Monday, December 29, 2014

ပြိုင်ပွဲဝင်ရင်း ကုသိုလ်ယူခဲ့သည့် မုတ္တမ မီနီမာရသွန်ပြိုင်ပွဲ

Photo: ပြိုင်ပွဲဝင်ရင်း ကုသိုလ်ယူခဲ့သည့် မုတ္တမ မီနီမာရသွန်ပြိုင်ပွဲ

ရန်ကုန် ဒီဇင်ဘာ ၂၈

ရန်ကုန်တိုင်းဒေသကြီး မိခင်နှင့် ကလေး စောင့်ရှောက်ရေးအသင်း ရန်ပုံငွေပွဲအဖြစ် မုတ္တမ မီနီမာရသွန် ပြိုင်ပွဲကို ယနေ့ နံနက် ၆ နာရီက ကျင်းပခဲ့သည်။ ယခုပြိုင်ပွဲမှာ ယခင် မာရသွန်ပြိုင်ပွဲနှင့်မတူ  ပြိုင်ပွဲဝင် အပြေးသမားများအနေဖြင့် ပြိုင်ပွဲဝင် ရင်းကုသိုလ်ပါရနိုင်မည့် အခွင့်အရေး ရှိနေခြင်းဖြစ်သည်။ 

ပြိုင်ပွဲကို ကျင်းပသည့် မုတ္တမ ကုမ္ပဏီအနေဖြင့် ပြိုင်ပွဲဝင်တစ်ဦးလျှင် ရန်ပုံငွေကျပ် ၅ဝဝဝ နှုန်းဖြင့် ပြန် လည် လှူဒါန်းပေးခြင်းဖြစ်သည်။ 

မုတ္တမမီနီမာရသွန်ပြိုင်ပွဲကို နံနက် ၆ နာရီတွင် အမျိုးသားအားကစားပြိုင်ပွဲ ရုံ-၁ သုဝဏ္ဏရှေ့မှ စတင်တာလွှတ်ပြီး ဝေဇယန္တာလမ်းအတိုင်း   ပြေးကာ ဂန္ဓမာစူပါမားကတ်ရှေ့မှ ပြန်ကွေ့ပြီး တာထွက်သည့်နေရာမှာပင် ပြန်လည် ပန်းဝင်ကြသည်။ မီနီမာရသွန်ပြိုင်ပွဲ နှင့်အတူ သုံးကီလိုမီတာအပြေးပြိုင်ပွဲကိုလည်း  ထည့်သွင်းကျင်းပခဲ့ပြီး ပန်းဝင်သူများကို အမှတ်တရလက် ဆောင်များ ပေးအပ်ခဲ့သည်။ 

အမျိုးသားပြိုင်ပွဲမှာ  ပထမဆု အတွက် အကြိတ်အနယ်ရှိခဲ့ပြီး တောက် လျှောက်ဦးဆောင်လာသူ ကျော်စိုး ဝင်းမှာ အသင်းတိုက်မီးပွိုင့်နားရောက် ခါနီးမှ ထက်အောင်ခိုင်၏ ကျော်တက် ခြင်းကိုခံခဲ့ရသည်။ ထက်အောင်ခိုင် မှာ   ပန်းဝင်သည်အထိ ထိပ်ဆုံးမှ ဦးဆောင်ကာ ပထမဆုကိုရယူနိုင် ခဲ့သည်။ ကျော်စိုးဝင်းမှာ ဒုတိယနေရာ ဖြင့်သာ     ကျေနပ်ခဲ့ရပြီး     တတိယ-ကိုကိုနိုင်၊  စတုတ္ထ-ဇော်မင်းလတ်၊ ပဉ္စမ-မင်းဇော်၊ ဆဋ္ဌမ-ထွန်းညွန့်ဆွေ၊ သတ္တမ-နိုင်လွင်ထူး၊ အဋ္ဌမ-ခင်မောင်၊ နဝမ-သစ်ထွန်း၊ ဒသမ-ဇော်မင်း ထွန်းတို့ကရရှိခဲ့သည်။ အမျိုးသမီး ပြိုင်ပွဲတွင် လှလှဦးက ထိပ်ဆုံးမှနှစ် မိနစ်နီးပါးအသာရကာ ဗိုလ်စွဲခဲ့သည်။

ဒုတိယဆုကို တင်စန်းဝင်း၊ တတိယ ဆုကို မိုးမိုးအေး၊ စတုတ္ထဆုကို ငါးမယ်၊ ပဉ္စမဆုကို သဇင်မိုး၊ ဆဋ္ဌမဆုကို နီလာဝင်း၊ သတ္တမဆုကို ရွှေဇင်လတ်၊ အဋ္ဌမဆုကို လှိုင်လှိုင်ထွန်း၊ နဝမဆု ကို  ကတ်သရင်းနှင့် ဒသမဆုကို   သက်မြတ်ထူးမြင့်တို့က  ရရှိခဲ့သည်။ 
ယခုပြိုင်ပွဲတွင် ပြိုင်ပွဲဝင် စုစုပေါင်း ၅ဝဝဝ ကျော်ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး မသန်စွမ်းအပြေးသမားနှစ်ဦးလည်း ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည်။ 

ပြိုင်ပွဲတွင် အဆင့် ၁ မှ ၂ဝ အထိရရှိသူများ ဆုကြေးငွေများချီးမြှင့်ခဲ့ပြီး ပထမဆု ကျပ် ဆယ်သိန်း၊      ဒုတိယဆု  ကျပ် ခုနစ်သိန်း၊ တတိယဆု ကျပ် ငါးသိန်း၊ စတုတ္ထဆု ကျပ် သုံးသိန်း၊ ပဉ္စမဆု ကျပ် နှစ်သိန်းစီ၊ အဆင့် ခြောက်မှ ၁ဝ အထိ ရရှိသူများ ကျပ် တစ်သိန်းစီ၊ အဆင့် ၁၁ မှ ၂ဝ အထိ ရရှိသူများကို ကျပ်   ငါးသောင်းစီ ချီးမြှင့်ခဲ့ကြောင်းသိရသည်။

(ချစ်ကိုကို)

No comments:

Post a Comment