဏ္ဍတွင် အခမဲ့ကျန်းမာရေးစောင့်ရှောက်မှုစနစ်ကို ကျင့်သုံး လျက်ရှိပြီး ဘတ်ဂျက်အသုံးစရိတ်များကို တစ်နှစ်ထက် တစ်နှစ် ပိုမို ခွဲဝေချထားပေးလျက်ရှိကြောင်း၊ လူမှုဖူလုံရေး အဖွဲ့အနေဖြင့် ကျန်းမာရေးနှင့် လူမှုရေးစောင့်ရှောက်မှု အာမခံစနစ်များထားရှိဆောင်ရွက်ပေးလျက်ရှိရာ နိုင်ငံ့ ဝန်ထမ်းများအနေဖြင့် လူမှုဖူလုံရေးအဖွဲ့တွင် အဖွဲ့ဝင်ခြင်း ဖြင့် ထိရောက်သည့်အကျိုးခံစားမှုများရရှိမည်ဖြစ်ကြောင်း။

ပညာရေးကဏ္ဍတွင် နိုင်ငံ့ဝန်ထမ်းများ၏ သားသမီး များအပါအဝင် ကျောင်းသား ကျောင်းသူများအတွက် ၂ဝ၁၁-၂ဝ၁၂ ပညာသင်နှစ်မှစတင်ပြီး အခမဲ့မူလတန်းပညာ သင်ကြားရေးကို လည်းကောင်း၊ ၂ဝ၁၄-၂ဝ၁၅ ပညာသင် နှစ်တွင် အခမဲ့အလယ်တန်းပညာသင်ကြားရေးကိုလည်း ကောင်း တစ်နိုင်ငံလုံးအတွက် ဆောင်ရွက်ပေးခဲ့ပြီး ၂ဝ၁၅-၂ဝ၁၆ ပညာသင်နှစ်တွင် အခမဲ့အထက်တန်းပညာရေးကို ဆောင်ရွက်ပေးရန် စီစဉ်လျက်ရှိကြောင်းဖြင့် ပြောကြား သည်။
ထို့နောက် ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာမောင်မောင်သိမ်းက နိုင်ငံ့ဝန်ထမ်းများ လစာ တိုးမြှင့်ရရှိခြင်းနှင့် ပတ်သက်၍ ဘဏ္ဍာရေးဆိုင်ရာ အချက် အလက်များနှင့် လစာတိုးမြှင့်ရာတွင် ထည့်သွင်းစဉ်းစား ရသော အချက်အလက်များ၊ ငွေကြေးဂယက်ဆိုင်ရာအခြေ အနေများ၊ နိုင်ငံ့ဝန်ထမ်းများ လစာငွေတိုးမြှင့်ရေးဆောင် ရွက်ရာတွင် နောက်ဆက်တွဲ ရင်ဆိုင်ရဖွယ်ရှိသည့် ဘဏ္ဍာ ရေးဆိုင်ရာ အကျပ်အတည်းများနှင့် နိုင်ငံတော်က နိုင်ငံ့ ဝန်ထမ်းများနှင့် ပြည်သူများအတွက် တိုးမြှင့်ဆောင်ရွက်လျက် ရှိသော ပညာရေး၊ ကျန်းမာရေး အကျိုးခံစားခွင့်များနှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားသည်။

ထို့နောက် ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးသန့်ရှင်းက ပညာရေးကဏ္ဍနှင့် စပ်လျဉ်း၍ ယူဆချက်များ၊ ၂ဝ၁၁ မှ ၂ဝ၁၅ ခုနှစ်အတွင်း ပညာသင်နှစ်အလိုက် ပညာရေးမြှင့်တင်မှုဆိုင်ရာကဏ္ဍ အသီးသီးအတွက် ဆောင် ရွက်ပြီးစီးမှု၊ ဘက်ဂျက်တိုးမြှင့်ရရှိမှုနှင့် ဆက်လက်ဆောင် ရွက်မည့် အစီအစဉ်များကို အသေးစိတ်ကိန်းဂဏန်းများဖြင့် ရှင်းလင်းပြောကြားသည်။

ယင်းနောက် ကျန်းမာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ ဒေါ်သိန်းသိန်းဌေးက ကျန်းမာရေးတိုးမြှင့်ဆောင် ရွက်မှု အခြေအနေများ၊ အားလုံးလွှမ်းခြုံနိုင်သော ကျန်းမာ ရေးစောင့်ရှောက်မှုရရှိစေရန် အခွင့်အလမ်းများ၊ ကျန်းမာ ရေးဝန်ကြီးဌာန၏ နှစ်အလိုက် ကျန်းမာရေးဆိုင်ရာ အသုံး စရိတ်ခွင့်ပြုခြင်း၊ ဆက်လက်ဆောင်ရွက်မည့် ကျန်းမာရေး စောင့်ရှောက်မှုနှင့် ဝန်ဆောင်မှုပိုင်းဆိုင်ရာ အစီအမံများနှင့် စာရင်းဇယားအချက်အလက်များအပေါ် ရှင်းလင်းပြောကြား သည်။

