Tuesday, December 2, 2014

ကြေးမုံ စာတည်းရှုထောင့်



ဒီဇင်ဘာအားကစားလ


ပြည်သူများကျန်းမာကြံ့ခိုင်ပါမှ နိုင်ငံ့အင်အားဖြစ်မည်။ ကျန်းမာ ကြံ့ခိုင် ပြည့်မဏ္ဍိုင်ဟုလည်း ဆိုကြသည်။  ကျန်းမာခြင်းသည် လာဘ်ကြီး တစ်ပါးဟုလည်း ဆိုထားသည်။ ကျန်းမာခြင်းသည် နိုင်ငံအတွက် လုပ်အား အပြည့်အဝရစေသည်၊ မိသားစုဘဝအတွက်လည်း ပျော်ရွှင်လန်းဆန်း စေသည် စသည်ဖြင့် ကျန်းမာခြင်း၏ အကျိုးရလဒ်များအား အမျိုးမျိုး ဆိုကြပါသည်။

ကျန်းမာရေးသည် ထိုမျှအရေးကြီးသည်ကို လူတို့ အမှုမဲ့အမှတ်မဲ့ဖြင့် သတိမူမိကြမည် မဟုတ်ချေ။ နိစ္စဓူဝ လူမှုဘဝတွင် နေ့စဉ်ကျင်လည်လှုပ်ရှား ရင်း ကိုယ်သန်ရာဦးစားပေးရင်း အလေးမမူ ဂရုမပြုမိကြခြင်း ဖြစ်နိုင်သည်။ သတိမူမိကြပြန်လျှင်လည်း နေပူသည်၊ မိုးရွာသည်၊ မအားလပ်နှင့် အလုပ် မဖြစ်ကြပြန်။ အမှန်အားဖြင့် လူတို့၏ကျန်းမာရေးကို ငွေမကုန်ကြေးမကျ အလွယ်တကူရနိုင်ပါသည်။ ယင်းမှာ နေ့စဉ်ပုံမှန်ဂရုပြု၍ ကိုယ်လက်လှုပ်ရှား မှုကို ပြုလုပ်ပေးခြင်းဖြစ်သည်။

ထိုသို့တိုက်တွန်းနှိုးဆော်ပါသော်လည်း အလုပ်မဖြစ်သည်မှာ မိမိတို့ အကြောင်းနှင့် မိမိတို့သာဖြစ်သည်။  သို့သော် ယနေ့ကာလသည် ကိုယ်လက် လှုပ်ရှား အားကစားတို့ကို ပြုလုပ်ပေးရမည့် အချိန်အခါဟုဆိုချင်သည်။ ဆောင်းရာသီ ဒီဇင်ဘာလ အေးမြမြအချိန်အခါတွင် ကိုယ်လက်လှုပ်ရှား အားကစားတို့ကို ပြုလုပ်ပေးခြင်းသည် အသင့်လျော်ဆုံးဖြစ်မည်။

ရှေးအစဉ်အဆက် ဒီဇင်ဘာအားကစားလတွင် လမ်းလျှောက်ပွဲများ ကျင်းပကြသည်။ စုပေါင်းကိုယ်လက်ကြံ့ခိုင်ရေးကို ပြုလုပ်ကြသည်။ အားကစား ပြိုင်ပွဲများ အရပ်ဒေသအလိုက် ကျင်းပကြသည်။ ထိုအားကစားလနှင့် တစ်ဆက် တည်း ဒီဇင်ဘာအကုန် ဇန်နဝါရီအဝင် ဆောင်းမကုန်မီ လွတ်လပ်ရေး ပျော်ပွဲ ရွှင်ပွဲများနှင့် အားကစားပွဲများပါ ကျင်းပကြသည်။ ပြည်သူတစ်ရပ်လုံး ပါဝင် လှုပ်ရှားကြသဖြင့် လူထုလှုပ်ရှားမှုအသွင်ဆောင်သည်။   

