Tuesday, November 4, 2014

၂ဝ၁၅-၂ဝ၁၇ နော်ဝေ-မြန်မာ သဘာဝပတ်ဝန်းကျင်ကဏ္ဍပူးပေါင်းဆောင်ရွက် ရေသယံဇာတထိန်းသိမ်းရေး နှစ်နိုင်ငံသဘောတူ

Photo: ၂ဝ၁၅-၂ဝ၁၇ နော်ဝေ-မြန်မာ သဘာဝပတ်ဝန်းကျင်ကဏ္ဍပူးပေါင်းဆောင်ရွက် 
ရေသယံဇာတထိန်းသိမ်းရေး နှစ်နိုင်ငံသဘောတူ

ယနေ့ ကမ္ဘာပေါ်ရှိ လူဦးရေ ၂ ဒသမ ၆ ဘီလီယံခန့်သည် သန့်ရှင်းမှုမရှိသည့် ပတ်ဝန်းကျင်တွင်နေထိုင်ကြရပြီး မြန်မာနိုင်ငံသည်လည်း ရာသီဥတုဆိုးရွားစွာခံစားရသည့် ထိပ်ဆုံး ၁ဝ နိုင်ငံစာရင်း၌ ဒုတိယနေရာတွင် ရောက်ရှိနေသည်။ ထိုရာသီဥတုဆိုးရွားမှုဒဏ်များနှင့် သဘာဝပတ်ဝန်းကျင် ညစ်ညမ်းမှုဒဏ်များကို ကာကွယ်နိုင်ရန် နော်ဝေ- မြန်မာ သဘာဝပတ်ဝန်းကျင်ကဏ္ဍ ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရေး ၂ဝ၁၅-၂ဝ၁၇ စီမံကိန်းများဆောင်ရွက်မည့် အလုပ်ရုံဆွေးနွေးပွဲကို ယနေ့ နံနက် ၉ နာရီတွင် နေပြည်တော်ရှိ သစ်တောဦးစီးဌာန သစ်တောဦးစီးရုံးချုပ် ရုံးအမှတ်(၃၉) အင်ကြင်းခန်းမ၌  ကျင်းပသည်။

နော်ဝေ-မြန်မာပတ်ဝန်းကျင်ကဏ္ဍ ပူးပေါင်းဆောင်ရွက်မှု မြင့်တင်ရေးစီမံကိန်း၏ အဓိကကဏ္ဍကြီး (၃)ရပ် တွင် မြန်မာနိုင်ငံတွင် ဇီဝမျိုးစုံမျိုးကွဲများ ထိန်းသိမ်းခြင်းနှင့် သဘာဝနယ်မြေများ စီမံအုပ်ချုပ်လုပ်ကိုင်မှု တိုးတက်စေခြင်း ဆိုင်ရာစီမံကိန်း၊ ဘက်စုံရေသယံဇာတအရင်းအမြစ်များ စီမံအုပ်ချုပ်မှုနှင့်စပ်လျဉ်းသည့်စီမံကိန်း၊ သဘာဝအမွေအနှစ် များထိန်းသိမ်းရေးနှင့် ဘေးအန္တရာယ်ဖြစ်စေသော  စွန့်ပစ်ပစ္စည်းများ ထိန်းသိမ်းရေးဆိုင်ရာ ဥပဒေမူဘောင်နှင့် ပင်မစီမံကိန်းများရေးဆွဲခြင်းတို့ပါဝင်သည်။ 

မြန်မာနိုင်ငံသည် နော်ဝေနိုင်ငံနှင့် ၂ဝ၁၁ ခုနှစ် နိုဝင်ဘာလတွင် နော်ဝေနိုင်ငံမှ အဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့်သစ်တောရေးရာဝန်ကြီးဌာနသို့ လာရောက်၍ ပတ်ဝန်းကျင်နှင့် သဘာဝသယံဇာတများ ထိန်းသိမ်းရေးကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးညှိနှိုင်းခဲ့မှုသည် ဝန်ကြီးဌာနနှစ်ခုအကြား ပူးပေါင်းဆောင်ရွက်မှု ခရီး၏ စဦးမှတ်တိုင် တစ်ခုဖြစ်ခဲ့ပါသည်။ ၂ဝ၁၂ ခုနှစ် အောက်တိုဘာလတွင် နော်ဝေနိုင်ငံ အော်စလိုမြို့၌  နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှုများထပ်မံညှိနှိုင်းခဲ့သည်။ ၂ဝ၁၃ ခုနှစ် ဇန်နဝါရီတွင် နော်ဝေနိုင်ငံ ရေသုတေသနဌာန (NIVA) အပါအဝင် နော်ဝေနိုင်ငံရာသီဥတုနှင့်ပတ်ဝန်းကျင်ဝန်ကြီးဌာနမှ အဆင့်မြင့်အရာရှိကြီးများ နေပြည်တော်သို့ လာရောက်ခဲ့ပြီး နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှုများကို ထပ်မံဆွေးနွေးညှိနှိုင်းခဲ့သည်။

