Tuesday, December 2, 2014

စိန်ခေါ်မှုများကို အမျိုးသားရေးအင်အားစုအားလုံးနှင့် လက်တွဲပြီး အောင်မြင်အောင်ဆောင်ရွက်သွားရန် သန္နိဋ္ဌာန်ချထား



နိုင်ငံတော်သမ္မတ ဦးသိန်းစိန်ပြောကြားသည့် ရေဒီယိုမိန့်ခွန်း

(၂-၁၂-၂ဝ၁၄)

မိဘပြည်သူများခင်ဗျား-

ကျွန်တော်တို့ နိုင်ငံရဲ့ လက်ရှိအခြေအနေများကို မိဘပြည်သူများထံ ရေဒီယိုမှတစ်ဆင့် အသိပေးပြောကြားနေကြဖြစ်တဲ့အတိုင်း နိုဝင်ဘာလအတွင်း မြန်မာနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲမှုများကို ပြောကြားရခြင်းဖြစ်ပါတယ်။

ဒီလမှာ ကျွန်တော်အထူးပြောကြားလိုတဲ့ကိစ္စကတော့ လက်ရှိကျွန်တော်တို့နိုင်ငံမှာ ဖြစ်ထွန်းနေတဲ့ နိုင်ငံရေးဖြစ်စဉ်ကို ချဉ်းကပ်တဲ့အခါ ဒီဖြစ်စဉ်သည် ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်များ ဖြစ်ထွန်းရေးနဲ့ ထိုဖြစ်စဉ်များဆက်လက် ရှင်သန်ရေးဆိုတဲ့ကိစ္စတွေအောင်မြင်ဖို့ ကြိုးပမ်းဆောင်ရွက်နေရတဲ့ ဖြစ်စဉ်လို့ ရှုမြင်စေလိုတဲ့ အကြောင်းပဲဖြစ်ပါတယ်။ အထူးသဖြင့် နိုင်ငံရေးပဋိပက္ခများကို မိမိဘက်၊ အခြားဘက်ဆိုတဲ့ ဘက်နှစ်ဖက်ချဉ်းကပ်မှုမျိုးနဲ့ ဖြေရှင်းဖို့ကြိုးပမ်းခြင်းမျိုးထက်ကျော်လွန်တဲ့ အမျိုးသားရေးအင်အားစုများအချင်းချင်း နားလည်မှု ရှိရှိနဲ့ လက်တွဲဖြေရှင်းဖို့ ကြိုးပမ်းစေလိုခြင်းပဲဖြစ်ပါတယ်။ နိုင်ငံရေးအင်အားစုများအနေနဲ့ မိမိတို့ရဲ့ နိုင်ငံရေးရည်မှန်းချက်များကို အကောင်အထည်ဖော်ရာမှာလည်း ဒီရှုထောင့်၊ ဒီရှုမြင်မှုကို ထည့်သွင်းစဉ်းစားဆောင်ရွက်ကြဖို့လည်း တိုက်တွန်းပြောကြားလိုပါတယ်။

