Monday, November 3, 2014

ကမ္ဘာကြီးပူနွေးလာမှုဆိုင်ရာ အစီရင်ခံစာ ကုလသမဂ္ဂ ပညာရှင်များအဖွဲ့ ထုတ်ပြန်




ကိုပင်ဟေဗင် နိုဝင်ဘာ ၂

 ကမ္ဘာကြီးပူနွေးလာမှုဆိုင်ရာ အစီရင်ခံစာတစ်ရပ်ကို ကုလသမဂ္ဂ ကျွမ်းကျင်သူပညာရှင်များက ရေးသားပြုစုပြီးစီးသွားပြီဖြစ်ကြောင်း ဒေသဆိုင်ရာသတင်းဌာနများက နိုဝင်ဘာ ၂ ရက်တွင် သတင်းထုတ်ပြန်သည်။

 ကမ္ဘာ့ရာသီဥတုစနစ် ပြောင်းလဲရခြင်းသည် လူ့ပယောဂကြောင့် ဖြစ်ရသည်ဆိုသောအချက်နှင့်ပတ်သက်၍ ယင်းအစီရင်ခံစာတွင် နိဂုံးချုပ် သုံးသပ်ဖော်ပြထားကြောင်း ကုလသမဂ္ဂ သဘာဝပတ်ဝန်းကျင် အေဂျင်စီကပြောကြားသည်။

 ကမ္ဘာကြီးပူနွေးလာမှုနှင့်ပတ်သက်၍ ယခင်ကထုတ်ပြန်ခဲ့သောအစီရင်ခံစာသုံးစောင်ပါ လေ့လာတွေ့ရှိချက်များကို ယခုအစီရင်ခံစာသစ်တွင် စုစည်းဖော်ပြထားကြောင်း တာဝန်ရှိသူများက ပြောကြားကြသည်။

 ကုလသမဂ္ဂ ကျွမ်းကျင်ပညာရှင်များသည် အဆိုပါအစီရင်ခံစာကို မထုတ်ပြန်မီ နိုဝင်ဘာ၁ရက် နံနက် ၅ နာရီအထိတိုင်အောင် ညလုံးပေါက် ညှိနှိုင်းဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြရသည်။

 ကုလသမဂ္ဂ ကျွမ်းကျင်သူပညာရှင်များအဖွဲ့တွင် သိပ္ပံပညာရှင်များနှင့်အစိုးရကိုယ်စားလှယ်များ ပါဝင်ကြပြီး အစီရင်ခံစာကို ပူးတွဲအတည်ပြုခဲ့ကြသည်။ ထုတ်ပြန်လိုက်သော အစီရင်ခံစာတွင် ကမ္ဘာ့ရာသီဥတုပြောင်းလဲမှုများ၏ အကျိုးရလဒ်များ မည်သို့မည်ပုံ ဖြစ်ပေါ်မည်ဆိုသည်ကို အသေးစိတ်ရေးသားဖော်ပြထားသည်။ အာတိတ် ပင်လယ်ရေခဲပြင်လွှာ အရည်ပျော်ဝင်လာမှု၊ ပင်လယ်ရေမျက်နှာပြင် မြင့်တက်လာမှု၊ ကမ္ဘာတစ်ဝန်းတွင် ဖန်လုံအိမ် အာနိသင်ဓာတ်ငွေ့ထုတ်လွှတ်မှု အခြေအနေ စသည့်အကြောင်းအရာများကို သုံးသပ်ချက်များနှင့်အတူ ဖော်ပြသည်။

ဖန်လုံအိမ်ဓာတ်ငွေ့သည် လေထုတွင်းမှ ဓာတ်ငွေ့များဖြစ်ပြီး အပူစွမ်းအင်ကို သယ်ဆောင်နိုင်စွမ်း
ရှိသည်။ အနီအောက်ရောင်ခြည်ကို ထုတ်လွှတ်နိုင်သည့် ဓာတ်ငွေ့များဖြစ်သည်။ကမ္ဘာ့လေထုအတွင်း ဖွဲ့စည်းထားသည့် ဖန်လုံအိမ်ဓာတ်ငွေ့များတွင် ရေငွေ့၊ ကာဗွန် ဒိုင်အောက်ဆိုက်၊ မီသိန်း၊ နိုက်ထရပ်အောက်ဆိုက်နှင့်အိုဇုန်းတို့ပါဝင်သည်။ဖန်လုံအိမ်ဓာတ်ငွေ့များသည် ကမ္ဘာ့အပူအချိန်အပေါ် သက်ရောက်မှု ကြီးကြီးမားမားရှိသည်။

 ၁၇၅ဝပြည့်လွန်နှစ်များက စက်မှုတော်လှန်ရေး စတင်ခဲ့ချိန်မှစ၍လေထုအတွင်းဖန်လုံအိမ်ဓာတ်ငွေ့ပါဝင်နှုန်း မြင့်တက်လာသည်။သိပံ္ပပညာရှင်များ၏ လေ့လာတွေ့ရှိချက်များအရ ၂ဝရာစု ခေတ်လယ်ပိုင်းမှစ၍ ကမ္ဘာကြီးပူနွေး လာခြင်းသည်လေထုတွင်းဖန်လုံအိမ်ဓာတ်ငွေ့ သိပ်သည်းမှုနှင့်တိုက်ရိုက်ဆက်နွှယ်ကြောင်းသိရသည်။   ရိုက်တာ။

No comments:

Post a Comment