အလုပ်ရုံဆွေးနွေးပွဲသို့ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့်သစ်တောရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းထွန်း၊ မြန်မာနိုင်ငံဆိုင်ရာ နော်ဝေနိုင်ငံသံအမတ်ကြီး Ms.Ann Ollestad နှင့်သံရုံးအရာရှိကြီးများ၊ နော်ဝေနိုင်ငံရာသီဥတုနှင့် ပတ်ဝန်းကျင်ဆိုင်ရာဝန်ကြီးဌာန၊ ပတ်ဝန်းကျင်အေဂျင်စီ၊ နော်ဝေရေသုတေသနဌာန၊ မိုးသစ်တောများအဖွဲ့နှင့် နော်ဝေနိုင်ငံဖွံ့ဖြိုးမှုပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီတို့မှ ကိုယ်စားလှယ်များနှင့်ပညာ ရှင်များ၊ မြန်မာနိုင်ငံအစိုးရဌာနအသီးသီးမှ ကိုယ်စားလှယ်များ၊  ဘာသာရပ်ဆိုင်ရာ အသီးသီးမှ ကျွမ်းကျင်သူပညာရှင် များ၊ NGO နှင့် INGO များမှကိုယ်စားလှယ်များ၊ မီဒီယာအသီးသီးမှ ကိုယ်စားလှယ်များနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။ 

ယနေ့ကျင်းပသည့် စီမံကိန်းများနှင့်စပ်လျဉ်း၍ နော်ဝေအဖွဲ့အကြံပေး ဦးတင်အောင်ချိုက ''မြန်မာနိုင်ငံအနေနဲ့ လည်း ပတ်ဝန်းကျင်ထိန်းသိမ်းရေးနဲ့ ပတ်သက်ပြီးတော့ အစီအမံများရေးဆွဲနိုင်ရန် စိတ်ဝင်တစားလေ့လာနေတာ ကြာပါပြီ။ အခုစီမံကိန်းကတော့ ၂ဝ၁၅-၂ဝ၁၇ သုံးနှစ်စီမံကိန်းနဲ့ဆောင်ရွက်သွားမယ့် ပထမဦးဆုံးအစီအစဉ်ပဲဖြစ် ပါတယ်။ ကျွန်တော်တို့နိုင်ငံ ကတော့ ပတ်ဝန်းကျင် ထိန်းသိမ်းမှုအတွက် လုပ်စရာတွေအများကြီးရှိပါတယ်။ နော်ဝေနိုင်ငံက နိုင်ငံ ငယ်ပေမယ့် နည်းပညာပိုင်းမှာ တော်တော်လေးရှေ့ရောက်ပြီး ဖွံ့ဖြိုးတိုးတက်နေတဲ့အတွက် ကျွန်တော်တို့ နိုင်ငံအတွက် အများကြီးအထောက်အကူပြုရမှာပါ။ ဒီစီမံကိန်းတွေ အောင်မြင်ခဲ့မယ်ဆိုရင် ထပ်ပြီးတော့ ကျွန်တော်တို့ အစိုးရအနေနဲ့ ဆက်လက်ပူးပေါင်းဆောင်ရွက်သွားဖို့ရှိပါတယ်။ ပတ်ဝန်းကျင်ထိန်းသိမ်းတယ်ဆို တာဟာ ဝန်ကြီးဌာနတွေ အဖွဲ့အစည်းတွေကနေပဲ ထိန်းသိမ်းနေလို့ မလုံလောက်ပါဘူး။ အများပြည်သူဝိုင်း ဝန်းပြီးတော့ ''ပါဝင်ပူးပေါင်း၊ ပူးပေါင်းပါဝင်'' ဖို့အရေးကြီးပါတယ်''ဟု ပြောကြားခဲ့သည်။

