Monday, December 1, 2014

ရီးယဲလ်နောက်ခံလူ ဗာရာနီအားခေါ်ယူရန် အာဆင်နယ်ပြင်ဆင်

Photo: ရီးယဲလ်နောက်ခံလူ ဗာရာနီအားခေါ်ယူရန် 
အာဆင်နယ်ပြင်ဆင်

အင်္ဂလန်  ပရီမီယာလိဂ်ကလပ် အာဆင်နယ်အသင်းသည် လာမည့် ဇန်နဝါရီ  အပြောင်းအရွှေ့ကာလအတွင်း  အသင်း၏ခံစစ်ကို အားဖြည့်ရန်အတွက်    ရီးယဲလ်မက်ဒရစ်အသင်း၏ ပြင်သစ်နောက်ခံ ကစားသမား ရာဖယ်လ်ဗာရာနီအား ခေါ်ယူရန် စိတ်ဝင်စားနေကြောင်း သိရသည်။   အာဆင်နယ်အသင်းမှာ လာမည့်ဇန်နဝါရီကာလအတွင်း အရည်အသွေးမြင့်  နောက်ခံလူတစ်ဦးကို မဖြစ်မနေခေါ်ယူရန် စီစဉ်နေပြီး ရီးယဲလ်အသင်းတွင် ပုံမှန်နေရာရရှိရန်   ရုန်းကန်နေရသည့် ဗာရာနီအား ပစ်မှတ်ထားလာခဲ့ခြင်းဖြစ်သည်။ အာဆင်နယ်နည်းပြဖြစ်သူ အာစင်ဝင်းဂါးမှာ ဗာရာနီအား ခေါ်ယူရန် ကာလရှည်စိတ်ဝင်စား နေခြင်းဖြစ်ပြီး  ပြီးခဲ့သည့်နွေရာသီ အပြောင်းအရွှေ့ကာလက ရီးယဲလ်အသင်းထံ   တရားဝင်ကမ်းလှမ်းခဲ့သော်လည်း ပယ်ချခြင်းခံခဲ့ရသည်။ ထို့ပြင် ဗာရာနီမှာလည်း ပုံမှန်ပွဲထွက် ခွင့်ရရှိမည့် အသင်းတစ်သင်းသို့ ပြောင်းရွှေ့ရန် ဆန္ဒရှိနေပြီး လက်ရှိအချိန်တွင် ၎င်းအား အာဆင်နယ် အသင်းအပြင် မန်ယူ၊ ချယ်လ်ဆီးနှင့် ဂျူဗင်တပ်စ်တို့ကပါ   စိတ်ဝင်စားနေခြင်းဖြစ်သည်။ ရီးယဲလ်အသင်းမှာ ဗာရာနီအား လက်လွှတ်ရန် ဆန္ဒ မရှိသော်လည်း မြင့်မားသည့်ပြောင်း ရွှေ့ကြေးတစ်ရပ်ဖြင့်ကမ်းလှမ်းလာပါက    ရောင်းထုတ်သွားဖွယ်ရှိကြောင်း ဗြိတိန်သတင်းစာ Daily Mail ကဖော်ပြခဲ့သည်။ အာဆင်နယ်အသင်းမှာ ဗာရာနီအတွက် ပေါင် ၂၅ သန်းခန့်အသုံးပြုသွားရန်အသင့် ရှိနေပြီး   မကြာမီရက်ပိုင်းအတွင်း ရီးယဲလ်အသင်းထံ တရားဝင်ကမ်းလှမ်းသွားဖွယ်ရှိကြောင်း  ဗြိတိန်မီဒီယာများက ဖော်ပြခဲ့ကြသည်။ (ကိုရဲ)

No comments:

Post a Comment