Friday, November 28, 2014

အမျိုးသားပြန်လည်စည်းလုံးညီညွတ်ရေးနှင့် နိုင်ငံရေးအရအဖြေရှာသည့်နေရာတွင် အားလုံးပါဝင်နိုင်မှုသည် အရေးကြီး




မြန်မာ့ဒီမိုကရေစီစနစ် အသွင်ကူးပြောင်းရေးတွင် အမျိုးသားပြန်လည်စည်းလုံး ညီညွတ်ရေးသည် မဖြစ်မနေလိုအပ်ချက်တစ်ရပ်ဖြစ်သည်။ ယင်းသို့ ဆောင်ရွက်နိုင်ရန် သမ္မတကြီးဦးသိန်းစိန်သည် ၎င်းတာဝန်ယူသည့်အချိန်မှစ၍ အားလုံးပါဝင်နိုင်သော နိုင်ငံရေးဖြစ်စဉ်တစ်ရပ်ကို အကောင်အထည်ဖော်နိုင်ရန် ကြိုးပမ်းခဲ့သည်။ ထိုသို့ ကြိုးပမ်းမှုကြောင့် ၂ဝ၁ဝ ရွေးကောက်ပွဲတွင် တစ်ချိန်က ပါဝင်ခဲ့ခြင်းမရှိသည့် နိုင်ငံရေးပါတီများမှာ လွှတ်တော်အတွင်း ရောက်ရှိလာသည်။ယခင်အစိုးရလက်ထက်က နိုင်ငံတော်တည်ငြိမ်ရေးနှင့် လုံခြုံရေးကိုထိန်းသိမ်းနိုင်ရန် အကျဉ်းချခံနေရသူများလည်း ပြန်လည်လွတ်မြောက်လာကာ နိုင်ငံရေးနယ်ပယ်တွင် ပုံစံအမျိုးမျိုးဖြင့် ပါဝင်လာနိုင်ခဲ့သည်။ ထို့ကြောင့် အမျိုးသားပြန်လည်စည်းလုံးညီညွတ်ရေးနှင့်နိုင်ငံရေးအရ အဖြေရှာသည့် နေရာမှာ အားလုံးပါဝင်နိုင်မှုသည် အရေးကြီးသည်ကို တွေ့ရမည်ဖြစ်သည်။
၂ဝ၁၄ ခုနှစ် အောက်တိုဘာ ၃၁ ရက် နေပြည်တော်တွေ့ဆုံမှုတွင် အမျိုးသားအင်အားစုများပါဝင်ကာ နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးအဖြေရှာကြသည့်အခါ အင်စတီကျူးရှင်းများကို အခြေခံသည့် ချဉ်းကပ်ပုံဖြင့် အမျိုးသားနိုင်ငံရေးအင်အားစု (၅)စုမှ ပုဂ္ဂိုလ်များဖြင့် ဆောင်ရွက်ခဲ့သည်။ ထိုဆောင်ရွက်ချက်ကို ပြည်တွင်းပြည်ပကလည်း ကြိုဆိုခဲ့ကြသည်။ သို့သော်တစ်ဖက်ကလည်း အရေးကြီးသည့်ပုဂ္ဂိုလ်အနည်းစုဖြင့်သာ ဆွေးနွေးသင့်သည်ဆိုသည့် အယူအဆရှိသူတွေလည်းရှိနေဆဲဖြစ်သည်။ သို့ဖြစ်၍ ယမန်နေ့ ညနေပိုင်းက ရန်ကုန်မြို့တွင် ကျင်းပခဲ့သော နိုင်ငံတော်သမ္မတကြီး ဦးဆောင်သည့် အစိုးရအဖွဲ့ဝင်များနှင့် နိုင်ငံရေးပါတီများ တွေ့ဆုံဆွေးနွေးပွဲသို့ တက်ရောက်လာကြသူများ၏ သဘောထားအမြင်များကို ကောက်နုတ်စုစည်းဖော်ပြလိုက်ပါသည်။