လက်ရှိကျွန်တော်တို့ ကြိုးပမ်းအကောင်အထည်ဖော်လျက်ရှိနေတဲ့ နိုင်ငံရေးဖြစ်စဉ်များဟာ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းများ အသက်ဝင်ရှင်သန် ရေးအတွက် လိုအပ်တဲ့ ဖြေလျှော့ပေးမှုတွေ၊ အသွင်ကူးပြောင်းရေးလုပ်ငန်းတွေနဲ့ ဒီမိုကရေစီကျင့်စဉ်များ အမြစ်တွယ်ရှင်သန်လာရေးတို့ကို တစ်ပြိုင်နက် အကောင်အထည်ဖော် ဆောင်ရွက်နေရခြင်းဖြစ်တဲ့အတွက် ကြီးမားတဲ့စိန်ခေါ်မှုများကို ရင်ဆိုင်ကျော်လွှားနေရတာဖြစ်ပါတယ်။ ကျွန်တော့်အနေနဲ့ ဒီစိန်ခေါ်မှုတွေကို ဖြေရှင်းတဲ့အခါ လတ်တလောဖြေရှင်းရမယ့်ကိစ္စများကို လျစ်လျူရှုခြင်းမရှိဖို့နဲ့ ရေရှည်လုပ်ငန်းစဉ်များ အသက်ဝင်ရှင်သန်နေရေးကိုလည်း မျက်ခြည်မပြတ်စေဖို့ ကြိုးပမ်းဆောင်ရွက်နေတာဖြစ်ပါတယ်။ တစ်နည်းအားဖြင့် ပြုပြင်ပြောင်းလဲ ရေးလုပ်ငန်းစဉ်များ အသက်ဝင်ရှင်သန်ရေးအတွက် လိုအပ်တဲ့အခြေခံများကို တည်ဆောက်နေရတာဖြစ်တဲ့အတွက် ယနေ့ မြန်မာနိုင်ငံရဲ့ နိုင်ငံရေးပြုပြင် ပြောင်းလဲမှုများဟာ တုံ့နှေးနေသည်ဆိုတဲ့ အားမလိုအားမရပြောဆိုနေမှုများ ရှိနေခြင်းဖြစ်ပါတယ်။ ကျွန်တော့်အနေနဲ့ ဒီပြုပြင်ပြောင်းလဲရေးဖြစ်စဉ် သက်ဝင်ရှင်သန်ရေးအတွက် မှန်ကန်တဲ့စိတ်ရင်းစေတနာနဲ့ လက်တွေ့အရှိ တရားတွေကို အခြေခံတဲ့ကြိုးပမ်းအားထုတ်မှုကို အစဉ်တစိုက်အာရုံစိုက် ဆောင်ရွက်လျက်ရှိတယ်လို့ ပြောကြားလိုပါတယ်။

နိုဝင်ဘာလအတွင်းမှာ ကျွန်တော်တို့နိုင်ငံအနေနဲ့ အာဆီယံထိပ်သီး အစည်းအဝေးများကို အောင်မြင်စွာလက်ခံကျင်းပနိုင်ခဲ့ပါတယ်။ အရှေ့တောင် အာရှအိမ်နီးချင်းနိုင်ငံများက ခေါင်းဆောင်တွေသာမကဘဲ အိန္ဒိယ၊ တရုတ်၊ အမေရိကန်၊ ရုရှား၊ ဂျပန်၊ တောင်ကိုရီးယားနဲ့ သြစတြေးလျနိုင်ငံများရဲ့ ခေါင်းဆောင်များတက်ရောက်ခဲ့တဲ့ ဒီအစည်းအဝေးများဟာ ကျွန်တော်တို့ နိုင်ငံသမိုင်းတစ်လျှောက် ကမ္ဘာ့နိုင်ငံအသီးသီးကခေါင်းဆောင်တွေ အများအပြားစုဝေးတက်ရောက်တဲ့ အကြီးကျယ်ဆုံးအစည်းအဝေးကြီးလည်း ဖြစ်ပါတယ်။ အခုလို ဂုဏ်ယူစရာကောင်းတဲ့ ဒီအစည်းအဝေးကြီးကို အောင်မြင်စွာ လက်ခံကျင်းပနိုင်ခြင်းဟာ ကျွန်တော်တို့နိုင်ငံအနေနဲ့ နိုင်ငံတကာအသိုင်း အဝိုင်းကို ဂုဏ်သိက္ခာရှိစွာပြန်လည်ဝင်ရောက်ရေး ကြိုးပမ်းမှုရဲ့အဓိက မိုင်တိုင်တစ်ခုဖြစ်တယ်လို့ ဆိုရမှာဖြစ်ပါတယ်။

