Sunday, November 2, 2014

ယူ-၂ဝ ကမ္ဘာ့ဖလားဝင်ခွင့်ရ မြန်မာ ယူ-၁၉ အသင်း ရန်ကုန်မြို့တွင်း လှည့်လည်အောင်ပွဲခံ




ရန်ကုန် နိုဝင်ဘာ ၁

မြန်မာ့ဘောလုံးသည် တစ်ခေတ်တစ်ခါက ရွှေခေတ်သို့ ရောက်ရှိခဲ့သည်။ အာရှအဆင့်၊ အာဆီယံအဆင့် ပြိုင်ပွဲများတွင် ချန်ပီယံဆုများစွာဖြင့် အောင်ပွဲအလီလီရရှိခဲ့ဖူးသည်။ ၁၉၇၅ ခုနှစ်နောက်ပိုင်းတွင် မြန်မာ့ဘောလုံးမှာ နိမ့်တစ်ခါ၊ မြင့်တစ်လှည့် ဖြစ်နေခဲ့ရာမှ ယခု ၂ဝ၁၄ ခုနှစ်တွင် မြန်မာဘောလုံးပရိသတ်ကြီး မျှော်လင့်နေမှုကို မြန်မာယူ-၁၉ အသင်းက အရယူပေးနိုင်ခဲ့သည်။ 

မြန်မာ့ဘောလုံးသမိုင်းတွင် ပထမ ဆုံးဖြစ်သည့် ကမ္ဘာ့ဖလားဝင်ခွင့်ကို မြန်မာယူ-၁၉ အသင်းက ရယူပေးနိုင် ခဲ့ခြင်းဖြစ်သည်။ ယခင်က အမြင့်ဆုံး အဖြစ် ၁၉၇၂ မြူးနစ်အိုလံပစ်ပြိုင်ပွဲ ကိုသာ ယှဉ်ပြိုင်ဖူးသည့် မြန်မာ ဘောလုံးအသင်းများမှာ ယခုတွင်မူ ယူ-၂ဝ ကမ္ဘာ့ဖလားပြိုင်ပွဲကို ယှဉ်ပြိုင်ခွင့်ရရှိခဲ့ခြင်းဖြစ်သည်။ မြန်မာ့ဘော လုံးကို ကမ္ဘာ့အဆင့်သို့ ပို့ဆောင်ပေးခဲ့သည်။ 

မြန်မာယူ-၁၉အသင်းသည် ပရိသတ် မေတ္တာကိုထပ်မံခံယူရန် ယနေ့နံနက် ပိုင်းမှစ၍ ရန်ကုန်မြို့တွင်း၌ လှည့်လည် အောင်ပွဲခံခဲ့သည်။

ယူ-၂ဝ ကမ္ဘာ့ဖလားဝင်ခွင့်ရ မြန်မာ ယူ-၁၉ အသင်းသည် အထူးစီမံထားသော မော်တော်ယာဉ်နှစ်စီးဖြင့် သုဝဏ္ဏဘောလုံးကွင်းရှေ့ရှိ မြန်မာ နိုင်ငံဘောလုံးအဖွဲ့ချုပ်မှ စတင်ထွက်ခွာခဲ့ပြီး ရန်ကုန်မြို့တွင်းရှိ မြို့နယ်အသီးသီးကို ဖြတ်သန်းအောင် ပွဲခံခဲ့ကြသည်။ အောင်ပွဲရ မြန်မာ ယူ-၁၉ အသင်းယာဉ်တန်းသည် ဝေဇ ယန္တာလမ်းမှ သစ္စာလမ်း၊ ကမ္ဘာအေး ဘုရားလမ်း၊ မြောက်ဥက္ကလာ၊ ခရေပင် လမ်းခွဲမှ တညင်းကုန်း၊ အောင်ဆန်း၊ အင်းစိန်လမ်းမအတိုင်း လှည်းတန်းနှင့် မြေနီကုန်းတို့ကိုဖြတ်ကာ ပြည်လမ်း အတိုင်း၊ ဘုန်းကြီးလမ်း၊ မဟာဗန္ဓုလ လမ်းအတိုင်း၊ မြို့တော်ခန်းမရှေ့မှ သိမ်ဖြူ လမ်း၊ ဗညားဒလလမ်း၊ တာမွေ မှ လေးထောင့်ကန်လမ်း၊ ဘောလုံး အဖွဲ့ချုပ်အထိ လှည့်လည်အောင်ပွဲ ခံကြသည်။ မြန်မာယူ-၁၉အသင်းမှာ နေပူပူအောက်တွင် ပရိသတ်များကို နှုတ်ဆက်ခဲ့သလို မြန်မာဘောလုံးပရိ သတ်များကလည်း မအားလပ်သည့် ကြားမှပင် ကြိုဆိုခဲ့ကြသည်။