ဦးရဲထွဋ်
ပြည်ထောင်စုဝန်ကြီး၊ ပြန်ကြားရေးဝန်ကြီးဌာန
ဒီကနေ့ တွေ့ဆုံမှုက သမ္မတကြီးနဲ့နိုင်ငံရေးပါတီတွေ ရဲ့ တတိယအကြိမ်တွေ့ဆုံမှုပါ။ နိုင်ငံရေးပါတီတွေ ဒီနေ့လာတက်တာ ၆၇ ပါတီဖြစ်ပါတယ်။ ဒီပါတီတွေထဲမှာ လွှတ်တော်ထဲကို မရောက်သေးတဲ့ ပါတီတွေရှိပါတယ်။ခုမှ ဖွဲ့စည်းစနိုင်ငံရေးပါတီတွေအနေနဲ့ စဉ်းစားနိုင်အောင်လို့ ပြောတာဖြစ်ပါတယ်။ တိုင်းရင်းသားတွေ ပြန်ဆွေးနွေးတဲ့အခါမှာ ငြိမ်းချမ်းရေးကိစ္စကို အများကြီးဆွေးနွေးတယ်။ ဒေသဖွံ့ဖြိုးရေးကိစ္စ၊ လွှတ်တော်ကပြောထားတဲ့ ခြောက်ပွင့်ဆိုင်နဲ့ပတ်သက်လို့ တိုင်းရင်းသားကိုယ်စားလှယ်တစ်ဦး တည်းပါတဲ့ကိစ္စကို သူတို့လည်း သိပ်ပြီးဘဝင်မကျဘူးလို့ ပြောရမှာပေါ့။ တိုင်းရင်းသား တွေအနေနဲ့လည်း များများပါသင့်တယ်ဆိုတဲ့ အယူအဆမျိုးတွေ ဆွေးနွေးတာရှိပါတယ်။ နိုင်ငံတော်အစိုးရအနေနဲ့ ဥပဒေပြု လွှတ်တော်တွေနဲ့ ပူးပေါင်း ဆောင်ရွက်နေသလို ဥပဒေပြုလွှတ်တော်ထဲမှာ မရှိသေးတဲ့ ပါတီတွေနဲ့ ပူးပေါင်းဆောင်ရွက်ဖို့အတွက် အစိုးရအဖွဲ့နဲ့ နိုင်ငံရေးပါတီတွေ ကြားမှာ ဆက်သွယ်ဆောင်ရွက်နိုင်မယ့် ယန္တရားတစ်ခု ထူထောင်ဖို့ သမ္မတကြီးက ပြောခဲ့ပါတယ်။ ငြိမ်းချမ်းရေးကိစ္စတွေမှာ နိုင်ငံရေးပါတီတွေအနေနဲ့ ပါဝင်ဆောင်ရွက်ပေးနိုင်ဖို့ ကူညီမယ်လို့ အဆိုပြုတဲ့အပေါ်မှာ သမ္မတကြီးက သဘောတူလက်ခံပါတယ်။ နောက်တစ်ခုက မြေယာကိစ္စ၊ အမျိုးသားပညာရေး ဥပဒေနဲ့ပတ်သက်လို့ ကန့်ကွက်နေတဲ့ ကိစ္စတွေ၊ ဒေသဖွံ့ဖြိုး တိုးတက်ရေးနဲ့ ဆိုင်တဲ့ကိစ္စတွေကို သမ္မတကြီးက အလေး အနက် နားထောင်ပြီး ဒါတွေကို အဖြေရအောင် ပူးပေါင်းဆောင်ရွက်သွားမှာဖြစ်ပါတယ်။ ဒီလိုအဖွဲ့အစည်း အများကြီးနဲ့တွေ့ဆုံတာ အများကြီးအကျိုးရှိပါတယ်။ ကျွန်တော်တို့ သွားနေတဲ့ နိုင်ငံရေးကိုက အားလုံးပါဝင်တဲ့ နိုင်ငံရေး ဖြစ်စဉ်တစ်ခုဖြစ်အောင် လုပ်နေတာကြောင့် ပါတီကြီးသည်ဖြစ်စေ၊ ငယ်သည်ဖြစ်စေ၊ အရေအတွက် နည်းသည်ဖြစ်စေ၊ များသည်ဖြစ်စေ အားလုံးရဲ့အမြင်သဘောထားကို တတ်နိုင်သမျှ နိုင်ငံတော်သမ္မတ ကြီးအနေနဲ့ ရယူဖို့ကြိုးစားတာဖြစ်ပါ တယ်။ နောင်လည်း ဒီလိုတွေ့ဆုံပွဲတွေ မကြာခဏ ထပ်တွေ့ဖို့ရှိပါ တယ်။

ဦးဇိုဇမ်
ချင်းအမျိုးသားဒီမိုကရက်တစ်ပါတီ
(ဥက္ကဋ္ဌ)
၆ ပွင့်ဆိုင်ဆိုတာကို ဆွေးကိုမဆွေး နွေးစေချင်ပါဘူး။ ဆွေးနွေးမှုရလဒ်ကို အသိအမှတ်မပြုပါဘူး။ လွှတ်တော်ထဲက ထွက်လာတာကြောင့် မယုံပါဘူး။ ပြောပြီးသားပဲ၊နိုင်ငံရေးသမားသည် နိုင်ငံရေးခေါင်းဆောင်များ ဆွေးနွေးတာကိုပဲ ယုံကြည်တယ်။ လွှတ်တော်ဆိုတာ အခု ၂ဝ၁ဝ လွှတ်တော်ဆိုတာ ကျွန်တော်ကိုယ်တိုင် လွှတ်တော်ကိုယ်စားလှယ်ပါ။ အများကြီးလိုအပ်ချက်တွေရှိတယ်။ နိုင်ငံခြားလွှတ်တော်(၅)ခုလောက် လေ့လာပါတယ်။ တခြားစီပါ၊ ကျွန်တော်တို့မှာ စံချိန်မမီပါဘူး။