ဒီထိပ်သီးအစည်းအဝေးကြီးကို အကြောင်းပြုပြီး ကမ္ဘာ့ခေါင်းဆောင်များသာမက များစွာသောသံတမန်များ၊ အပြည်ပြည်ဆိုင်ရာ စီးပွားရေးလုပ်ငန်းကြီးများနဲ့ နိုင်ငံတကာမီဒီယာတွေဟာ ကျွန်တော်တို့နိုင်ငံကို ရောက်ရှိလာကြပါတယ်။ ကျွန်တော်တို့နိုင်ငံအပေါ် နိုင်ငံတကာအသိုင်းအဝိုင်းရဲ့ အာရုံစူးစိုက်မှုဟာလည်း တိုးတက်လာနေပါတယ်။ ဒီကနေ့ အချိန်အခါမှာ နိုင်ငံတကာ ဆက်ဆံရေးမှာ ရန်သူမရှိဘဲမိတ်ဆွေသာရှိတဲ့ နိုင်ငံရေးကို လက်ခံကျင့်သုံးနေပါတယ်။ ပြည်တွင်းမှာလည်း ကျွန်တော်တို့နိုင်ငံရဲ့ ပြုပြင်ပြောင်းလဲရေးအပေါ်မှာ အမြင်အမျိုးမျိုးရှိကြသည့်တိုင် တိုင်းပြည်အတွက် အကောင်းဆုံးဖြစ်စေချင် ကြတဲ့ စေတနာရှိကြပါတယ်။ အခုအာဆီယံထိပ်သီးအစည်းအဝေးကြီး လက်ခံကျင်းပနိုင်ခြင်းကနေ ကျွန်တော်တို့ရရှိလိုက်တဲ့ ဖြစ်ထွန်းမှုများအားလုံးဟာ မတော်တဆနဲ့ ကြုံကြိုက်လို့ရရှိတာမဟုတ်ဘဲ ဒီလိုနိုင်ငံတကာခင်မင်ရင်းနှီးမှု တွေကို ပိုမိုခိုင်မာလာစေဖို့နဲ့ ပျက်ပြားသွားမယ့်ကိစ္စတွေကို ကာကွယ်နိုင်ဖို့ အလွန်အရေးကြီးပါတယ်။

မြန်မာနိုင်ငံအနေနဲ့ အာဆီယံဒေသတွင်း စည်းလုံးညီညွတ်ရေးကို ရှေ့ဆက်တိုးတက်အောင် ဆောင်ရွက်နိုင်ရေးအတွက် ကြိုးပမ်းလုပ်ဆောင်နေပါတယ်။ ကျွန်တော်တို့အနေနဲ့ ကျွန်တော်တို့နိုင်ငံလိုပဲ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု အားနည်းနေသေးတဲ့ နိုင်ငံတွေအတွက် အထူးဂရုပြုဆောင်ရွက်သွားဖို့ လိုအပ်မယ်လို့ ယုံကြည်ပါတယ်။ အာဆီယံဒေသတွင်း စည်းလုံးညီညွတ်ရေးဟာ အဆင်းရဲဆုံးနဲ့ ဖွံ့ဖြိုးတိုးတက်မှုအနည်းဆုံးနိုင်ငံတွေအပါအဝင် အာဆီယံ ပြည်သူများအားလုံးရဲ့ အကျိုးစီးပွားကိုဖြစ်ထွန်းစေမှာဖြစ်လို့ ဒီကိစ္စကိုသေချာအောင် လုပ်ဆောင်သွားရမှာဖြစ်ပါတယ်။

ငြိမ်းချမ်းရေးဖော်ဆောင်မှုနဲ့ပတ်သက်ပြီး အပစ်အခတ်ရပ်စဲရေးစာချုပ် မချုပ်နိုင်သေးမီမှာ တပ်အချင်းချင်းထိတွေ့မှုများ ဖြစ်ပွားနေတာရှိပေမယ့် ငြိမ်းချမ်းရေးဖြစ်စဉ်နဲ့ ပတ်သက်ပြီးတော့ အရေးကြီးတဲ့အခြေခံတွေကို ရရှိထား ပြီးဖြစ်ပါတယ်။ တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ်လက်မှတ် ရေးထိုးနိုင်ဖို့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အားလုံးက သဘောတူညီထားကြပြီး အဓိကအားဖြင့် ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေးလုပ်ငန်း ကော်မတီနှင့် တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး ညှိနှိုင်းဆောင်ရွက်ရေးအဖွဲ့ (NCCT)တို့ ဆွေးနွေးညှိနှိုင်းမှုများ ဆက်လက်ပြုလုပ်လျက်ရှိပါတယ်။ ပြည်တွင်း ငြိမ်းချမ်းရေးဖော်ဆောင်မှုအတွက် အရေးကြီးတဲ့ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးဆိုတဲ့ နိုင်ငံရေးသဘောတူညီချက်ကို ခိုင်မာစွာရရှိထားပြီးဖြစ် ပါတယ်။ ဒီလိုခိုင်မာတဲ့ အခြေခံတွေရရှိထားပြီး နိုင်ငံရေးဆွေးနွေးပွဲတွေမှာ ခွဲထွက်ရေးကိစ္စနဲ့ နိုင်ငံရဲ့အချုပ်အခြာအာဏာကို ထိပါးစေမည့်ကိစ္စတွေကလွဲလို့ အခြားကိစ္စရပ်များအားလုံးကို ဆွေးနွေးဖို့ သဘောတူညီချက်ရရှိထားပြီး ဖြစ်ပါတယ်။

