Friday, November 28, 2014

ကျောက်တော်၌ ရေချိုငါးသားပေါက်စခန်းတစ်ခု ပြည်နယ်အစိုးရရန်ပုံငွေဖြင့် တည်ဆောက်ရန် စီစဉ်လျက်ရှိ


 
နေပြည်တော် နိုဝင်ဘာ ၂၇


ပထမအကြိမ် ပြည်သူ့လွှတ်တော် (၁၁)ကြိမ်မြောက် ပုံမှန်အစည်းအဝေး ၃၆ ရက်မြောက်နေ့ကို ယနေ့နံနက် ၁ဝ နာရီတွင် ပြည်သူ့လွှတ်တော် အစည်းအဝေးခန်းမ၌ ကျင်းပပြီး မေးခွန်းများ မေးမြန်းဖြေကြားခြင်းတို့ကို ဆောင်ရွက်ခဲ့ကြသည်။


ယနေ့ အစည်းအဝေးတွင် အမ်းမဲဆန္ဒနယ်မှ ဦးသိန်းဆွေ၏ ''ရခိုင်ပြည်နယ်၏ အဓိကစီးပွားရေးလုပ်ငန်း တစ်ခုဖြစ်သည့် မွေးမြူရေးလုပ်ငန်းများ အဆင့်မြှင့်တင်နိုင်ရေးအတွက် စီမံချက်များရေးဆွဲကာ စီမံကိန်း တစ်ရပ်အဖြစ် အကောင်အထည်ဖော် ဆောင်ရွက်ပေးရန် အစီအစဉ် ရှိ/ မရှိ သိရှိလိုကြောင်း'' မေးခွန်းနှင့် စပ်လျဉ်း၍ သမ္မတရုံးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်သိမ်းက ရခိုင်ပြည်နယ်၏ သားငါးကဏ္ဍအပါအဝင် မွေးမြူရေးကဏ္ဍတိုးတက်ရေး အတွက် ၂ဝ၁၄-၂ဝ၁၅ ဘဏ္ဍာရေး နှစ်တွင် ပြည်နယ်အစိုးရ ခွင့်ပြုငွေကျပ် ၂၃၃ ဒသမ ၈၂ သန်းဖြင့် ပေါက်တောမြို့နယ်၌ ရေငန်ပုစွန် သားဖောက်စခန်း တည်ဆောက်ခြင်း၊ ကျောက်တော်မြို့နယ်၌ ရေချိုငါး သားဖောက်စခန်း တည်ဆောက်ခြင်း တို့ကို ဆောင်ရွက်လျက်ရှိပြီး ပုဂ္ဂလိက ကဏ္ဍက သားပေါက်များအားဖြည့် ထုတ်နိုင်ရေးအတွက် စစ်တွေ၊ ပုဏ္ဏားကျွန်း၊ ကျောက်တော်နှင့် အမ်းမြို့နယ်များ၌ တစ်ပိုင်တစ်နိုင်ငါးသားဖောက် ရုံများကို ပြည်ထောင်စုအစိုးရ ခွင့်ပြု ရန်ပုံငွေကျပ်သိန်း ၂ဝဝ ဖြင့် တည်ဆောက်သွားမည်ဖြစ်ပါကြောင်း။


ထို့အပြင် ရခိုင်ပြည်နယ်မွေးမြူ ရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် လက်ရှိမွေးမြူထားသော တိရစ္ဆာန်များကို လိုအပ်ချက်ပေါ်မူတည်၍ ကာကွယ်ကုသခြင်းလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ထို့အတူ မွေးမြူလိုသူလုပ်ငန်းရှင်များ၊ တပ်ရင်းတပ်ဖွဲ့များအား ဝက်မျိုးကောင်းမျိုးသန့်များ ဖြန့်ဖြူးပေးခြင်း၊ နွားမျိုးများ မြှင့်တင်သားစပ် ပေးနိုင်ရေးအတွက် နို့စားနွား၊ ခိုင်းနွားမျိုးများကို ဌာနကထုတ်ပေးလျက်ရှိပြီး မေထုန်မဲ့သားစပ်နည်းဖြင့် ဆောင်ရွက်ပေးလျက်ရှိသည့်အပြင် မွေးမြူရေးလုပ်ကိုင်နေသူများနှင့် ဌာနအတွင်းအမှုထမ်းများအား မွေးမြူရေးအကြောင်း ပညာပေးသင်တန်းများ ပို့ချပေးလျက်ရှိပါကြောင်း။


မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနနှင့် စီပီကုမ္ပဏီတို့ပူးပေါင်း၍ ရခိုင်ပြည်နယ်အတွင်း စီပီစံပြ ကျေးရွာသုံးရွာရွေးချယ်ပြီး မွေးမြူရေး လှည့်ပတ်ရန်ပုံငွေထူထောင်ပေးကာ မွေးမြူရေးလုပ်ငန်းများကို လေ့လာနိုင်ရန် စီစဉ်ဆောင်ရွက်ထား ရှိပြီးဖြစ်ပါကြောင်း၊ မွေးမြူရေး လုပ်ငန်းရှင်များ၏ အဓိကလိုအပ်ချက်ဖြစ်သည့် ရေငန်ပုစွန်သားပေါက်များ တိုးတက်ထုတ်လုပ်နိုင်ရေးအတွက် ငါးလုပ်ငန်းဦးစီးဌာန၏ ရှိပြီးစခန်းများကို အဆင့်မြှင့်တင်ရန်နှင့် ပေါက်တောမြို့နယ် စိုးမဲကျီရေငန် ပုစွန် သားပေါက်စခန်းဟောင်းနေရာ၌ ၂ဝ၁၄-၂ဝ၁၅ဘဏ္ဍာရေးနှစ်တွင် ပြည်နယ်အစိုးရအဖွဲ့က ငွေလုံးငွေရင်း ဘတ်ဂျက်ခွင့်ပြုငွေ ၁၂၈ ဒသမ ၄၆ သန်းဖြင့် ရေငန်ပုစွန်သားပေါက်စခန်းသစ် ထပ်မံတည်ဆောက်ရန် စီစဉ်လျက်ရှိပါကြောင်း။


အိမ်နီးချင်းနိုင်ငံသို့ အလွယ်တကူ တင်ပို့ရောင်းချနိုင်ပြီး ဈေးကွက်ရရှိရေးအတွက် ဘူးသီးတောင်မြို့နယ် ကကျဘက်ကျေးရွာ၌ ရေချိုငါးသား ပေါက်စခန်းကို တည်ဆောက်ပြီးဖြစ်ပါကြောင်း၊ ထို့အတူ ကျောက်တော် မြို့နယ် သစ်တပုံဆည်အနီး၌ ရေချို ငါးသားပေါက်စခန်းတစ်ခုကိုလည်း ပြည်နယ်အစိုးရရန်ပုံငွေဖြင့် တည်ဆောက်ရန် စီစဉ်လျက်ရှိပါကြောင်းဖြင့် ရှင်းလင်းဖြေကြားသည်။


မလှိုင်မဲဆန္ဒနယ်မှ ဦးအေးမောက်၏ ''အဆောက်အအုံများ ဆောက်လုပ်ခြင်းနှင့် ပတ်သက်၍ အလုပ်အကိုင်၊ ပတ်ဝန်းကျင်ထိခိုက်မှု ရှိလာပါက မည်သို့တင်ပြဆောင်ရွက် ရမည်ကို သိရှိလိုကြောင်း''မေးခွန်း နှင့်စပ်လျဉ်း၍ ဆောက်လုပ်ရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးစိုးတင့်က အထပ်မြင့်အဆောက်အအုံများဖြစ်သည့် စုပေါင်းအိမ်ရာများ တည်ဆောက်ရာတွင် အရည်အသွေး စံချိန်စံညွှန်းစစ်ဆေးခြင်းကို ဆောက်လုပ်ရေးဝန်ကြီးဌာနနှင့် သက်ဆိုင်ရာ စည်ပင်သာယာရေး ကော်မတီများက ကြီးကြပ်ဆောင်ရွက်လျက်ရှိပြီး အဆောက်အအုံ လုပ်ငန်းကြောင့် ပတ်ဝန်းကျင် ထိခိုက်ညစ်ညမ်းခြင်း မဖြစ်စေရေးအတွက် သက်ဆိုင်ရာ လုပ်ငန်းအမျိုးအစားအလိုက် သတ်မှတ်ထားသော စည်းမျဉ်းစည်းကမ်းများ ရှိပြီးဖြစ်ပါကြောင်း။