ဒေါက်တာတူးဂျာ
ကချင်ပြည်နယ် ဒီမိုကရေစီပါတီ
အခုတွေ့ဆုံပွဲကို အားရပါတယ်။ သမ္မတကြီးတော်တော်စိတ်ရှည်ပါတယ်။ ရှင်းပြတာလည်း ပြည့်စုံပါတယ်။ နိုင်ငံရေးပါတီများတင်ပြတာကိုလည်း စိတ်ရှည်လက်ရှည် နားထောင်တာတွေ့ရတယ်။ လူတိုင်းစေ့ကို နှုတ်ဆက်ပြီး ပြန်သွားတယ်။ သမ္မတကြီးကိုချီးကျူးပါတယ်။
၆ ပွင့်ဆိုင်က တိုင်းရင်းသားဘက်က ကိုယ်စားလှယ်ရွေးချယ်တဲ့နေရာမှာ လူမှန်၊ နေရာမှန်ဖြစ်ဖို့လိုတယ်။ တစ်ယောက်ပဲဖြစ်ဖြစ်၊ နှစ်ယောက်ပဲဖြစ်ဖြစ် အရေအတွက်ကို မပြောချင်ပါဘူး။ ဒါပေမယ့် တိုင်းရင်းသား ကိုယ်စားလှယ်အဖြစ် ရွေးချယ်တဲ့နေရာမှာ တိုင်းရင်းသားတွေ ခံစားရသလိုတကယ်ခံစားတဲ့သူဖြစ်ရမယ်။တိုင်းရင်းသားတွေရဲ့ ခံစားချက်၊ လိုလားချက်ကို ဂဃနဏ သိတဲ့သူ ဖြစ်ရမယ်။ဆွေးနွေးပွဲမှာ တိုင်းရင်းသားအရေးကို ရဲရဲဝံ့ဝံ့ မှန်မှန်ကန်ကန် ပြတ်ပြတ်သားသား ပွင့်ပွင့်လင်းလင်းတင်ပြတတ်တဲ့သူဖြစ်ဖို့လိုတယ်။

