Monday, November 3, 2014

ဆိုမာလီပင်လယ်ဓားပြများက လေးနှစ်ကြာ ဖမ်းဆီးထားသည့် အိန္ဒိယနိုင်ငံသား သင်္ဘောသားများအား ပြန်လည်လွှတ်ပေး




မိုဂါဒစ်ရှူး နိုဝင်ဘာ ၂

 ဆိုမာလီပင်လယ်ဓားပြများက ၂ဝ၁ဝ ပြည့်နှစ် စက်တင်ဘာလက ပြန်ပေးဆွဲခဲ့သည့် သင်္ဘောတစ်စင်းမှ သင်္ဘောသားခုနစ်ဦးကို အောက်တိုဘာ ၃၁ ရက်တွင် ပြန်လွှတ်ပေးခဲ့ကြောင်း ဆိုမာလီအုပ်ချုပ်ရေးမှူးက နိုဝင်ဘာ ၁ ရက်တွင် ထုတ်ပြန်ကြေညာသည်။

ယင်းသင်္ဘောသားခုနစ်ဦးမှာ အိန္ဒိယနိုင်ငံသားများ ဖြစ်ကြသည်။ ပြန်ပေးဆွဲခံရသော ပနားမားမှတ်ပုံတင် အမ်ဗွီအက်စ်ဖော့အမည်ရှိ သင်္ဘောပေါ်တွင် ရေယာဉ်ဝန်ထမ်း ၁၅ ဦး လိုက်ပါခဲ့ပြီး ရှစ်ဦးကို ၂ဝ၁၁ ခုနှစ် ဧပြီလတွင် ပြန်လည်လွှတ်ပေးခဲ့သည်။ သို့ရာတွင် ပင်လယ်ဓားပြများက ၎င်းတို့တောင်းဆိုထားသော ပြန်ပေးရွေးငွေကို အပြည့်အဝလက်ခံရရှိခြင်းမရှိသည့်အတွက် ကျန်သင်္ဘောသားခုနစ်ဦးကို အမည်မဖော်သောဒေသတွင် ဆက်လက်ထိန်းသိမ်းထားခဲ့သည်။ အိန္ဒိယသင်္ဘောသား ခုနစ်ဦးတွင် ရေယာဉ်မှူးပါဝင်ပြီး ၎င်းတို့ကို ဟာရာဒါးမြို့အနီး ဒေသတစ်ခု၌ လေးနှစ်ကြာမျှ ထိန်းသိမ်းထားခဲ့သည်။ ၎င်းတို့သည် ရုပ်ပိုင်းနှင့်စိတ်ပိုင်းဆိုင်ရာ အကျပ်အတည်းများကို ခံစားခဲ့ရကြောင်း၊ သို့သော် နောက်ဆုံး၌ ပြန်လည်လွတ်မြောက်လာခဲ့ကြောင်း၊ ၎င်းတို့ ပြန်လည်လွတ်မြောက်လာခြင်းအတွက် ဆိုမာလီအစိုးရနှင့်ပြည်ပမှ လှုပ်ရှားဆောင်ရွက်သူများအား ကျေးဇူးတင်ကြောင်း ဆိုမာလီအုပ်ချုပ်ရေးမှူး ဟူစိန်အလီက ပြောကြားသည်။

 အဆိုပါသင်္ဘောသားများ လွတ်မြောက်ရေးအတွက် ပြန်ပေးရွေးငွေပေးအပ်ရခြင်းနှင့်ပတ်သက်၍ ၎င်းအနေဖြင့် အတည်မပြုနိုင်ကြောင်း ဆက်လက်ပြောကြားသည်။

 ပြန်လည်လွတ်မြောက်လာသော အိန္ဒိယသင်္ဘောသားများသည် ဟာရာဒါးမြို့မှ ဆိုမာလီနိုင်ငံ မြို့တော်မိုဂါဒစ်ရှူးသို့ လေကြောင်းခရီးဖြင့် ပို့ဆောင်ပေးခဲ့ပြီး ၎င်းမှတစ် ဆင့် အိန္ဒိယနိုင်ငံသို့ ပြန်ကြမည်ဟု သတင်းတွင် ဖော်ပြသည်။   ပီတီအိုင်။

No comments:

Post a Comment