Tuesday, December 2, 2014

ပြည်ထောင်စုဝန်ကြီး ဦးလှထွန်း မိုင်းဆတ်၊ မိုင်းတုံဒေသဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်

Photo: ပြည်ထောင်စုဝန်ကြီး ဦးလှထွန်း မိုင်းဆတ်၊ မိုင်းတုံဒေသဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်

နေပြည်တော် ဒီဇင်ဘာ ၁

သမ္မတရုံးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးလှထွန်းသည် နယ်စပ်ရေးရာ ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး သက်နိုင်ဝင်း၊ ရှမ်းပြည်နယ်ဝန်ကြီးချုပ်   ဦးစဝ်အောင်မြတ်၊ တြိဂံဒေသတိုင်းစစ်ဌာနချုပ်  ဗိုလ်ချုပ်သန်းထွန်းဦး၊ ဒုတိယဝန်ကြီးများ၊ တာဝန်ရှိသူများနှင့်အတူ နိုဝင်ဘာ ၂၉ ရက်တွင် ရှမ်းပြည်နယ် မိုင်းဆတ်မြို့  အစည်းအဝေးခန်းမ၌  မြို့နယ်စီမံခန့်ခွဲရေး  ကော်မတီနှင့် တာဝန်ရှိသူများအား တွေ့ဆုံ၍ အုပ်ချုပ်ရေး တာဝန်ရှိသူများသည် ဒေသခံပြည်သူများ၏ လက်တွေ့ တွေ့ကြုံခံစားနေသည့် အခြေအနေမှန်များကို ကိုယ်ချင်းစာစိတ်ဖြင့် ဖြည့်ဆည်းဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း၊ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရန်အတွက် ရှိရင်းသဘာဝအရင်းအမြစ်များနှင့် လူ့စွမ်းအားအရင်းအမြစ်များကို ပေါင်းစပ်၍ တိုးတက်ဆောင်ရွက်သွား ကြရန်လိုကြောင်း။ 

နယ်မြေဒေသ  မတည်ငြိမ်ခဲ့ခြင်းကြောင့် ဖွံ့ဖြိုးတိုးတက်မှု နောက်ကျ ကျန်ခဲ့ရသည်များကို စည်းလုံးညီညွတ်စွာ လက်တွဲကြိုးစားဆောင်ရွက်သွား ကြရမည်ဖြစ်ကြောင်း၊ ဒေသတည်ငြိမ် အေးချမ်းပြီး တရားဥပဒေစိုးမိုးမှုရှိမှသာ ဖွံ့ဖြိုးတိုးတက်မှုပိုမိုမြန်ဆန်လာမည်ဖြစ်ကြောင်း၊ ပညာရေး၊ ကျန်းမာရေး ကဏ္ဍများတွင်လည်း အရည်အသွေး မြင့်မားလာစေရန် အကောင်အထည် ဖော်ကြရမည်ဖြစ်ကြောင်း။

မြို့နယ် ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီအသီးသီးသည်  အစိုးရဝန်ထမ်းများနှင့်  ဒေသခံမြို့မိမြို့ဖများကို အခြေခံဖွဲ့စည်းထားခြင်းဖြစ်၍ မိမိဒေသ၏ လက်တွေ့ဘဝလိုအပ်ချက်များကို မိမိတို့မြို့နယ်၊ မိမိတို့ဒေသ ဖွံ့ဖြိုးတိုးတက်ရန် ဟန်ချက်ညီညီ ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်သွားကြရ မည်ဖြစ်ကြောင်း။ 

နိုင်ငံ့ဝန်ထမ်းများအနေဖြင့် ပြည်သူများအတွက် အခက်အခဲဖြစ်စေသော မလိုအပ်သည့်  ရုံးလုပ်ငန်းအဆင့်များကို   ဖြေလျှော့ပေးသွားရမည် ဖြစ်ကြောင်း၊ မိမိတို့အားအပ်နှင်းထားသည့် လုပ်ပိုင်ခွင့်များကို ကိုယ်ကျိုးအတွက် အသုံးမပြုဘဲ ဒေသခံပြည်သူများကို ကူညီစောင့်ရှောက်ဖို့အတွက်ဆိုသည့် အသိတရားထားရှိလုပ်ဆောင် ကြရန်လိုကြောင်း။
 
နှစ်အလိုက်ခွဲဝေရရှိသော ဘဏ္ဍာရေး ရန်ပုံငွေများကို  သတ်မှတ်ထားသည့် လုပ်ငန်းများအား ထိထိရောက်ရောက် အကောင်အထည်ဖော် ဆောင်ရွက်ကြရန်နှင့် နိုင်ငံတော်ဘဏ္ဍာငွေ အလေအလွင့်မရှိစေရေးအတွက် တာဝန်ရှိသူများက   လုပ်ထုံးလုပ်နည်းနှင့်အညီ ကြီးကြပ်ဆောင်ရွက်ကြရန် ပြောကြားသည်။ 