အမျိုးသားပညာရေးဥပဒေနဲ့ပတ်သက်ပြီး အမြင်သဘောထားမတူမှုတွေ၊ ကန့်ကွက်ဆန့်ကျင်မှုတွေရှိနေတာကို ကြားသိရပါတယ်။ လက်ရှိပြည်ထောင်စု လွှတ်တော်က ပြဋ္ဌာန်းလိုက်တဲ့ အမျိုးသားပညာရေးဥပဒေကို အခြေခံပြီး နည်းဥပဒေများနဲ့ ကဏ္ဍအလိုက်ဥပဒေများကို ပါဝင်သင့်ပါဝင်ထိုက်သူများ ပါဝင်ပြီး ရေးဆွဲပြုစုလျက်ရှိတယ်လို့ သိရပါတယ်။ ဒီလိုရေးဆွဲပြုစုတဲ့အခါမှာ ကျောင်းသား ကျောင်းသူများ၊ ဆရာ ဆရာမများနဲ့ စီမံခန့်ခွဲရေးဝန်ထမ်းများ ပါဝင်တဲ့ အစုအဖွဲ့မျိုးစုံပါဝင်ဆွေးနွေးနိုင်ဖို့လည်း စီမံဆောင်ရွက်လျက်ရှိ တယ်ဆိုတာလည်း သိရပါတယ်။ ဒါကြောင့် နည်းဥပဒေများနဲ့ ကဏ္ဍအလိုက် ဥပဒေများ ထွက်ပေါ်ခြင်းမရှိသေးတဲ့အခြေအနေမှာ လက်ရှိအမျိုးသားပညာရေး ဥပဒေဟာ ရာနှုန်းပြည့်ပြီးပြည့်စုံပြီလို့ မဆိုနိုင်သေးတာကို ကျွန်တော့်အနေနဲ့ လက်ခံပါတယ်။ သို့သော်လည်းပဲ ကျွန်တော်တို့နိုင်ငံအနေနဲ့ကြည့်မယ်ဆိုရင် ပညာရေးနဲ့ပတ်သက်လို့ သင့်တင့်လျောက်ပတ်တဲ့ ကိုယ်စားပြုမှုများပါဝင်တဲ့ ဆွေးနွေးမှုတွေ၊ ဘက်စုံထောင့်စုံကစာရင်းဇယားတွေကို အခြေခံပြီး လွှမ်းခြုံ စဉ်းစားမှုတွေပါဝင်တဲ့ ပညာရေးဆိုင်ရာဥပဒေတစ်ခုကို ပထမဦးဆုံးအကြိမ် ရရှိလာခြင်းဖြစ်ပါတယ်။ ဒီလိုပါဝင်ဆွေးနွေးမှုတွေနဲ့ ဥပဒေတစ်ရပ်ရေးဆွဲနိုင်ခြင်းဟာ ကောင်းမွန်လက်တွေ့ကျတဲ့ ဖြစထွန်းမှုကို ပြသတဲ့ဖြစ်စဉ်တစ်ရပ်၊ လုပ်ငန်း စဉ်တစ်ရပ်အဖြစ် ရှုမြင်နိုင်ပါတယ်။

ဒါကြောင့် ဒီဥပဒေနဲ့ပတ်သက်ပြီး ဖြစ်ပေါ်နေတဲ့ အမြင်သဘောထားမတူ ညီမှုတွေ၊ နည်းဥပဒေနဲ့ ဖြည့်စွက်ဆောင်ရွက်ရမယ့်ကိစ္စတွေအတွက် လက်တွေ့ကျတဲ့ အကျေအလည်ဆွေးနွေးညှိနှိုင်းမှုတွေကို ကျယ်ကျယ်ပြန့်ပြန့် ဆက်လက်ဆောင် ရွက်နိုင်အောင် ကြိုးပမ်းကြဖို့ တိုက်တွန်းပြောကြားလိုပါတယ်။ ပိုမိုကျယ်ပြန့်စွာ ဆွေးနွေးပြီး လက်တွေ့ကျတဲ့ သွင်းအားစုတွေပေါ်ထွက်လာစေဖို့ သက်ဆိုင်ရာ ဝန်ကြီးဌာနများနဲ့တက္ကသိုလ်များကို ညွှန်ကြားထားပြီးလည်းဖြစ်ပါတယ်။

