Monday, November 3, 2014

နိုင်ငံတကာရိုးရာလက်ဝှေ့စိန်ခေါ်ပွဲ မြန်မာပြည်ချန်ပီယံ ထွန်းထွန်းမင်း ကနေဒါလက်ဝှေ့ချန်ပီယံ မက်သရူးကို အလဲထိုး

Photo: နိုင်ငံတကာရိုးရာလက်ဝှေ့စိန်ခေါ်ပွဲ မြန်မာပြည်ချန်ပီယံ ထွန်းထွန်းမင်း ကနေဒါလက်ဝှေ့ချန်ပီယံ မက်သရူးကို အလဲထိုး 
=============================================

မြန်မာနိုင်ငံရိုးရာလက်ဝှေ့အစည်းအရုံးကကြီးမှူးကျင်းပသည့် နိုင်ငံတကာ ရိုးရာလက်ဝှေ့စိန်ခေါ်ပွဲများကို အဓိကတွဲဆိုင်းအချို့ပြောင်းလဲခဲ့ပြီးနောက် ယနေ့မွန်းလွဲ ၂ နာရီတွင် ရန်ကုန်မြို့ရှိ သိမ်ဖြူအားကစားခန်းမ၌ ကျင်းပ သည်။                               

ယနေ့ယှဉ်ပြိုင်ထိုးသတ်ကြသည့် ငါးချီအထူးစိန်ခေါ်ပွဲတွင် ထွန်းထွန်းမင်း၊ (မြန်မာ)နှင့်ယှဉ်ပြိုင်ထိုးသတ်မည့် တူတာဘို့စ်သည် ညာလက်ဒဏ်ရာရရှိပြီး မယှဉ် ပြိုင်နိုင်တော့သဖြင့် ၎င်း၏နေရာတွင် မက်သရူး(ကနေဒါ)ကို အစားထိုးပြောင်းလဲ ယှဉ်ပြိုင်ခဲ့ပြီး  အခြားတွဲဆိုင်းအချို့လည်း  ပြောင်းလဲခဲ့ကြောင်း နိုဝင်ဘာ ၁ ရက်တွင် မြန်မာနိုင်ငံ လက်ဝှေ့အစည်းအရုံးက ပြောကြားခဲ့သည်။

ပရိသတ်စိတ်ဝင်အစားဆုံးတွဲဆိုင်းဖြစ်သည့်  နံပါတ်တစ်  မြန်မာပြည် လက်ဝှေ့ချန်ပီယံ ထွန်းထွန်းမင်း(မြန်မာ)နှင့် မက်သရူး(ကနေဒါ)တို့တွဲဆိုင်းတွင် မက်သရူးက ထွန်းထွန်းမင်းထက် အရပ်အမောင်းနှင့် အလုံးအထည် ပို၍သာ သည်။ သို့သော် တစ်ဦးချင်းကြံ့ခိုင်မှုနှင့် ပညာသည်သာ အဓိကကျကြောင်း ပထမအချီမှာပင်  အနားတောင်းလိုက်ရသည့်  မက်သရူး သိသွားသည်။ ခြေထောက်ကန်အားကောင်းသည့် မက်သရူး ခြေကန်ချက်ကို အဓိက အားထား သည်။ သို့သော်လည်း ကန်သမျှခြေကန်ချက်များကို ထွန်းထွန်းမင်းပိရိသေသပ်စွာ ရှောင်တိမ်းနိုင်ခဲ့သည်။ တတိယအချီမှာ မက်သရူးသိပ်မကပ်တော့။ ကန်ပြီး ရှောင်သည်။ သို့သော် ထွန်းထွန်းမင်း၏ လက်သီးတွဲလုံးများထိပြီး တတိယ အချီမှာပင် လဲကျကာ ပြန်မထနိုင်တော့ဘဲ ထွန်းထွန်းမင်း(မြန်မာ)အလဲထိုး အနိုင်ရသွားသည်။

