Sunday, November 2, 2014

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဘယ်လာရုစ်သမ္မတနိုင်ငံသို့ ချစ်ကြည်ရေးခရီးထွက်ခွာ




နေပြည်တော် နိုဝင်ဘာ ၁

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သော မြန်မာ့တပ်မတော် ချစ်ကြည်ရေးကိုယ်စားလှယ်အဖွဲ့သည် ဘယ်လာရုစ်သမ္မတနိုင်ငံ ဝန်ကြီးချုပ် H.E.Mr.Mikhail Myasnikovich ၏ဖိတ်ကြားချက်အရ ချစ်ကြည်ရေး ခရီးသွားရောက်ရန်အတွက် ယနေ့ နံနက်ပိုင်းတွင် ရန်ကုန်အပြည်ပြည် ဆိုင်ရာလေဆိပ်မှ ထွက်ခွာကြရာ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ထွန်းထွန်းနောင်၊ တပ်မတော် အရာရှိကြီးများနှင့်တာဝန်ရှိသူများက လေဆိပ်တွင်ပို့ဆောင်နှုတ်ဆက်ကြသည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သော မြန်မာ့တပ်မတော် ချစ်ကြည်ရေးကိုယ်စားလှယ်အဖွဲ့တွင် အဖွဲ့ဝင်များအဖြစ် ကာကွယ်ရေးဦးစီး ချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး မြထွန်းဦး၊ ဒုတိယဗိုလ်ချုပ်ကြီး စိန်ဝင်း၊ စစ်ဦးစီးအရာရှိချုပ်(လေ) ဗိုလ်ချုပ် လွင်ဦး၊ အနောက်တောင်တိုင်းစစ်ဌာန ချုပ်တိုင်းမှူး ဗိုလ်ချုပ်လူအေးနှင့် ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော် အရာရှိကြီးများ လိုက်ပါသွားကြသည်။

ဘယ်လာရုစ်သမ္မတနိုင်ငံသည် ယခင် ဆိုဗီယက်ပြည်ထောင်စုအတွင်း ပါဝင်ခဲ့ပြီး ၁၉၉၁ ခုနှစ် သြဂုတ် ၂၅ ရက်နေ့တွင် လွတ်လပ်သည့် နိုင်ငံ တစ်နိုင်ငံအဖြစ်ကြေညာခဲ့သည်။ ဘယ် လာရုစ်သမ္မတနိုင်ငံသည် အာဆီယံ နိုင်ငံများနှင့် ကောင်းမွန်သော ဆက်ဆံရေးရှိခဲ့ပြီး မြန်မာနိုင်ငံနှင့်သံတမန် ဆက်ဆံရေးကို ၁၉၉၉ ခုနှစ် စက်တင် ဘာ ၂၂ ရက်တွင် စတင်ခဲ့သည်။ ဘယ်လာရုစ်သမ္မတနိုင်ငံဝန်ကြီးချုပ် H.E.Mr. Mikhail Myasnikovich နှင့် ဇနီး ဦးဆောင်သည့် ချစ်ကြည်ရေး ကိုယ်စားလှယ်အဖွဲ့သည် မြန်မာနိုင်ငံ သို့ ၂ဝ၁၁ ခုနှစ် ဒီဇင်ဘာလတွင် အလည်အပတ်ခရီးလာရောက်ခဲ့ပြီး နှစ်နိုင်ငံကုန်သွယ်ရေးနှင့် စီးပွားရေး၊ လယ်ယာစိုက်ပျိုးရေး၊ ပညာရေး စသည့် ကဏ္ဍအသီးသီးတွင် ပူးပေါင်းဆောင် ရွက်နိုင်ရေး သဘောတူညီချက်များ လက်မှတ်ရေးထိုးနိုင်ခဲ့သည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ၏ ခရီးစဉ်တွင် ဘယ်လာရုစ်သမ္မတ နိုင်ငံအစိုးရအဖွဲ့မှ တာဝန်ရှိသူများ၊ တပ်မတော်ပိုင်းဆိုင်ရာ တာဝန်ရှိသူ များနှင့် တွေ့ဆုံ၍ နှစ်နိုင်ငံတပ်မတော် နှစ်ရပ်အကြား အကျိုးတူကိစ္စရပ်များ ဆွေးနွေးခြင်း၊ ယဉ်ကျေးမှုဆိုင်ရာများ ကို လေ့လာမှုများ ဆောင်ရွက်သွား မည်ဖြစ်ကြောင်း သိရသည်။ (မြဝတီ)

No comments:

Post a Comment