Sunday, November 2, 2014

အာကာသခရီးသည်ယာဉ် စမ်းသပ်ပျံသန်းစဉ်ပျက်ကျ






ဝါရှင်တန် နိုဝင်ဘာ ၁

ဆာရစ်ချတ်ဘရန်ဆန်က "ဗာဂျင်ဂါလက်တစ် " အာကာသယာဉ်ပျက်ကျ၍ လူသေဆုံးမှုရှိခဲ့သော်လည်း ၎င်း၏ အာကာသခရီးသွားလုပ်ငန်းကို ဆက်လက်အကောင်အထည်ဖော်ရန် သန္နိဋ္ဌာန်ချထားကြောင်း ယနေ့ ပြောကြားလိုက်သည်။

အမေရိကန်ပြည်ထောင်စု ကယ်လီဖိုးနီးယားပြည်နယ် မိုဂျေ့ဗ်ဗီသဲကန္တာရအတွင်း၌ သောကြာနေ့တွင် အာကာသယာဉ်(၂) ပေါက်ကွဲသွားခဲ့ရာ အာကာသယာဉ်မှူးတစ်ဦး သေဆုံးပြီး အခြားတစ်ဦး ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့သည်။

လော့စ်အိန်ဂျလိမြို့ မြောက်ဘက်ယာဉ်ပျက်ကျသည့်နေရာသို့ စုံစမ်းစစ်ဆေးရေးအဖွဲ့များ သွားရောက်လျက်ရှိသည်။ အာကာသ ခရီးသွားလုပ်ငန်းကို အချိန်အတန်ကြာကပင် ထောက်ခံအားပေးသူဖြစ်သော ဗာဂျင်အုပ်စုတည်ထောင်သူ မစ္စတာဘရန်ဆန်က အဆိုပါ ဖြစ်ရပ်ဆိုးကြောင့် ၎င်းအနေဖြင့် တုန်လှုပ်ချောက်ချားရကြောင်း၊ ဝမ်းနည်းကြေကွဲရကြောင်း၊ သို့သော် ၎င်းလုပ်ငန်းကို စွဲစွဲမြဲမြဲ ဆက်လက်လုပ်ကိုင်မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ဗာဂျင်က ၂ဝ၁၅ ခုနှစ်တွင် စီးပွားဖြစ် အာကာသခရီးသွားလုပ်ငန်းကို စတင်နိုင်မည်ဟု မျှော်မှန်းထားသည်။ ၎င်းက တစ်ဦးလျှင် ဒေါ်လာ ၂၅ဝဝဝဝ နှုန်းဖြင့် ခရီးသည် ၇ဝဝ ကျော် ကြိုတင်စာရင်းပေးမှု လက်ခံရရှိထားပြီးဖြစ်သည်။

ပထမဆုံးခရီးစဉ်တွင် မစ္စတာ ဘရန်ဆန်က သူကိုယ်တိုင်လိုက်ပါမည်ဟု ကတိပြုထားသည်။၎င်းအာကာသယာဉ်သည် စမ်းသပ် ပျံသန်းရန်အတွက် ကယ်လီဖိုးနီးယားပြည်နယ် တာကာဖီးလ်မြို့အနီးမှ ပျံတက်ပြီး မကြာမီပျက်ကျခဲ့ခြင်းဖြစ်သည်။ ဘီဘီစီ။

No comments:

Post a Comment