Sunday, November 30, 2014

တပ်မတော်နှင့် KNU အဖွဲ့တို့အကြား ငြိမ်းချမ်းရေးရရှိသည်အထိ ကြိုးပမ်းဆောင်ရွက်ရန် သန္နိဋ္ဌာန်ချမှတ်

Photo: တပ်မတော်နှင့် KNU အဖွဲ့တို့အကြား ငြိမ်းချမ်းရေးရရှိသည်အထိ ကြိုးပမ်းဆောင်ရွက်ရန် သန္နိဋ္ဌာန်ချမှတ်

နေပြည်တော်   နိုဝင်ဘာ    ၂၉

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ယနေ့မွန်းလွဲ ၂ နာရီ တွင် နေပြည်တော်ရှိ ဘုရင့်နောင်ရိပ်သာ ဧည့်ခန်းမဆောင်၌ KNU ကရင်အမျိုးသားအစည်း အရုံးဥက္ကဋ္ဌ စောမူတူးဆေးဖိုး ခေါင်းဆောင်သော အဖွဲ့အားတွေ့ဆုံသည်။

ထိုသို့တွေ့ဆုံရာတွင် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နှင့်အတူ ညှိနှိုင်းကွပ်ကဲရေးမှူး(ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး လှဌေးဝင်းနှင့် ကာကွယ်ရေး ဦးစီးချုပ်ရုံး(ကြည်း)မှ တပ်မတော်အရာရှိကြီးများ တက်ရောက်ကြပြီး KNU ကရင်အမျိုးသားအစည်း အရုံးဥက္ကဋ္ဌနှင့်အတူ အထွေထွေအတွင်းရေးမှူးချုပ် ပဒိုကွယ်ထူးဝင်း၊ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်များဖြစ်သော စောရောဂျာခင်၊ ပဒိုမန်းငြိမ်းမောင်၊ စစ်ထောက်ချုပ်အဆင့်ရှိ စောအိုင်းဇက်၊ ဥက္ကဋ္ဌ၏ နိုင်ငံရေးနှင့် စစ်ရေးအကြံပေး စောထူးထူးလေး၊ ကော့ကရိတ်ခရိုင်ဥက္ကဋ္ဌ ပဒိုရွှေမောင်းနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

နှစ်ဖက်တွေ့ဆုံဆွေးနွေးမှုများအရ တပ်မတော် နှင့် KNU အဖွဲ့အကြား အပစ်အခတ်ရပ်စဲရေး ဆောင်ရွက်မှုများအပေါ် အားရကျေနပ်မှုရှိကြောင်း၊ တပ်မတော်၏ငြိမ်းချမ်းရေးမူ(၆)ချက်နှင့်ပတ်သက်၍ တိတိကျကျလိုက်နာရန်ဆိုသည်ထက် အလေးထားဆောင်ရွက်စေလိုကြောင်း၊ ၂ဝဝ၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်ရေးနှင့်ပတ်သက်၍လည်း  ပြင်ဆင်သင့်သည့်အချက်များကို ဥပဒေနှင့်အညီ ပြင်ဆင်သွားရန် လက်ခံကြကြောင်း၊ တပ်မတော်နှင့် KNU အဖွဲ့တို့အကြား ငြိမ်းချမ်းရေးရရှိသည်အထိ ကြိုးပမ်းဆောင်ရွက်ရန်  နှစ်ဦးနှစ်ဖက် သန္နိဋ္ဌာန် ချမှတ်ခဲ့ကြောင်း သိရသည်။

တွေ့ဆုံပွဲအပြီးတွင် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် KNU ကရင်အမျိုးသားအစည်းအရုံးဥက္ကဋ္ဌ စောမူတူးဆေးဖိုးတို့သည် အဖွဲ့ဝင်များနှင့်အတူ အမှတ်တရ   စုပေါင်းဓာတ်ပုံရိုက်ခဲ့ကြကြောင်း သတင်းရရှိသည်။  (မြဝတီ)

No comments:

Post a Comment