ဆက်လက်၍ အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါ်ဝင်းမော်ထွန်း က လူမှုဖူလုံရေးစီမံကိန်း စတင်ပေါ်ပေါက်လာပုံ၊ ရည်ရွယ် ချက်၊ လူမှုဖူလုံရေးအာမခံစနစ်များ၊ ၂ဝ၁၂ခုနှစ် လူမှုဖူလုံ ရေး ဥပဒေထည့်ဝင်ကြေး နှုန်းထားများ၊ လူမှုအကာအကွယ် ပေးရေးဆိုင်ရာလုပ်ငန်းစဉ်များအပေါ် ရှင်းလင်းတင်ပြ သည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီး ဦးလှထွန်းက နိဂုံးချုပ် အမှာစကားပြောကြားရာ ဒီမိုကရေစီစနစ်ကျင့်သုံးသည့် နိုင်ငံများတွင် အစိုးရအနေဖြင့် မူဝါဒများ အကောင်အထည် ဖော်ရာ၌ စွမ်းဆောင်ရည်မြင့်မားသည့် ဝန်ထမ်းများရှိရမည် ဖြစ်ကြောင်း၊ ဝန်ထမ်းများ၏ ရာထူးတိုးမြှင့်ရေးကိစ္စများတွင် စွမ်းဆောင်ရည် အခြေပြုစီမံခန့်ခွဲမှုနှင့် ရလဒ်အခြေပြုစီမံ ခန့်ခွဲမှုကို ကျင့်သုံးရမည်ဖြစ်ပါကြောင်း၊ ဝန်ထမ်းများ၏ အဓိက လိုအပ်ချက်များဖြစ်သည့် စားဝတ်နေရေး၊ ပညာရေး၊ ကျန်းမာရေး၊ မိသားစုအရေးကိစ္စများကို မြှင့်တင်ဆောင်ရွက် ပေးရမည်ဖြစ်ကြောင်း၊ နိုင်ငံ့တာဝန်ထမ်းဆောင်နေသော ဝန်ထမ်းများ သက်ပြည့်ပင်စင်အငြိမ်းစားယူပြီးနောက်တွင် လည်း လိုအပ်ချက်များရှိနေနိုင်ကြောင်း၊ နိုင်ငံတော်၏ ပြုပြင် ပြောင်းလဲရေး မူဝါဒ(၄)ရပ်ဖြစ်သည့် နိုင်ငံရေးပြုပြင် ပြောင်းလဲမှု၊ စီးပွားရေး ပြုပြင်ပြောင်းလဲမှု၊ အုပ်ချုပ်ရေးပြုပြင် ပြောင်းလဲမှုနှင့် ပုဂ္ဂလိကကဏ္ဍ ပြုပြင်ပြောင်းလဲမှုများဟူ၍ ဆောင်ရွက်လျက်ရှိရာ တတိယအဆင့် ပြုပြင်ပြောင်းလဲမှု အဖြစ် တာဝန်ယူမှု ၊ တာဝန်ခံမှု၊ တာဝန်သိမှု၊ တာဝန်ကျေပွန် မှု စသည့်အချက်များကို ပေါင်းစပ်အကောင်အထည်ဖော်နိုင် ရန် လိုအပ်ကြောင်း၊ နိုင်ငံတော်အတွင်းရှိ တိုင်းရင်းသား ညီအစ်ကို မောင်နှမများက ပေးဆောင်ထားသော အခွန်အခ များမှ ရရှိသည့် နိုင်ငံတော်၏ အခွန်ဘဏ္ဍာငွေကို နိုင်ငံ့ ဝန်ထမ်းများ၏ လစာအဖြစ် သုံးစွဲနေရခြင်းဖြစ်ကြောင်း၊ သို့ဖြစ်၍ တာဝန်ရှိမှု၊ တာဝန်သိမှုနှင့် တာဝန်ကျေပွန်မှုများကို အဓိကရည်မှန်းချက်ထားကာ ဆောင်ရွက်သွားရန်လိုအပ် ကြောင်း၊ ပြုပြင်ပြောင်းလဲရေးမူဝါဒများနှင့်အညီ နိုင်ငံ့ ဝန်ထမ်းများက ကြိုးပမ်းအကောင်အထည်ဖော်ကြခြင်းသည် အသက်မွေးဝမ်းကျောင်းကို အထောက်အကူပြုသကဲ့သို့ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက်လည်း ပါဝင်ဆောင်ရွက် နေကြခြင်းဖြစ်ကြောင်း၊ ဝန်ထမ်းလစာတိုးမြှင့်ရေးသာမက ဝန်ထမ်းများ၏ နောင်ရေးစိတ်အေးရမည့်စနစ်ကောင်း နည်းလမ်းကောင်းများကို လေ့လာဆောင်ရွက်ရန်လို ကြောင်း၊ တစ်ဦးချင်းစုဆောင်းငွေစနစ်အရ အလုပ်သမား၊ အလုပ်ရှင်ထည့်ဝင်ကာ စုဆောင်းရခြင်းဖြစ်ပြီး ရေရှည်တွင် နိုင်ငံ့ဝန်ထမ်းများသာမက ပုဂ္ဂလိကဝန်ထမ်းများအတွက်ပါ စနစ်တကျအကောင်အထည်ဖော်သွားနိုင်အောင် ကြိုးပမ်း လျက်ရှိသည်ကို အသိပေးပြောကြားလိုကြောင်း၊ ဝန်ထမ်းများ အနေဖြင့် ရှင်းလင်းတင်ပြလိုသော အကြောင်းအချက် အလက်များနှင့် အကြံပြုချက်များကို သက်ဆိုင်ရာ ဌာန တာဝန်ရှိသူများမှတဆင့် ဆက်လက်တင်ပြရန် ဖိတ်ခေါ်ပါ ကြောင်းဖြင့် ပြောကြားခဲ့သည်။

(မိုးသူဇာစိုး)
 
No comments:

Post a Comment