ထို့နောက် ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးသက်နိုင်ဝင်းက နယ်စပ်ရေးရာဝန်ကြီးဌာနမှ ဆောင်ရွက်ပေးလျက်ရှိသည့်လုပ်ငန်းများ၊ ဒေသလိုအပ်ချက်များကို  ဘဏ္ဍာနှစ်အလိုက် ဆက်လက်ဆောင်ရွက်ပေးမည့်   အစီအမံများကို   ရှင်းလင်းပြောကြားသည်။ 

ယင်းနောက်    ရှမ်းပြည်နယ် ဝန်ကြီးချုပ်က ဒေသဖွံ့ဖြိုးရေးလုပ်ငန်း ရန်ပုံငွေများကို  သတ်မှတ်ဘဏ္ဍာ ရေးနှစ်အတွင်း   လုပ်ငန်းများပြီးစီးအောင် ဆောင်ရွက်သွားကြရန်၊ မိမိခရိုင်/မြို့နယ်အတွင်း ဖွံ့ဖြိုး တိုးတက်ရေးအတွက် ဆောင်ရွက်ရမည့် လုပ်ငန်းများ၊ ဆောင်ရွက်ရန်ကျန်ရှိသည့် လုပ်ငန်းများကို ထိထိရောက်ရောက် ဆောင်ရွက်ကြရန် ရှင်းလင်းပြောကြားသည်။ 

ထို့နောက် ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် ထောက်ပံ့ငွေများပေးအပ်ပြီး တက်ရောက်လာကြသူများအား ရင်းရင်းနှီးနှီးနှုတ်ဆက်သည်။

ဆက်လက်၍ မိုင်းတုံမြို့နယ်အထွေ ထွေအုပ်ချုပ်ရေးဦးစီးဌာန  အစည်း အဝေးခန်းမ၌   မြို့နယ်စီမံခန့်ခွဲရေး ကော်မတီနှင့် တာဝန်ရှိသူများအား တွေ့ဆုံ၍ ပြည်ထောင်စုဝန်ကြီး ဦးလှထွန်းက တိုင်းပြည်တည်ငြိမ် အေးချမ်းမှ ဖွံ့ဖြိုးတိုးတက်ရေးဆောင် ရွက်နိုင်မည်ဖြစ်ကြောင်း၊  ထာဝရ ငြိမ်းချမ်းရေးရရှိသည်အထိ ဆောင်ရွက်သွားမည်ဖြစ်၍  တိုင်းရင်းသား ပြည်သူများအားလုံး ပူးပေါင်းပါဝင်ကြ ရန်လိုကြောင်း။

ပြည်သူဗဟိုပြု  ဖွံ့ဖြိုးတိုးတက်ရေး အတွက် ပြည်သူများ ပူးပေါင်းပါဝင်သော   စီမံခန့်ခွဲအုပ်ချုပ်မှုစနစ်ကို ပြောင်းလဲကျင့်သုံးခဲ့ရာမှ   မြို့နယ် ကော်မတီသုံးရပ်၏   တက်ကြွစွာ ပူးပေါင်းဆောင်ရွက်မှုကြောင့် ပြည်သူများ၏   လိုအပ်ချက်များကို    ပိုမို ဖြည့်ဆည်းပေးနိုင်မည်ဖြစ်ကြောင်း။

ဌာနဆိုင်ရာတာဝန်ရှိသူများ အနေဖြင့် မြို့မိမြို့ဖများနှင့် ပူးပေါင်းပြီး ဒေသဖွံ့ဖြိုးတိုးတက်ရန် လိုအပ်ချက်များကို နှစ်အလိုက်ဆောင်ရွက်မည့် အစီအမံများရေးဆွဲဆောင်ရွက်သွား ကြရမည်ဖြစ်ကြောင်း၊ လုပ်ငန်းများဆောင်ရွက်ရာတွင် နိုင်ငံတော်ဘဏ္ဍာငွေများ   အလွဲသုံးစားမှုမဖြစ်စေရေး အလေးထားဆောင်ရွက်ကြရန် လိုကြောင်း၊   စီးပွားရေးလုပ်ငန်းများ   လွယ်ကူအဆင်ပြေ ချောမွေ့စွာ လုပ်ကိုင်ဆောင်ရွက်လာနိုင်သည်နှင့်အမျှ   အခွန်ဘဏ္ဍာငွေများလည်း တိုးပွားလာမည်ဖြစ်ကြောင်း၊ မိမိတို့ အတ္တကိုရှေ့တန်းမတင်ဘဲ ပြည်သူလူထု ၏အကျိုးစီးပွားကိုရှေးရှု၍ စေတနာထားလုပ်ဆောင်သွားကြရန် ပြောကြားပြီး ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် ထောက်ပံ့ငွေများပေးအပ်သည်။ 

ပြည်ထောင်စုဝန်ကြီး ဦးလှထွန်းနှင့် အဖွဲ့သည် နိုဝင်ဘာ ၂၇ ရက်မှ ၃ဝ ရက်အထိ ရှမ်းပြည်နယ်(အရှေ့ပိုင်း)ခရိုင်/မြို့နယ်များ၊ မိုင်းလားအထူးဒေသနှင့် 'ဝ'ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်း(ပန်ဆန်း)ဒေသများ၌ နယ်မြေ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။ (ကြေးမုံ)

No comments:

Post a Comment