ပြီးခဲ့တဲ့လအတွင်းမှာ အမေရိကန်ဒေါ်လာ ဝယ်လိုအားများတဲ့အတွက် ဒေါ်လာဈေးတက်ပြီး ငွေလဲနှုန်းပြောင်းလဲမှုတွေ ကြီးမားစွာကြုံခဲ့ရပါတယ်။ တည်ငြိမ်တဲ့ငွေလဲနှုန်းကသာလျှင် အာမခံချက်ရှိတဲ့၊ ယုံကြည်စိတ်ချရတဲ့ စီးပွားရေးဝန်းကျင်ကို ဖန်တီးနိုင်မှာဖြစ်ပါတယ်။ ဒီအခြေအနေမှာ ဗဟိုဘဏ်အနေနဲ့ မြန်မာနိုင်ငံမှာရှိတဲ့ စီးပွားရေးဘဏ်များနဲ့ ချိတ်ဆက်ပြီး ငွေလဲနှုန်းပုံမှန်အတိုင်း သွားဖို့ကြိုးပမ်းဆောင်ရွက်နိုင်ခဲ့ပါတယ်။ ကျွန်တော်တို့ စတင်ခဲ့တဲ့ပြုပြင်ပြောင်း လဲရေးလုပ်ငန်းစဉ်များထဲမှာ အုပ်ချုပ်ရေးပုံစံများပြောင်းလဲခြင်း၊ အင်စတီကျူးရှင်းများ ပြုပြင်ပြောင်းလဲခြင်းတို့ကို လုပ်ဆောင်ခဲ့တဲ့ရလဒ်အဖြစ် ဗဟိုဘဏ်က သူ့ရဲ့အဖွဲ့အစည်းစွမ်းဆောင်ရည်ကို ပြသနိုင်ခဲ့ပြီး မှန်ကန်စွာဆောင်ရွက် နိုင်ခဲ့တာကို တွေ့ရမှာဖြစ်ပါတယ်။ ဆိုလိုတဲ့သဘောကတော့ ဈေးကွက် ကမောက်ကမဖြစ်မယ့် အခြေအနေမျိုးတွေမှာ ဗဟိုဘဏ်အနေနဲ့ ဆောင်ရွက် ရမယ့်အဖွဲ့အစည်းတစ်ရပ်ရဲ့ စွမ်းဆောင်ရည်ကိုပြသနိုင်ခဲ့ပြီး ဒါဟာပြုပြင် ပြောင်းလဲမှုတစ်ခုကို မှန်ကန်စွာဆောင်ရွက်နိုင်ခြင်းရဲ့ ရလဒ်ကောင်းဖြစ်တယ် ဆိုတဲ့အချက်ပဲ ဖြစ်ပါတယ်။

