Sunday, November 2, 2014

နိုင်ဂျီးရီးယားအစိုးရ၏ အပစ်အခတ်ရပ်စဲရေး တောင်းဆိုချက် ဘိုကိုဟာရမ်တို့က ငြင်းဆန်ခဲ့


 


 အဘူဂျာ နိုဝင်ဘာ ၁

 အပစ်အခတ်ရပ်စဲရေး သဘောတူညီရန်နှင့်ပြန်ပေးဆွဲထားသော ကျောင်းသူ ၂ဝဝ ကျော်ကို ပြန်လွှတ်ပေးရန်ဟူသည့် နိုင်ဂျီးရီးယားအစိုးရ၏ တောင်းဆိုချက်ကို ဘိုကိုဟာရမ်တို့က ငြင်းဆိုခဲ့သည်။

 အဆိုပါ အမျိုးသမီးများကို အစ္စလာမ်ဘာသာသို့ ကူးပြောင်းပေးခဲ့ပြီး ပြန်ပေးဆွဲလာပြီးကတည်းက အိမ်ထောင်များချပေးခဲ့ကြောင်း ဘိုကိုဟာရမ်အုပ်စုခေါင်းဆောင် Shekau က ပြောခဲ့သည်။

 နိုင်ဂျီးရီးယားအစိုးရကမူ ဘိုကိုဟာရမ်တို့နှင့်အပစ်အခတ်ရပ်စဲရေး သဘောတူညီခဲ့ပြီး အမျိုးသမီးများကို မကြာမီပြန်လွှတ်ပေးလိမ့်မည်ဟု အောက်တိုဘာ ၁၇ ရက်က ကြေညာခဲ့သည်။ ထိုသို့ကြေညာခဲ့သော်လည်း သောကြာနေ့ကဖြစ်ပွားခဲ့သည့် ဗုံးပေါက်ကွဲမှုအပါအဝင် တိုက်ခိုက်မှု မကြာခဏဖြစ်ပွားခဲ့သည်။

 ဘိုကိုဟာရမ်တို့က ၂ဝဝ၉ ခုနှစ် ကတည်းက တိုက်ခိုက်မှုများပြုလုပ်ခဲ့ရာ ယခုနှစ်အတွင်း သေဆုံးသူအရပ်သား ၂ဝဝဝ ခန့်ရှိခဲ့ပြီဖြစ်သည်။

 ''ကျွန်တော်တို့ မည်သူတစ်ဦးတစ်ယောက်နှင့်မျှ အပစ်အခတ်ရပ်စဲ ရေးသဘောတူညီမှု မလုပ်ခဲ့သလို မည်သူနှင့်မျှမဟာမိတ်ဖွဲ့ထားခြင်းလည်း မရှိပါဘူး'' ဟု Shekau က သောကြာနေ့က ရုပ်သံထုတ်လွှင့်မှု တစ်ခု၌ပြောခဲ့သည်။

 ဇူလိုင်လက ပြန်ပေးဆွဲထားသည့် ကျောင်းဆရာဟုယူဆရသော ဂျာမန်အမျိုးသားသည်လည်း ၄င်းတို့၏လက်ထဲတွင်ရှိနေကြောင်း၊ ၄င်းကိုသေနတ်ဖြင့်ပစ်သတ်ခဲ့သည်ဆိုသည့် ရုပ်သံဖိုင်ကိုလည်း မည်သည့်နေရာ၊မည်သည့်အချိန်ကမျှ ထုတ်လွှင့်ပြသခဲ့ခြင်းမရှိခဲ့ကြောင်း ၄င်းကအခိုင် အမာပြောဆိုခဲ့သည်။

၎င်းရုပ်သံဖိုင်သာ ထုတ်လွှင့်ပြသခဲ့ပါက ဘိုကိုဟာရမ်တို့နှင့်အပစ်အခတ်ရပ်စဲရေးသဘောတူညီမှုရရှိခဲ့ သည်ဆိုသော နိုင်ဂျီးရီးယားအစိုးရအတွက် မဟာအရှက်တော်ရနိုင်ကြောင်း လေဂို့စ်ရောက်ဘီဘီစီ သတင်းထောက်က ပြောခဲ့သည်။

 ထို့အပြင် ဧပြီလက ဘိုကိုဟာရမ်တို့က ပြန်ပေးဆွဲခဲ့သည့် ကျောင်းသူ ၂ဝ၉ ဦးကို ဆက်လက်အကျဉ်းချထားမှုကြောင့် ကျောင်းသူများ လွတ်မြောက်ရန် ကြိုးစားနေသည့် နိုင်ဂျီးရီးယား အစိုးရကိုဝေဖန်ပြစ်တင်မှုများ ဖြစ်စေခဲ့သည်။ ယခုလအစောပိုင်းက နိုင်ဂျီးရီးယား ကာကွယ်ရေးတပ်မတော်အကြီးအကဲ Alex Badeh ၏ အပစ်အခတ်ရပ်စဲရေးကြေညာချက်ကြောင့် မျှော်လင့်ချက်ရောင်ခြည်များ တိုးလာခဲ့သည်။

၎င်းတို့၏လက်ထဲတွင် ပြန်ပေးဆွဲထားသော မိန်းကလေးများရှိနေပြီး ၄င်းတို့ကို ပြန်လွှတ်ပေးမည်ဟု ဘိုကိုဟာရမ်တို့က အခိုင်အမာပြောဆိုခဲ့ကြောင်း၊ မိမိတို့အနေဖြင့် အကောင်းဘက်ကမျှော်လင့်နေဆဲဖြစ်ကြောင်း ၄င်းကပြောသည်။ ပြီးခဲ့သည့် ရက်သတ္တပတ်က လူ့အခွင့်အရေးစောင့် ကြည့်ရေးအဖွဲ့၏ ကြေညာစာတမ်း တစ်ခုအရ ဘိုကိုဟာရမ်တို့လက်ထဲတွင် ပြန်ပေးဆွဲထားသော အမျိုးသမီး ၅ဝဝ ကျော်ရှိ ပြီး ၄င်းတို့အများစုကို ဘိုကိုဟာရမ်တို့နှင့် လက်ထပ်ပေးခဲ့ကြောင်း သိရသည်။


(ဘီဘီစီ)

No comments:

Post a Comment