Sunday, November 2, 2014

ခရီးသွားဧည့်သည်များ မပြတ်စည်ကားနေသည့် အင်းလေးဒေသ




ရှမ်းပြည်နယ်(တောင်ပိုင်း) တောင်ကြီးမြို့သို့ သတင်း သွားရောက်ရေးသားပြီးအပြန် အချိန်အနည်းငယ်ရသဖြင့် ညောင်ရွှေမြို့သို့ ဆိုင်ကယ်ဖြင့်ခရီးနှင်ခဲ့သည်။

ညောင်ရွှေမြို့သည် မြန်မာနိုင်ငံ၏ ခရီးသွား ဧည့်သည်များ အများဆုံးလာရောက်သည့် ဒေသများတွင် တစ်ခုအပါအဝင်ဖြစ်သည်။ ထင်ရှားကျော်ကြားသည့် အင်းလေးကန်၊ မှီတင်းနေထိုင်ကြသည့် တိုင်းရင်းသား များ၏ ဓလေ့ထုံးစံ၊ တန်ခိုးကြီး ဖောင်တော်ဦးဘုရားနှင့် စေတီများ၊ သာယာလှပ၍ စိတ်ဝင်စားဖွယ်ကောင်းသည့် ပထဝီအနေအထားများကြောင့် မြန်မာနိုင်ငံသားများ သာမက ကမ္ဘာ့နိုင်ငံအသီးသီးမှ နိုင်ငံခြားသားများဖြင့် အမြဲစည်ကားလျက်ရှိသည်။

ညောင်ရွှေမြို့သို့ ဧည့်သည်အများဆုံး လာရောက်ချိန်မှာ သီတင်းကျွတ် ဖောင်တော်ဦးဘုရားပွဲ ဒေသစာရီကြွချိန်ကာလ၊ တောင်ကြီးတန်ဆောင်တိုင် မီးပုံးပျံပွဲတော်ကာလနှင့် နှစ်သစ်ကူး သင်္ကြန်ကာလများပင် ဖြစ်သည်။ နိုင်ငံခြားသား ခရီးသွားဧည့်သည်များမှာတော့ တစ်နှစ်တာ ကာလပတ်လုံး လာရောက်လေ့လာမှုများရှိကြောင်း ဒေသခံတစ်ဦး၏ ပြောပြချက်အရ သိရသည်။

ညောင်ရွှေမြို့သို့ ရောက်ရှိချိန်မှာ မွန်းတည့်ချိန်ဖြစ် နေပြီဖြစ်၍ နေ့လယ်စာသုံးဆောင်ရင်း ခဏအပန်းဖြေ အနားယူကာ ဖောင်တော်ဦးဘုရားကိန်းဝပ်ရာ စံကျောင်း တော်သို့ စက်တပ်လှေငယ်ဖြင့် ထွက်ခွာလာခဲ့သည်။ စက်တပ် လှေငယ်များမှာလည်း အသင်းအဖွဲ့ပိုင်များရှိသလို တစ်ကိုယ်ရေတစ်ကာယ ငှားစားကြသူများလည်း ရှိသည်။ ခရီးသွားဧည့်သည် များချိန်မှာတော့ စက်တပ်လှေငယ်စီးခမှာ သတ်မှတ် ဈေးနှုန်းအတိုင်း မကောက်ခံတော့ဘဲ ပါးစပ်ဈေး ဖြင့်သာ စီးကြရသည်မှာလည်း မှတ်သားဖွယ်ရာပင်။

အသွားအပြန် ငွေကျပ်တစ်သောင်းခုနစ်ထောင်ဖြင့် ညောင်ရွှေလှေဆိပ်မှ စံကျောင်းတော်သို့ ၁၃ မိုင်ခရီးအကွာကို တရွေ့ရွေ့ခုတ်မောင်းလာသည့် စက်တပ်လှေငယ်ဖြင့် လိုက်ပါစီးနင်းရင်း စိမ်းလန်း စိုပြည်နေသည့် ပတ်ဝန်းကျင်ရှုခင်းအလှများ၊ နိုင်ငံခြားသားများ အထူးစိတ်ဝင်စားသည့် အင်းသားရိုးရာ ငါးဖမ်းနေမှုများ၊ စက်တပ်လှေငယ် များပေါ်၌ ကမ္ဘာလှည့်ခရီးသွားများ၏ ကျေနပ်ပီတိ အပြည့်ဖြင့် ပျော်ရွှင်နေမှုများကို မြင်တွေ့ရသည်မှာ လွန်စွာမှ သဘောကျဖွယ်မြင်ကွင်များပင် ဖြစ်သည်။