ဆက်သွယ်ရေးကဏ္ဍမှာဆိုရင်လည်း ကြီးမားစွာပြောင်းလဲမှုတွေ လုပ်ခဲ့ပါတယ်။ အဓိကအားဖြင့်တော့ လွတ်လပ်စွာယှဉ်ပြိုင်ခွင့်ရှိတဲ့ ဈေးကွက်အခြေအနေကို ဖော်ဆောင်နိုင်ခဲ့ခြင်း၊ နိုင်ငံတကာဈေးကွက်များနဲ့ ပြန်လည် ချိတ်ဆက်နိုင်ခြင်း၊ ကြိုးနီစနစ်များ လျှော့ချနိုင်ခြင်းကြောင့် ပြည်သူအများစု အနေနဲ့ ဆက်သွယ်ရေးအခြေခံတွေဖြစ်တဲ့ တယ်လီဖုန်းပြောဆိုမှုနဲ့ အင်တာနက် ဝန်ဆောင်မှုတွေကို ယခင်ကာလများကထက် များစွာသက်သာတဲ့နှုန်းထားများနဲ့ လွယ်ကူစွာရယူသုံးစွဲနိုင်နေပြီဖြစ်ပါတယ်။ လက်ရှိအချိန်လို အခြေခံ အဆောက်အအုံတွေတည်ဆောက်ဆဲကာလမှာ မြန်မာနိုင်ငံရဲ့ဆက်သွယ်ရေး ကဏ္ဍဟာ နိုင်ငံတကာအဆင့်မီမဖြစ်သေးသည့်တိုင် ဒေသတွင်းနိုင်ငံများက ပြည်သူတွေသုံးစွဲနေတဲ့ ဆက်သွယ်ရေးဝန်ဆောင်မှုများရဲ့ အဆင့်အတန်းတွေကို မြန်မာပြည်သူတွေရယူသုံးစွဲနိုင်ပြီး မကြာမီကာလမှာ အဆင့်မီအောင်သုံးစွဲ လို့ရမယ့် အခြေအနေများကို ဖန်တီးထားနိုင်ပြီဖြစ်တယ်လို့ ဆိုရမှာဖြစ်ပါတယ်။

ကျွန်တော့်အနေနဲ့ နိုဝင်ဘာလ ၂၆ ရက်နေ့မှာ နိုင်ငံရေးပါတီများနဲ့ တွေ့ဆုံ ပြီး မြန်မာနိုင်ငံရဲ့ နိုင်ငံရေးအခြေအနေများ၊ ငြိမ်းချမ်းရေးတည်ဆောက်မှုနဲ့ အခြားလက်ရှိဖြစ်ပေါ်တိုးတက်မှုများကို ဆွေးနွေးပြီး တက်ရောက်လာတဲ့ နိုင်ငံရေးခေါင်းဆောင်များရဲ့ အကြံဉာဏ်များကိုရယူခဲ့ပါတယ်။ ကျွန်တော်တို့ နိုင်ငံရဲ့ လက်ရှိနိုင်ငံရေးအခြေအနေအရ အဖွင့်မှာကျွန်တော်ပြောကြားခဲ့တဲ့အတိုင်း စိန်ခေါ်မှုများစွာနဲ့ရင်ဆိုင်နေရတဲ့ ကျွန်တော်တို့ မြန်မာနိုင်ငံရဲ့ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်များ ဆက်လက်ရှင်သန်ရေးနဲ့ အောင်မြင်မှုများ ရရှိရေးအတွက် စိန်ခေါ်မှုများစွာ ကျန်ရှိနေသေးတာကိုလည်း အရှိတရားအဖြစ် လက်ခံထားပါတယ်။ ဒီလိုလက်ခံထားပြီးတော့ ကြုံတွေ့လာမယ့် စိန်ခေါ်မှုတွေကို ဖြေရှင်းဆောင်ရွက်ရာမှာ အမျိုးသားရေးအင်အားစုများအားလုံး နဲ့ လက်တွဲပြီး နည်းလမ်းများရှာဖွေပြီး အောင်မြင်အောင် လုပ်ဆောင်သွားဖို့ သန္နိဋ္ဌာန်ချထားကြောင်းလည်း အသိပေးပြောကြားလိုပါတယ်။

ကျွန်တော့်အနေနဲ့ ပြည်တွင်းငြိမ်းချမ်းရေးရအောင်၊ ပြည်သူများရဲ့ စီးပွားရေးပြန်လည်ဖွံ့ဖြိုးတိုးတက်လာအောင်၊ ကျွန်တော်တို့ရဲ့ မျိုးဆက်သစ် လူငယ်တွေအတွက် ပိုမိုကောင်းမွန်တဲ့အနာဂတ်တွေ ဖန်တီးနိုင်ဖို့ တစိုက်မတ်မတ်ကြိုးပမ်းဆောင်ရွက်လျက်ရှိတဲ့အကြောင်း ပြောကြားရင်း နိဂုံးချုပ်ပါတယ်။

မိဘပြည်သူများ ကိုယ်၏ကျန်းမာခြင်း၊ စိတ်၏ချမ်းသာခြင်းနှင့် ပြည့်စုံ ကြပါစေ။

No comments:

Post a Comment