Sunday, November 2, 2014

ရမည်းသင်းမြို့ နှစ်(၈ဝ)ပြည့် မြို့နယ်လုံးကျွတ်မဟာဘုံကထိန်ပွဲတော် ရေစက်ချမင်္ဂလာကျင်းပ




နေပြည်တော် နိုဝင်ဘာ ၁

မန္တလေးတိုင်းဒေသကြီး ရမည်းသင်းမြို့ နှစ်(၈ဝ)ပြည့် မြို့နယ်လုံးကျွတ် မဟာဘုံကထိန်ပွဲတော် ရေစက်ချမင်္ဂလာ အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ရမည်းသင်းမြို့ မြို့မရပ်ကွက် ရန်အောင်မြင် သာသနာ့ဗိမာန်၌ ကျင်းပသည်။

အခမ်းအနားသို့ ရမည်းသင်းမြို့ ဇေယျာအောင်မြင်ကျောင်းတိုက် ဆရာတော် ဓမ္မာစရိယ ဂန္ထဝါစက ပဏ္ဍိတ ဘဒ္ဒန္တဉာဏိကဝရ အမှူးပြုသော ဆရာတော် သံဃာတော် အပါး ၆ဝ ကြွရောက်ချီးမြှင့်တော်မူကြပြီး အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးခင်အောင်မြင့်၊ တိုင်းဒေသကြီးဝန်ကြီး၊ ဌာနဆိုင်ရာအကြီးအကဲများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် စေတနာရှင် ဒေသခံပြည်သူများ တက်ရောက်ကြည်ညိုကြသည်။

ရှေးဦးစွာ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ အမှူးပြုသော ဧည့်ပရိသတ်များက ဆရာတော် သံဃာတော်များအား နေ့ဆွမ်းဆက်ကပ်လှူဒါန်းကြသည်။ ထို့နောက် ရမည်းသင်းမြို့နယ် အောင်မြင် ရွှေဘုံကျောင်းတိုက် ဆရာတော် ဘဒ္ဒန္တသုမင်္ဂလထံမှ ငါးပါးသီလခံယူဆောက်တည်ကြသည်။

ယင်းနောက် လှူဖွယ်ဝတ္ထုပစ္စည်းပဒေသာပင်များ၊ အထူးလှူဖွယ်ပစ္စည်း များဖြစ်သည့် ကွန်ပျူတာနှစ်စုံနှင့် ဆိုင်ကယ်တို့ကို စာရေးတံမဲချ၍ ရမည်းသင်း မြို့နယ်ရှိ ဘုန်းကြီးကျောင်း ၆ဝ သို့ ဆက်ကပ်လှူဒါန်းပြီး အောင်မြင်ရွှေဘုံ ကျောင်းတိုက် ဆရာတော်ချီးမြှင့်သည့် ကထိန်အနုမောဒနာ တရားနာယူကာ လှူဒါန်းမှု အစုစုအတွက် ရေစက် သွန်းချအမျှပေးဝေကြသည်။

အဆိုပါ မြို့လုံးကျွတ်မဟာဘုံကထိန်ပွဲတော်ကို အောက်တိုဘာ ၂၆ ရက်မှ အောက်တိုဘာ ၃ဝ ရက်အထိ ဌာနဆိုင်ရာများ၊ အဖွဲ့အစည်းများ၊ မြို့ပေါ်နှင့် ရပ်ကွက်တို့မှ အလှူရှင်များက ပဒေသာပင်များအား ကထိန် ပတ်လမ်းအတိုင်း အတီးအမှုတ်များဖြင့် နေ့စဉ်လှည့်လည်၍ ဗဟိုမဏ္ဍပ်သို့ ပို့ဆောင်ခဲ့ကြသည်။

မြို့နယ်လုံးကျွတ် မဟာဘုံကထိန်ပွဲတော်တွင် စုစုပေါင်းတန်ဖိုးငွေကျပ် ၇၂၅၇ဝ၉၃၈ ကျပ်ရှိ ဥတ်ပဒေသာပင်၊ ဆွမ်း ပဒေသာပင်၊ လှူဖွယ်ဝတ္ထုနှင့်ပစ္စည်းများကို ရမည်းသင်းမြို့နယ်ရှိ ဘုန်းကြီးကျောင်း ၆ဝ သို့ လှူဒါန်းခဲ့သဖြင့် ဘုန်းကြီးကျောင်းတစ်ကျောင်းအတွက် တန်ဖိုးငွေကျပ် ၁၂ သိန်းကျော်ခန့် လှူဒါန်းနိုင်ခဲ့ကြောင်း သိရသည်။

အဆိုပါ ရမည်းသင်းမြို့ မြို့လုံးကျွတ်မဟာဘုံကထန်ပွဲတော်ကို နှစ်စဉ် တန်ဆောင်မုန်းလဆန်း ၄ ရက်မှ ၁ဝ ရက်အထိ ရမည်းသင်းခရိုင်နှင့် မြို့နယ်ရှိ ဒေသခံပြည်သူများ၏ စိတ်အားထက်သန်စွာ လှူဒါန်းမှုတို့ဖြင့် စည်ကား သိုက်မြိုက်စွာ ကျင်းပလေ့ရှိကြောင်း သိရသည်။ (သတင်းစဉ်)

No comments:

Post a Comment