စက်တပ်လှေစီးရင်း မြင်တွေ့နေရသည့် မြင်ကွင်းအချို့မှ အထူးသတိထားမိသည့်အချက်မှာ အင်လေးကန်ရေပြင်၏ သန့်ရှင်းနေမှုနှင့် ဆမ တံဆိပ်ပါ စက်ယန္တရားကြီးများ၏ လုပ်ငန်းလုပ်ဆောင် နေမှုများပင် ဖြစ်သည်။ အဆိုပါ စက်ယန္တရားကြီး များ၏ လုပ်ငန်းဆောင်ရွက်ချက်များကို ညောင်ရွှေ မြို့ပေါ်ရောက်မှ သက်ဆိုင်ရာဌာနသို့ သွားရောက် မေးမြန်းရန် ဆုံးဖြတ်လိုက်သည်။

စာရေးသူ စီးနင်းလိုက်ပါလာသည့် စက်တပ် လှေငယ်သည် ဖောင်တော်ဦးစံကျောင်း ရောက်ရှိ ချိန်တွင် ဖောင်တော်ဦးဘုရား ဒေသစာရီကြွချီချိန်၌ အသုံးပြုသည့် ဖောင်တော်ကိုမြင်မိ၍ မေးမြန်း ကြည့်ရာ ဒေသခံတစ်ဦးက ''ဒီဖောင်တော်က ဘုရား ဒေသစာရီ ကြွချီတဲ့အခါ အသုံးပြုတာပါ၊ အရင်ကတော့ ဖောင်တော်ကို ဘုရားလှည့်လည်ချိန် ရောက်မှ ဆောက်လုပ်တာဖြစ်ပြီး အခုနောက်ပိုင်းမှာတော့ ဖောင်တော်ကို ကောင်းမွန်ခိုင်ခံ့စွာ ပြုလုပ်ပြီး အခုလိုပဲ အမိုးအကာတို့နဲ့ သေချာထားတာပါ''ဟု ရှင်းပြသည်။

ဖောင်တော်ဦးစံကျောင်းထဲတွင် ပြည်တွင်း ဘုရားဖူး အရေအတွက်နှင့် ပြည်ပခရီးသွားဧည့်သည် အချိုးမှာ ပြည်ပက များပြားနေသည်ကို တွေ့ရသည့် အတွက် မြန်မာလူမျိုးတစ်ယောက်အနေဖြင့် ယခုလိုတန်ခိုးကြီးဘုရားများ ပေါ်ထွန်းရာနိုင်ငံမှာ လူဖြစ်ခွင့်ရသည့်အတွက် များစွာဂုဏ်ယူမဆုံး ဖြစ်နေမိသည်။ ဘုရားရင်ပြင်တော်ပေါ်၌လည်း မြန်မာအမျိုးသမီးငယ်လေးများကို မြန်မာဆန်ဆန် ဝတ်စားဆင်ယင်မှုများဖြင့် ပေါ့ပါးသွက်လက်စွာ နိုင်ငံခြားသား ခရီးသွားဧည့်သည်များ သိရှိလိုသည် များကို အပြန်အလှန်ဆွေးနွေးပြောဆိုမှုများ မြင်တွေ့ ရသည်မှာလည်း ဂုဏ်ယူဖွယ်တစ်ရပ်ပင်ဖြစ်သည်။

အင်းလေးရှိ ဖောင်တော်ဦးဘုရားကို တစ်ဝကြီး ဖူးမြော်အပြီး စက်တပ်လှေငယ်လေးဖြင့်ပင် မလှမ်းမကမ်းရှိ အလိုတော်ပေါက်ဘုရားသို့ သွားရောက် ဖူးမြော်အပြီး ညောင်ရွှေမြို့သို့ အပြန်ခရီးနှင်ခဲ့လေ သည်။ အပြန်ခရီးတစ်လျှောက်မှာတော့ အစီအရီ ဆောက်လုပ်ထားသည့် ပုဂ္ဂလိကဟိုတယ်များ၊ အင်းလေးကန်၏အရှေ့ဘက်ရှိ တောင်နှင့်မြောက် သွယ်တန်းနေသော တောင်ခြေတွင်အသစ်ဖော် ထုတ်မည့် ဟိုတယ်ဇုန်စီမံကိန်းမြေနေရာများကို လေ့လာရင်း ညနေပိုင်းတွင် ညောင်ရွှေလှေဆိပ်သို့ ပြန်လည်ရောက်ရှိခဲ့သည်။

  ညောင်ရွှေသို့ ပြန်ရောက်သည်နှင့် စာရေးသူ နှစ်ခြိုက်သည့် လက်ဖက်ရည်သောက်ချိန်ပင်မထား တော့ဘဲ အင်းလေးကန်ကြီး သာယာလှပအောင် ပြုလုပ်ထားသည့် ဆည်မြောင်းဦးစီးဌာန၏ ဆောင်ရွက် ချက်များကို စာဖတ်သူ ပြည်သူအများ သိရှိနိုင်ရေး အတွက် ဌာနရှိရာ အဆောက်အအုံသို့ ဆိုင်ကယ် ကို အသော့မောင်းကာ ထွက်ခွာလာခဲ့ပေတော့ သည်။ ။
ခရီးသွားမှတ်စု - ဇောယျာ(မိုင်ရာ)

No comments:

Post a Comment