ထို့နောက် ဒုတိယညွှန်ကြားရေးမှူးချုပ် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ဦးလှမောင်သိန်းက ''ဒီ အလုပ်ရုံဆွေးနွေးပွဲမှာ အန္တရာယ်ဖြစ်စေတဲ့ အဆိပ်အတောက်ဖြစ်စေတဲ့စွန့်ပစ်ပစ္စည်းများနဲ့ စပ်လျဉ်းတဲ့ အစီ အစဉ်တစ်ခုကို ကဏ္ဍတစ်ရပ်အနေနဲ့ ရေးဆွဲသွားဖို့ရှိပါတယ်။ စွန့်ပစ်ပစ္စည်းများနှင့်ပတ်သက်ပြီး ဘယ်လို အစီအမံတွေရေးဆွဲသွားမလဲဆိုတာ အဓိက ဆွေးနွေးသွားမှာဖြစ်ပါတယ်။ လက်ရှိ မြန်မာနိုင်ငံမှာ အန္တရာယ် ဖြစ်စေတဲ့ စွန့်ပစ်ပစ္စည်းတွေနဲ့ ပတ်သက်လို့ အစီအမံတွေသီးခြားရေးဆွဲထားတာ မရှိပါဘူး။ ကျွန်တော်တို့က နော်ဝေနဲ့ ဆွေးနွေးလိုက်တဲ့အခါမှာ ဒီကဏ္ဍဟာ အရေးကြီးတဲ့ ကဏ္ဍတစ်ရပ်ဖြစ်လာပါတယ်။ ဒါကြောင့် ရေရှည်စီမံကိန်းတွေချမှတ်ပြီး Master Plan  တွေ ရေးဆွဲဖို့ရှိပါတယ်။ အမျိုးသားအဆင့်မှာ Master Plan တစ်ခုပေါ်လာမယ်။ ဒါ့အပြင် တိုင်းဒေသကြီးအဆင့် ပြည်နယ်အဆင့်တွေမှာလည်း စွန့်ပစ်ပစ္စည်းတွေနဲ့ ပတ်သက်လို့ ဘယ်လိုထိန်းချုပ်မလဲ ဘယ်လိုလျှော့ချမလဲ။ ဘယ်လိုစွန့်ပစ်မလဲဆိုတဲ့ ကောင်းမွန်တဲ့နည်းစနစ် တွေကို တည်ဆောက်ဖို့ အဓိကဆွေးနွေးသွားမှာပါ။ စွန့်ပစ်ပစ္စည်းဆိုတာ တစ်ဦးတစ်ယောက်ကနေပဲ စွန့် ပစ်တာမဟုတ်ပါဘူး။ လူတိုင်းနဲ့သက်ဆိုင်တဲ့ လုပ်ငန်းတစ်ခုပါ။ ဒါကြောင့် လူတိုင်း  အဖွဲ့အစည်းတစ်စုစီ တစ်ခုစီ ဒေသခံအားလုံးပူးပေါင်းမှသာ ဒီစီမံကိန်းက အောင်မြင်မှာပါ။ ကဏ္ဍ(၃)ခုပေါင်းစပ်ပြီးတော့ Joint Program Document ကို အသေးစိတ်ရေးဆွဲသွားမှာပါ''ဟု ပြောကြားခဲ့သည်။

