Sunday, November 2, 2014

ဧရာဝတီတိုင်းဒေသကြီးအတွင်းမှ ကားလမ်းများအဆင့်မြှင့်တင် မအူပင်-ဆားမလောက်လမ်း BOT စနစ်ဖြင့် နှစ်လမ်းသွားဆောက်ရွက်

Photo: ဧရာဝတီတိုင်းဒေသကြီးအတွင်းမှ ကားလမ်းများအဆင့်မြှင့်တင်
မအူပင်-ဆားမလောက်လမ်း BOT စနစ်ဖြင့် နှစ်လမ်းသွားဆောက်ရွက်

ပုသိမ်   နိုဝင်ဘာ   ၁

ဧရာဝတီတိုင်းဒေသကြီးသည် မြစ်ဝကျွန်းပေါ်တွင်တည်ရှိပြီး မြစ်ခွဲချောင်းခွဲများပေါများကာအကျယ်အဝန်းမှာ စတုရန်းမိုင်ပေါင်း ၁၃၅၆၆ ဒသမ ၅၈၃ ကျယ်ဝန်းသည်။ ကျေးရွာပေါင်း ၁၁၉၇၃ ရွာရှိသောကြောင့် ကျေးလက်နေပြည်သူအများဆုံးရှိသော ဒေသကြီးတစ်ခုလည်းဖြစ်သည်။ တိုင်းဒေသကြီးအတွင်း ပြည်ထောင်စုအစိုးရ  ဆောက်လုပ်ရေးဝန်ကြီးဌာနပိုင် လမ်းကွန်ရက် ၁၁ ခုအပါအဝင်  လမ်းပေါင်း (၆၇) လမ်း  မိုင်ပေါင်း ၁၆ဝ၂ မိုင် ခြောက်ဖာလုံရှိပြီး ပြည်ထောင်စုအစိုးရဆောက်လုပ်ရေးဝန်ကြီးဌာနနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့တို့က စီမံခန့်ခွဲလျက်ရှိသည်။

ဧရာဝတီတိုင်း  ဒေသကြီးသည် ယခင်က ရေလမ်းခရီးကိုသာ အားကိုးနေရသော ဒေသကြီးတစ်ခုဖြစ်ပြီး မဟာဗျူဟာလမ်းများနှင့် အလှမ်းကွာလျက်ရှိရာမှ ယခုအခါ နိုင်ငံတော် အစိုးရကဒေသတွင်း လမ်းကွန်ရက်များ ဖောက်လုပ်ပေးခဲ့ပြီး ထိုလမ်းပေါ်တို့၌ မြစ်ကူးတံတားကြီးငယ်များ တည်ဆောက်ပေးခဲ့မှုကြောင့် တိုင်းဒေသကြီးတစ်ခုလုံးရှိ မြို့နယ်ပေါင်း ၂၆ မြို့နယ်သို့ ကားဖြင့်တစ်ဆက် တစ်စပ်တည်း ဝင်ထွက်သွားလာနိုင်ကြ ပြီဟုသိရသည်။ ထို့ကြောင့် ကျွန်တော်တို့သည် အောက်တိုဘာ ၃၁ ရက်က ရန်ကုန်-ပုသိမ်  ကားလမ်းအတိုင်း ကားတစ်စီးဖြင့်ထွက်ခဲ့ပြီး  မအူပင်သို့လမ်းခွဲဖြစ်သည့် ကဇန်းလမ်းဆုံမှ တစ်ဆင့်  မအူပင်-ဆားမလောက်ကားလမ်း  ၂၁ မိုင် သုံးဖာလုံအဆုံ  မအူပင်အရောက် သွားရောက် လေ့လာခဲ့သည်။

မအူပင်-ဆားမလောက် ကားလမ်းသည် ၁၉၉ဝ-၁၉၉၁ ခုနှစ်တွင် လူထုလုပ်အားဖြင့် ဖောက်လုပ်ခဲ့သော မြေသားလမ်းဖြစ်ပြီး ၁၉၉၁-၁၉၉၂ ခုနှစ်မှစ၍ ပြည်သူ့ဆောက်လုပ်ရေး လုပ်ငန်းက ကတ္တရာလမ်း ၁၂ ပေ ခင်းပေးခဲ့ပြီး ၁၉၉၈-၁၉၉၉ ခုနှစ်တွင် တစ်ခါ၊ မိုးဟိန်းကုမ္ပဏီက CONAID ဆေးဖျန်းကတ္တရာလမ်းအဖြစ်  ပြုလုပ်ပေးခဲ့ပြီးနောက် ၂ဝဝ၉-၂ဝ၁ဝ ဘဏ္ဍာရေးနှစ်မှစ၍ အေးရှားဝေါလ် လမ်းဖောက်လုပ်ရေးကုမ္ပဏီသို့ ပြည်သူ့ဆောက်လုပ်ရေးလုပ်ငန်းက BOT စနစ်ဖြင့် လမ်းအဆင့် မြှင့်တင်ပေးရန် လွှဲပြောင်းပေးခဲ့သော လမ်းဖြစ်သည်ဟု သိရသည်။