ရင်းနှီးမြှုပ်နှံမှုပမာဏ ကြီးမားခြင်း၊ နိုင်ငံခြားသား ရင်းနှီးမြှုပ်နှံပါဝင် ခြင်းအပေါ်မူတည်ပြီး မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်သို့ ခွင့်ပြု ချက်လျှောက်ထားစဉ်ကပင် တည်ဆောက်ရေးလုပ်ငန်းကြောင့် ပတ်ဝန်း ကျင်ထိခိုက်နိုင်မှု ဆန်းစစ်လေ့လာ ချက်နှင့် လူမှုရေးထိခိုက်နိုင်မှု ဆန်းစစ်လေ့လာချက်တို့ကို ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သစ်တောရေးရာ ဝန်ကြီးဌာန၏ ထောက်ခံချက်နှင့်တကွ တင်ပြကြရပါကြောင်း၊ ပြည်ပနိုင်ငံသားများအား ကျွမ်းကျင်သူအဖြစ် လုပ်ငန်းခွင်များတွင် လုပ်ကိုင် ခွင့်ပြုရာ၌ ဥပဒေနှင့်အညီ နေထိုင်ခြင်း၊ ဥပဒေနှင့်အညီ အလုပ်လုပ်ကိုင် ခြင်းဖြစ်စေရန် လိုအပ်ပါကြောင်း။


ဆောက်လုပ်ရေးဝန်ကြီးဌာန မြို့ ရွာနှင့်အိုးအိမ် ဖွံ့ဖြိုးရေးဦးစီးဌာနအနေဖြင့် နိုင်ငံခြားသားကုမ္ပဏီ ဖက်စပ်လုပ်ကိုင်ခြင်း၊ မြေနှင့် အဆောက်အအုံ ငှားရမ်းလုပ်ကိုင်ခြင်း တို့ဆောင်ရွက်ရာတွင် မြန်မာနိုင်ငံသို့ လာရောက် အလုပ်လုပ်ကိုင်သည့် နိုင်ငံခြားသား ကျွမ်းကျင်သူများအတွက် လိုအပ်သော ပြည်ဝင်ခွင့် ဗီဇာကိစ္စရပ်များကို သက်ဆိုင်ရာဌာန များနှင့် ညှိနှိုင်းဆောင်ရွက်ပေးလျက် ရှိပါကြောင်း။


ဆောက်လုပ်ရေး လုပ်ငန်းများအတွက် ထုတ်ပြန်ကြေညာထားသည့် တည်ဆဲအမိန့်ညွှန်ကြားချက်များကို လိုက်နာကြရန် သတ်မှတ်ထားသော အလုပ်ချိန်ပြင်ပတွင် ပတ်ဝန်းကျင် အနှောင့်အယှက် ဖြစ်စေနိုင်သည့် ဆူညံသံဖြင့် လုပ်ငန်းဆောင်ရွက်မှု မလုပ်ရန်၊ လမ်းပိတ်ဆို့မှုမဖြစ်စေရန် လုပ်ငန်းခွင်ကြီးကြပ်မှု စနစ်တကျ ဆောင်ရွက်ထားရှိပါကြောင်းဖြင့် ရှင်းလင်းဖြေကြားသည်။


ထို့နောက် ပြည်ထဲရေးဝန်ကြီး ဌာနက တင်သွင်းသည့် '' ၁၉၅၄ ခုနှစ် နိုင်ငံတော်အထိမ်းအမှတ်များ (ဆင်ယင်ပြသမှုကန့်သတ်ရေး) အက် ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်း'' ကို ဥပဒေကြမ်းကော်မတီ၏ အစီရင် ခံစာတင်ပြချက်အတိုင်း ပြင်ဆင်ချက်မရှိ လွှတ်တော်က အတည်ပြုခဲ့ပြီး အစည်းအဝေးကို ရုပ်သိမ်းလိုက်သည်။ (သတင်းစဉ်)

No comments:

Post a Comment