Monday, December 29, 2014

ကြေးမုံ စာတည်းရှုထောင့်



 
မုတ်သုံမဟုတ်သော မုန်တိုင်းမိုး


မုန်တိုင်းဆိုလျှင် ယခင်က ရာသီလိုက်၍ အကန့်အသတ်နှင့် ဖြစ်ပေါ်တတ်သည်။ အထူးသဖြင့် မိမိတို့နိုင်ငံ၏ ကမ်းလွန်ပင်လယ်ပြင်တွင် မိုးဦး မိုးနှောင်းကာလများတွင် မုန်တိုင်းဖြစ်ပေါ်တတ်စမြဲ။ ဆောင်းနှင့်နွေကား မုန်တိုင်းကိုတွေးပူစရာမလို။ ရာသီဥတုညီမျှနေမှု၏ တစ်ချိန်ကဖြစ်စဉ်များ။

ယခု မုန်တိုင်းဖြစ်ပေါ်မှုကို ပုံသေသတ်မှတ်၍ မရနိုင်တော့ပါပြီ။ ပုံမှန်မဟုတ်သော ရာသီဥတုဖောက်ပြန်မှု ဂယက်တစ်ခုဟုဆိုရမည်။ အားလုံးသိပြီးဖြစ်သည့်အတိုင်း ဖန်လုံအိမ်အာနိသင်အကျိုးဆက်အဖြစ် ကမ္ဘာ့လေထု အပူရှိန်မြင့်တက်လာပြီး တစ်စတစ်စတိုးကာ ပိုဆိုးလာနေသည်။ လေထု၏ အပူရှိန်က ကမ္ဘာ့ရေထုကို ပူနွေးလာစေသည်။ ရေထုပူနွေးလာမှုက မုန်တိုင်းများကို ရာသီမရွေး အချိန်မရွေး ဖြစ်ပေါ်လာစေသည်။

မိမိတို့နိုင်ငံသည် ပင်လယ်ကမ်းစပ်အနားသတ်ပေးထားသောနိုင်ငံဖြစ်ရာ မုန်တိုင်းဖြစ်ပေါ်မြဲဖြစ်သည့် ကပ္ပလီပင်လယ်နှင့် ဘင်္ဂလားပင်လယ် အော်တို့ ထိစပ်နေသော မွန်၊ တနင်္သာရီကမ်းရိုးတန်း၊ ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသ၊ ရခိုင်ကမ်းရိုးတန်းဒေသနေပြည်သူများမှာ မုန်တိုင်း၏ သက်ရောက်မှုကို တိုက်ရိုက်ကြုံတွေ့ခံစားကြရသည်။ ကျန်ပြည်နယ်နှင့် တိုင်းဒေသကြီးများကား မုန်တိုင်းအဖျားခတ်ရုံ၊ မိုးများရုံနှင့် ပြီးသွားသည်။

အထူးသဖြင့် ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသနှင့် ရခိုင်ကမ်းရိုးတန်းတွင် ပစ္စည်းဥစ္စာဆုံးရှုံးရုံမက အသက်သေကျေပျက်စီးမှုခံရဖူးသည်။ ကမ်းရိုးတန်းနေ ပြည်သူများ၏ အသက်မွေးဝမ်းကျောင်းမှုအဖြစ် သမားရိုးကျလုပ်ငန်း နှစ်မျိုးဖြစ်သည့် စိုက်ပျိုးရေးနှင့် ငါးဖမ်းခြင်းလုပ်ငန်းကို အဓိကထားလုပ်ကိုင်ကြသည်။ ယခုလိုဆောင်းရာသီတွင် အရှေ့မြောက်လေ၊ အရှေ့လေနှင့် မြောက်လေကြမ်းများကြောင့် ပင်လယ်ငါးဖမ်းလှေများ ကမ်းနှင့်ဝေးရာလွင့်ပါကာ သေကျေပျက်စီး ဆုံးရှုံးမှုခံရဖူးသည်။

ယခုတစ်ဖန် ဘင်္ဂလားပင်လယ်အော် အနောက်တောင်ပိုင်းတွင် ဒီဇင်ဘာ ၂၇ ရက်မှ ၃၁ ရက်အတွင်း လေဖိအားနည်းရပ်ဝန်းတစ်ခုအားကောင်းလာပြီး မုန်တိုင်းငယ်တစ်ခုသို့ ရောက်ရှိနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြား မှုဦးစီးဌာနမှ သတိပေးထားသည်။ ရန်ကုန်တိုင်းဒေသကြီးအပါအဝင် မန္တလေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီးနှင့် ကရင်၊ မွန်၊ ရခိုင်၊ ချင်းပြည်နယ် တို့တွင် ဒီဇင်ဘာ ၂၇ ရက်မှ ၃၁ ရက်အတွင်း အချိန်အခါမဟုတ် မိုးရွာသွန်းနိုင်သည်။ မြစ်ဝကျွန်းပေါ်၊ မုတ္တမကွေ့နှင့် မွန်-တနင်္သာရီကမ်းရိုး တန်းဒေသများတွင် အရှေ့လေပြင်းများတိုက်ခတ်နိုင်ပြီး လှိုင်းကြီးနိုင်ကြောင်း သိရသည်။

မုန်တိုင်းဖြစ်ပြီဆိုသည်နှင့် မုန်တိုင်းနှင့်အတူ ရေလှိုင်းမြင့်တက်လာပြီး ကမ်းခြေဘက်သို့ချင်းနင်းဝင်မွှေတတ်စမြဲ။ ကြုံခဲ့၊ ခံခဲ့ရပေါင်းများပြီ။ တစ်ချိန်က ပုံမှန်ရာသီမုန်တိုင်းများဖြစ်သည်။ ယခု မူမမှန်ဖောက်ပြန်မှုများ၊ ရာသီမရွေး အချိန်မရွေး ရာသီဥတုဖောက်ပြန်မှုအကျိုးဆက်များကို တွေ့လာရ၍ သတိပြုကြရမည်ဖြစ်သည်။

အထူးသဖြင့် ပင်လယ်ကမ်းရိုးတန်းဒေသများ၊ ကျွန်းစုများနေပြည်သူများအတွက် နေ့ညမဟူ အစဉ်သတိနှင့် အသင့်ဖြစ်နေပါမှ ဖောက်ပြန်ရာသီ ဥတုဒဏ်ကို ကြံ့ကြံ့ခံကာကွယ်မှုပြုသွားနိုင်မည်ဖြစ်သည်။ သဘာဝဖြစ်စဉ် ဖြစ်ရပ်များကို တားဆီး၍မရစကောင်း၊ သို့သော် အထိမနာဖို့ကြိုတင်ကာကွယ်၍ ရှောင်ရှားကြရမည်ဖြစ်သည်။

မိုးလေဝသသတင်းထုတ်ပြန်ချက်ကို ပုံမှန်နားထောင်လျက် အသက်မွေးဝမ်းကျောင်း ငါးဖမ်းခြင်းအလုပ်ကို အထောက်အကူဖြစ်စေလျက် ''အသက်ကို ဉာဏ်စောင့်''ဆိုစကားအတိုင်း ''အစဉ်သတိ''နှင့် ကျင့်ကြံနေထိုင်ကာ မုန်တိုင်းနှင့် ဆက်နွှယ်အန္တရာယ်ဟူသမျှ ကာကွယ်သွားကြရမည်သာ။ ဤသည်ပင် အဓိပ္ပာယ်ရှိသော ဘဝနေနည်းတစ်မျိုး ဖြစ်ပါသည်။ ။

No comments:

Post a Comment