ကျွန်တော်တို့မအူပင် ဆားမလောက်ကားလမ်း ကြည့်ရှုလေ့လာ ရေးသတင်းအဖွဲ့ကားကလေးသည် ကဇန်းလမ်းဆုံမှ  လမိုင်းရွာ၊ ချောင်း ကြီးရွာ၊ ရန်အောင်ရွာ၊ မီးသွေးချောင်းရွာ၊ ညောင်ပုလဲရွာ၊ ဝဲဒေါင့်ရွာ၊ လေသာရွာ၊ အလန်းရွာ၊ ရေနံချောင်း ရွာ၊ ဝါးတောရွာ၊ ဓနီးဒေါင့်ရွာတို့ကို ဖြတ်သန်းမောင်းနှင်၍ မအူပင်အထိ သွားခဲ့သည်။ လမ်းသည် ကတ္တရာနှစ် လမ်းသွားဖြစ်၍ ကျယ်ကျယ်ပြန့်ပြန့် လွတ်လွတ်လပ်လပ်  မောင်းနိုင်ခဲ့သည်။ လမ်းတွင် ခရီးသည်ဘတ်စ်ကားကြီးများ၊ ဒေသထွက်ကုန်မွေးမြူရေး ငါးနှင့် စပါးသယ် ယာဉ်ကြီးများနှင့် လယ်သမားသုံး ထော်လာဂျီကားများ မောင်းနှင်သွားလာလျက်ရှိသည်ကို တွေ့ရသည်။ 

ကျွန်တော်တို့လမ်းလေ့လာရေးတွင် ကားတစ်စီးနှင့်အတူပါလာသော အေးရှားဝေါလ်လမ်းဖောက်လုပ်ရေးမန်နေဂျာ ဦးစိုင်းအောင်သင်းနှင့် စီမံကိန်းအင်ဂျင်နီယာ ဦးအောင်မြင့်တို့ကို မအူပင်- ဆားမလောက်လမ်းဆုံ မအူပင် မြို့ရှောင်လမ်းတစ်နေရာ၌ အဆိုပါလမ်းစီမံကိန်းနှင့် ပတ်သက်၍  စီမံကိန်းဆောင်ရွက်ခဲ့ပုံများကို မေးကြည့်ရာ ၎င်းတို့က ကုမ္ပဏီအနေနှင့် ဧရာဝတီတိုင်းဒေသကြီးအတွင်း ရန်ကုန်- ပုသိမ်လမ်း ၁၁၃ မိုင်၊ ပုသိမ်-ငွေ ဆောင်လမ်း ၂၉ မိုင် ငါးဖာလုံနှင့် မအူပင် -ဆားမလောက် လမ်း ၂၁ မိုင် သုံးဖာလုံ စုစုပေါင်း ၁၆၄ မိုင်ကို BOT စနစ်ဖြင့် ပြည်သူ့ ဆောက်လုပ်ရေးလုပ်ငန်းထံမှ လုပ် ငန်းလွှဲပြောင်းလက်ခံကာ ဆောင်ရွက်လျက်ရှိပါကြောင်း၊ ယခုအခါ  အဆိုပါ လမ်းသုံးလမ်းမှ မိုင်ပေါင်း ၁၆၄ မိုင်ကို လေးလမ်းသွား နှစ်လမ်းသွား အဆင့်မြှင့်တင်  ဆောင်ရွက်ထားပြီး ဖြစ်ပါကြောင်း၊ လမ်းပေါ်ပါတံတားများကို လမ်းနှင့် လိုက်လျောညီထွေဖြစ်သည့် အကျယ်အထိ RC ကွန်ကရစ် တံတားများ ဆောင်ရွက်ပြီးပါကြောင်း၊ မအူပင်-ဆားမလောက် ကားလမ်းတွင် တံတားကြီးငယ် ၁၅ စင်းပါရှိရာ ၎င်းတံတားများကို ပြုပြင်ထိန်းသိမ်းလျက်ရှိပါကြောင်း ရှင်းပြသည်။

မအူပင်-ဆားမလောက်ကား လမ်းသည် ယခုအခါ  ဧရာဝတီတိုင်း ဒေသကြီးအတွင်း ရန်ကုန်- ပုသိမ် သွားကားလမ်း ကဇန်းလမ်းဆုံမှ မအူပင်အထိသာ ဖြစ်သော်လည်း ရန်ကုန် - မအူပင် - ကျိုက်လတ်နှင့် ရန်ကုန်-မအူပင်-ရေလဲလေး-လှိုင်းတာ- ကျိုက်ပိ-မော်ကျွန်းခရီးသွားပို့ဆောင် ရေးကားများနှင့် ဒေသတွင်းမှ ကျေးလက်ပြည်သူတို့၏ ငါးနှင့် စပါး ၊ပဲအမျိုးမျိုး သယ်ယူပို့ဆောင် ရေးလမ်းအဖြစ် အသုံးပြုလျက်ရှိသည်။

သတင်းနှင့်ဓာတ်ပုံ - ခရမ်းစိုးမြင့်

No comments:

Post a Comment