ဆက်လက်၍ ညွှန်ကြားရေးမှူး၊ ရေဝေရေလွှဲအုပ်ချုပ်ရေးဌာန ဦးဘိုနီက ''ကျွန်တော်တို့နိုင်ငံမှာ ရေသယံ ဇာတတွေ ဆုံးရှုံးနေတယ်။ ရေသယံဇာတတွေ မညစ်ညမ်းအောင် မကုန်ခမ်းအောင် ဆောင်ရွက်နေပါတယ်။ ဒီလိုဆောင်ရွက်တဲ့အခါ ပိုပြီး အကျိုးသက်ရောက်မှု ကောင်းအောင် နိုင်ငံတော်အဆင့်အဖွဲ့အစည်းတွေက နည်းဥပဒေ၊ မူဝါဒတွေ ရေးဆွဲနေပါတယ်။ မြန်မာနိုင်ငံမှာ ရေးဆွဲနေတဲ့ မူဝါဒတွေထဲမှာ နော်ဝေနိုင်ငံမှာ အတွေ့အကြုံတွေ၊ ပါဝင်သင့်တဲ့ အချက်အလက်တွေပါဝင်အောင် ဒီစီမံကိန်းကနေ သုတေသနတွေရဲ့ သင်တန်းတွေပေးမယ်။ သင်တန်းပေးတဲ့အခါမှာလည်း သူတို့နိုင်ငံကိုလည်း ခေါ်ပေးမယ်။ ဒီမှာလည်း လာပေး မယ်။ ထူးခြားတဲ့အချက်တစ်ခုအနေနဲ့ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနရဲ့ လက်အောက်မှာ ရေသယံ ဇာတဓာတ်ခွဲခန်းတစ်ခုတည်ဆောက်သွားဖို့ရှိပါတယ်''ဟု ပြောသည်။

ထို့နောက် လက်ထောက်ညွှန်ကြားရေးမှူး၊ သစ်တောဦးစီးဌာန ဒေါက်တာနိုင်ဇော်ထွန်းက ''မြန်မာနိုင်ငံ မှာ ဇီဝမျိုးစုံမျိုးကွဲ ထိန်းသိမ်းခြင်းနှင့် သဘာဝနယ်မြေများ စီမံအုပ်ချုပ်လုပ်ကိုင်မှု တိုးတက်စေခြင်းဆိုင်ရာ စီမံကိန်းကို နော်ဝေနိုင်ငံပတ်ဝန်းကျင်ထိန်းသိမ်းစောင့်ရှောက်ရေး အေဂျင်စီနဲ့ ကျွန်တော်တို့သစ်တောဌာ ပူးပေါင်းဆောင်ရွက်သွားမှာဖြစ်ပါတယ်။ မြန်မာပြည်မှာ Protective Area တွေဖြစ်တဲ့ ပုပ္ပား၊ နတ်မတောင်၊ မိုးယွန်းကြီးနဲ့ ရွှေစက်တော်ဘေးမဲ့တောများမှ အခြေခံကိန်းဂဏန်းအချက်အလက်တွေ  ကောက်ယူပြီး သဘာဝနယ်မြေများစီမံအုပ်ချုပ်လုပ်ကိုင်မှု သင်တန်းတွေကိုလည်း ပို့ချပြီး ဝန်ထမ်းတွေ ရဲ့ စွမ်းဆောင်ရည်ကို မြှင့်တင်မယ်''ဟု ပြောကြားခဲ့သည်။

ယနေ့ကျင်းပသော အလုပ်ရုံဆွေးနွေးပွဲမှာ နှစ်နိုင်ငံအကြား ပတ်ဝန်းကျင်ကဏ္ဍ ပူးပေါင်းဆောင်ရွက်ရေး အစီအစဉ်ဖြစ်မြောက်ရေးကို ဆွေးနွေးကြပြီး ထိုအလုပ်ရုံဆွေးနွေးပွဲမှ ရေသယံဇာတထိန်းသိမ်းခြင်း၊ ဇီဝမျိုးစုံ မျိုးကွဲနှင့် သဘာဝနယ်မြေစီမံခန့်ခွဲခြင်း၊ သဘာဝအမွေအနှစ်များ ထိန်းသိမ်းခြင်း ဘေးအန္တရာယ်စွန့်ပစ်ပစ္စည်းများ ထိန်းချုပ်ရေးဆိုင်ရာ နယ်ပယ်များစုစည်းပါဝင်တဲ့ Programme Document တစ်ရပ်ပြုစုသွားမည်ဖြစ် ကြောင်း၊ Programme  Document အပေါ် အခြေခံပြီး နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်ရေးနားလည်မှုစာချွန်လွှာ (Memorandom of  Understanding- MoU) တစ်ရပ်ကို ရေးထိုးအကောင်အထည်ဖော်သွားမည်ဖြစ်ကြောင်း သိရသည်။ သတင်းနှင့်ဓာတ်ပုံ-အေးအေးမြင့်၊ ခင်စုစုလှိုင်(ကြေးမုံ)

No comments:

Post a Comment