မိုးဟိန်း(မြန်မာ)နှင့်ဂျိုနယ်(ဖိလစ်ပိုင်)တို့ပွဲတွင် ပထမအချီစစချင်းပင် မိုးဟိန်း ၏ ခြေကန်ချက် ဂျိုနယ်(ဖိလစ်ပိုင်)ဇက်ပိုးကိုထိပြီး အနားတောင်းရသည်။ ဒုတိယ အချီတွင် မိုးဟိန်း၏ ဒူးတိုက်ချက်က ဂျိုနယ်အရှိုက်ထိပြီး ပြန်မထနိုင်တော့သဖြင့် ဒုတိယ အချီမှာပင် မိုးဟိန်းဒိုင်ပွဲရပ်ဖြင့် အလဲထိုးအနိုင်ရခဲ့သကဲ့သို့ ရဲမြတ်အောင် (မြန်မာ)နှင့် ဘီယွန်ဒီ(ဖိလစ်ပိုင်)တို့ပွဲစဉ်တွင် ရဲမြတ်အောင်၏ တရကြမ်းလက်သီး များကြောင့် ဘီယွန်ဒီ ပထမအချီမှာပင် အနားတောင်းလိုက်ရသည်။ ဒုတိယ အချီတွင် နှစ်ဦးစလုံးပူးကပ်ကာ ချိုစောင်းချင်းယှဉ်တိုက်ရာ ဘီယွန်ဒီလဲကျပြီး ရဲမြတ်အောင် ဒိုင်ပွဲရပ်ဖြင့် အနိုင်ရခဲ့သည်။

စောအယ်လေး(မြန်မာ)နှင့် ဘတ်ဘာယာ(မွန်ဂိုလီးယား)တို့ပွဲစဉ်ဖြစ်သည်။ ဘတ်ဘာယာက စောအယ်လေးထက် အရပ်အမောင်းသာသည်။ ပထမ အချီမှာပင် ဘတ်ဘာယာ၏ ခြေကန်ချက်နှင့် လက်သီးတွဲလုံးများကြောင့် စောအယ်လေးမျက်နှာသွေးဖြာကျလာသည်။ ဒုတိယအချီ စောအယ်လေး အနားတောင်းရပြီး စတုတ္ထအချီတွင် လက်ရည်ပြန်တက်လာသဖြင့် ပရိသတ်အား ပေးသံက ခန်းမတစ်ခုလုံး ဟိန်းထွက်လာသည်။ သို့သော် စက္ကန့်ပိုင်းအတွင်းမှာပင် ဘတ်ဘာယာ၏ ဘက်စုံသုံးတိုက်ခိုက်မှုဒဏ်ကို မခံနိုင်တော့ဘဲ စောအယ်လေး စတုတ္ထအချီမှာပင် ဘတ်ဘာယာကို အရှုံးပေးလိုက်ရသည်။

ကျားပေါက်(မြန်မာ)နှင့် ဂန်တိုတော့ခ်(မွန်ဂိုလီးယား)တို့ ပွဲစဉ် စလွှတ်လွှတ် ချင်းပင် ကျားပေါက်လက်သီး၊ တံတောင်ရိုက်ချက်များအောက် ဂန်တိုတော့ခ် ခံစစ်ဖြင့် ခုခံနေရသည်။ ဒုတိယအချီမှာပင် ကျားပေါက်က ဂန်တိုတော့ခ်ကို အလဲထိုး၍ ဒိုင်ပွဲရပ်ဖြင့် အနိုင်ရရှိခဲ့သကဲ့သို့ သပြေညို(မြန်မာ)နှင့် နာရွန်ချိုင် (ထိုင်း)တို့ ပွဲအချီမှာပင် သပြေညို၏ ထိုးသတ်သည့်ဒဏ်ကို မခံနိုင်တော့ဘဲ နာရွန်ချိုင် အနားတောင်းခဲ့ရသည်။ ပွဲပြန်စ ပြန်လဲ ပြန်ထနှင့် ခံစစ်ကနေထိုးသတ် သော်လည်း ပထမအချီမှာပင် လက်ရည်မမျှဘဲ ဒိုင်ပွဲရပ်ဖြင့် သပြေညိုအနိုင်ရရှိခဲ့ ပြန်သည်။

တူးတူး(မြန်မာ)နှင့် မားသီးယက်စ်ရော်ဘင်(ဘရာဇီး)တို့ ပွဲစဉ်ဖြစ်သည်။ တူးတူးသည်  မွေထိုင်းပြိုင်ပွဲတွင် ထွန်းထွန်းမင်းနှင့် မထိုးသတ်ဖြစ်ခဲ့သည့် တူတာဘို့စ်ကို အမှတ်ဖြင့်ရှုံးနိမ့်ခဲ့သော်လည်း ယခုပွဲတွင် လက်ရည်ပြန်တက်လာပြီး မားသီးယက်စ်ရော်ဘင်ကို တတိယအချီမှာပင် အလဲထိုးကာ ဒိုင်ပွဲရပ်ဖြင့် အနိုင် ရရှိခဲ့သည်။
သတင်း-အောင်ကျော်ဦး၊    ဓာတ်ပုံ-ဇာဏီ
 
No comments:

Post a Comment