ဦးအောင်သိန်းလင်း
ဗဟိုအလုပ်အမှုဆောင်
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်
ဖွံ့ဖြိုးရေးပါတီ
တိုင်းရင်းသားလူမျိုးစုကိုယ်စားလှယ်တွေပါရင် ပိုပြည့်စုံတယ်လို့ သူတို့တောင်းဆိုကြတာကို သဘာဝပိုကျတယ်လို့ ကျွန်တော်မြင်ပါတယ်။ ဒီနေ့ဆွေးနွေးသွားတဲ့အထဲမှာ ပြည်တွင်း ငြိမ်းချမ်းရေးကိစ္စနဲ့ပတ်သက်ပြီး သမ္မတကြီးက အလေးထားပြီး အားစိုက်ဆောင်ရွက်နေတာကို ကျွန်တော့်အနေနဲ့သဘောအကျဆုံးဖြစ်ပါတယ်။ပြည်တွင်းငြိမ်းချမ်းရေးဆိုတာ ကျွန်တော်အပါအဝင် အားလုံးလိုလားကြတယ်။ ကျွန်တော်တို့ နိုင်ငံက၁၉၄၉ ခုနစ်ကတည်းကစခဲ့တာ နှစ်ပေါင်း ၆ဝ လောက်ရှိခဲ့ပြီ။ နှစ်ဖက်တိုက်ကြ၊ ခိုက်ကြတဲ့အခါ ဘယ်ဘက်ကရှုံးရှုံး၊ ဒဏ်ရာရရ ကျွန်တော်တို့ တိုင်းပြည်နစ်နာတာပါပဲ။ ပြည်တွင်းငြိမ်းချမ်းရေးတည်ဆောက်ဖို့ဆိုတာ ကျွန်တော်တို့နိုင်ငံအတွက် အရေးကြီးခဲ့တာကြာပါပြီ။အခုမှ သေချာပီပီပြင်ပြင်နဲ့ထိထိရောက်ရောက် တည်ဆောက်နေတယ်။တစ်တိုင်းပြည်လုံး အတိုင်းအတာနဲ့ ဝိုင်းဝန်းပြီး ပူးပေါင်းလုပ်ဆောင်ကြမယ်ဆိုရင် ပြည်တွင်းငြိမ်းချမ်းရေးရသွားမှာဖြစ်ပါတယ်။ဒါမှသာ ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေး၊ အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေးတို့ဆိုတဲ့ ဒို့တာဝန်အရေးသုံးပါးကို ပိုပြီးပီပီပြင်ပြင်ဖော်ဆောင်လာနိုင်မှာ ဖြစ်ပါတယ်။ ဒီတွေ့ဆုံဆွေးနွေးပွဲမှာ ပါတီ၆ဝကျော်ပါတယ်။ဒီနေ့ ဆွေးနွေးသွား ကြတာတွေလည်းအများကြီး အကျိုးရှိပါတယ်။ အနာဂတ်နိုင်ငံရေးအတွက်လည်း အထောက်အကူပြုနိုင်ပါတယ်။ သမ္မတကြီးက အခုလိုတွေ့ ဆုံတာကိုကြိုဆိုတယ်။ ပါတီခေါင်း ဆောင်တွေနဲ့ အုပ်ချုပ်ရေးမှာ အကြီးဆုံးဖြစ်တဲ့ သမ္မတနဲ့တွေ့တယ်ဆိုတာ မှားစရာမရှိပါဘူး။ အချိန်များများပေးနိုင်ရင် ပိုကောင်းမယ်လို့ထင်ပါတယ်။
ဦးမောင်မောင်
ဒုတိယဥက္ကဋ္ဌ
မြန်မာနိုင်ငံတောင်သူလယ်သမား
ဖွံ့ဖြိုးတိုးတက်ရေးပါတီ
ဒီနေ့ သမ္မတကြီးနဲ့ပါတီအသီးသီးက နိုင်ငံရေးခေါင်းဆောင်တွေ အားလုံးတွေ့ဆုံကြတယ်။ ပါတီတွေကလည်း တင်ပြဆွေးနွေးကြတယ်။ ပါတီအသီးသီးရဲ့အကြံဉာဏ်တွေကို သမ္မတကြီးက အပြည့်အဝ လက်ခံယုံကြည်လိမ့်မယ်လို့ ကျွန်တော့်အနေနဲ့ထင်ပါတယ်။ ကျွန်တော်ကတော့ တောင်သူလယ်သမားပါတီ ကဆိုတော့ ဒီနေ့ဆွေးနွေးသွားတဲ့ အထဲမှာသမ္မတကြီးအနေနဲ့ လယ်ယာမြေ မှုခင်းကိစ္စနဲ့ ပတ်သက်ပြီးဥပဒေနဲ့အညီဆောင်ရွက်ပေးသွားပါ့မယ်ဆိုတဲ့အချက်ကို ပိုပြီးသဘောကျပါတယ်။အခုလိုတွေ့ဆုံပွဲတွေက ပြည်တွင်းငြိမ်းချမ်းရေးနဲ့အပစ်အခတ် ရပ်စဲရေးကိစ္စတွေအတွက် အားဆေးတစ်ခွက်လို့ ကျွန်တော်မြင်တယ်။ ဒီလိုတိုင်းရင်းသားပါတီတွေပါဝင်ပြီး တွေ့ဆုံတာ ကျွန်တော့်အနေနဲ့သဘောကျပါတယ်။ တစ်ကြိမ်မက အကြိမ်ပေါင်းများစွာ တွေ့ဆုံသင့်တယ်။ နောက်ပြီး ၃ ပွင့်ဆိုင်၊ ၄ ပွင့်ဆိုင်၊ ၅ ပွင့်ဆိုင်၊ ၆ပွင့်ဆိုင် တို့ထက် တိုင်းရင်းသားပါတီခေါင်းဆောင်တွေ အများဆုံးပါဝင်သင့်တယ်။ပြည်တွင်းငြိမ်းချမ်းရေး တည်ဆောက်ဖို့မှာ တိုင်းရင်းသားတွေက အဓိကအခြေခံဖြစ်တယ်။ အဓိကအခြေခံဖြစ်တဲ့ ဒီတိုင်းရင်းသားတွေပဲ လက်နက်ကိုင် အဖွဲ့အစည်းတွေဖြစ်နေပြန်တယ်။ ဒီတိုင်းရင်းသားခေါင်းဆောင်တွေပါမှ ပြည်တွင်းငြိမ်းချမ်းရေးကိုအမြန် ဆုံးတည်ဆောက်လို့ရမယ်။

ရန်ကုန် သတင်းအဖွဲ့
 

No comments:

Post a Comment