ကျန်းမာရေးအတွက် နေ့စဉ်လမ်းမလျှောက်နိုင်သူများအဖို့ ယခုဒီဇင်ဘာ လတွင် နေ့စဉ်လမ်းလျှောက်ပေးသင့်သည်။ နံနက်စောစောပိုင်းတွင် မိမိတို့၏ကိုယ်ရေးကိုယ်တာ မအားလပ်သည့်ကြားမှ အချိန်ယူကာ မိမိ ကျန်းမာရေး အတွက် အလေးပေးကာ လမ်းလျှောက်ခြင်းသည် အကောင်းဆုံးသော ငွေမကုန်သည့် ကျန်းမာရေးအတွက် ဆေးတစ်ခွက်ဖြစ်သည်။

တစ်ဦးတည်း တစ်ယောက်တည်း ဆောင်ရွက်ခြင်းထက် စုပေါင်း ဆောင် ရွက်ခြင်းသည် စုပေါင်းအားကိုဖြစ်စေသည်။ စည်းလုံးညီညွတ်မှုကို ဆောင်စေ သည်။ စိတ်နှလုံးကို လန်းဆန်းစေသည်။ ပျော်ရွှင်ချမ်းမြေ့မှုကိုလည်း ရရှိစေ သည်။ ဒီဇင်ဘာလတစ်လလုံး လမ်းလျှောက်ခြင်းအမှုကို ပြုစေခြင်းဖြင့် တစ်နှစ်တာ ကျန်းမာရွှင်လန်းမှုကို ရစေနိုင်သည်။ လူထုလှုပ်ရှားမှုအသွင် ကိုယ်လက်လှုပ်ရှားဆောင်ရွက်ခြင်းကို ရပ်ကွက်/ကျေးရွာ အုပ်စုအလိုက်၊ အဖွဲ့အစည်းအလိုက်၊ သတ်မှတ်ရက်အလိုက် ဆောင်ရွက်သင့်သည်။

ယနေ့အချိန်အခါသည် မိမိတို့ကျန်းမာရေးအတွက် သဘာဝလက် ဆောင်ဖြစ်သည်။ တစ်နှစ်တာ၏ နောက်ဆုံးလတွင် တစ်နှစ်တာပင်ပန်း နွမ်းနယ်သမျှ ကိုယ်လက်လှုပ်ရှားမှုများဖြင့် ဆေးကြောပေးသင့်သည်။ အသက်ကို Óဏ်စောင့်ဆိုသကဲ့သို့ မိမိကျန်းမာရေးအတွက် မိမိကိုယ်တိုင် တက်တက်ကြွကြွ အလေးထား ဆောင်ရွက်ရမည်သာဖြစ်သည်။ မည်သူ တိုက်တွန်းမှုမျှမပါလျှင်လည်း မိမိကိုယ်တိုင် အသိစိတ်ဓာတ်ဖြင့် ဆောင်ရွက် သင့်သည်။

ဒီဇင်ဘာလ ကိုယ်လက်လှုပ်ရှားဆောင်ရွက်မှုများက နှစ်သစ်အတွက် အားအင်သစ်များကို ဖြစ်စေနိုင်သည်။ မျက်မှောက်ကာလ လူကြီးလူငယ် မရွေး ကိုယ်စီအလုပ်များနေချိန်တွင် တစ်နေ့လျှင်  တစ်နာရီမျှပေးကာ  ကိုယ်လက်လှုပ်ရှားမှုများကိုပြုခြင်းဖြင့် ကျန်းမာကြံ့ခိုင်သော ဘဝများကို ပိုင်ဆိုင်နိုင်အောင် အားထုတ်သင့်သည်။ ခေတ်အခြေအနေအရ အလုပ်များ ကြသည်မှာ မှန်ကန်ပါသည်။ သို့သော် မိမိတို့ကိုယ်စီ ကျန်းမာကြံ့ခိုင်ရေး အတွက်လည်း အချိန်ပေးသင့်သည်။ ကျန်းမာကြံ့ခိုင်ပါမှလည်း မိမိတို့ လုပ်သင့်သော အလုပ်များကို လုပ်နိုင်မည်ဖြစ်သည်။ ထို့ကြောင့် တစ်နှစ် တာ ကိုယ်လက်မလှုပ်ရှားနိုင်လျှင် ဒီဇင်ဘာအားကစားလတွင် စုပေါင်း ကိုယ်လက်လှုပ်ရှားကြဖို့ တိုက်တွန်းချင်ပါသည်။    ။

No comments:

Post a Comment