အာရှယူ-၁၉ ပြိုင်ပွဲကို အောက်တို ဘာ ၉ ရက်မှ ၂၃ ရက်အထိ ရန်ကုန် နှင့်နေပြည်တော်တို့တွင် ကျင်းပခဲ့ပြီး မြန်မာ ယူ-၁၉ အသင်းမှာ ဆီမီးဖိုင်နယ် အဆင့်ရောက်ရှိပြီး သမိုင်းဝင်အောင်ပွဲ ကို ရယူနိုင်ခဲ့ခြင်းဖြစ်သည်။ မြန်မာ ယူ-၁၉ အသင်းမှာ အုပ်စုတွင်း ပွဲစဉ် များတွင် ယီမင်အသင်းနှင့် ဂိုးမရှိ သရေ၊ ထိုင်းအသင်းကို သုံးဂိုးပြတ် အနိုင်ရရှိကာ နောက်ဆုံးပွဲတွင် အီရန်အသင်းကို နှစ်ဂိုး-ဂိုးမရှိဖြင့် ရှုံးနိမ့်ခဲ့သည်။ မြန်မာအသင်းမှာ ရမှတ် လေးမှတ်ဖြင့် အုပ်စုဒုတိယရရှိကာ ကွာတားဖိုင်နယ်သို့ တက်ရောက်ခဲ့ သည်။ ကွာတားတွင် ယူအေအီးအသင်း နှင့် ရင်ဆိုင်ခဲ့ရပြီး သန်းပိုင်၏တစ်လုံး တည်းသောဂိုးဖြင့် အနိုင်ရကာ ကမ္ဘာ့ ဖလားဝင်ခွင့်ရမည့် သမိုင်းဝင်နိုင်ပွဲကို ရယူနိုင်ခဲ့သည်။ 

မြန်မာအသင်းမှာ ဆီမီးတွင် ကာတာအသင်းကို အချိန်ပို၌ သုံးဂိုး-နှစ်ဂိုးဖြင့် ရှုံးနိမ့်ခဲ့သော်လည်း မြန်မာ ကစားသမားများ၏ ကြိုးစားမှု၊ စိတ်ဓာတ်တို့ကို မြန်မာဘောလုံးပရိသတ် များကလက်ခံခဲ့ကြသည်။ မြန်မာယူ-၁၉ အသင်း၏ စွမ်းဆောင်မှုမှာ အင်မတန် ပင်ကြီးမားသော်လည်း မြန်မာဘောလုံး မှာ ရှေ့ဆက်သွားရဦးမည်ဖြစ်သည်။ အာရှအဆင့် ပြိုင်ပွဲများတွင် အောင်မြင် မှုရရှိရန်၊ ကမ္ဘာ့အဆင့်ပြိုင်ပွဲများကို ယှဉ်ပြိုင်ခွင့်ရရှိရန်နှင့် ယခုယှဉ်ပြိုင်ခွင့် ရရှိထားသည့် ယူ-၂ဝ ကမ္ဘာ့ဖလား ပြိုင်ပွဲတွင် အဆင့်မီစွာ ယှဉ်ပြိုင်နိုင် ရေးစသည့် ရှေ့ဆက်သွားရန် အများ ကြီးရှိနေပေသည်။ ယခု အောင်မြင်မှု၌ ယစ်မူးမနေဘဲ ဆက်လက်အောင်မြင် ရန် မြန်မာတစ်မျိုးသားလုံး၏ နှလုံး သည်းပွတ်ထဲက အလိုရှိနေပေသည်။

No comments:

Post a Comment