Tuesday, November 4, 2014

ဒုတိယသမ္မတ ဦးဉာဏ်ထွန်း ပထမအကြိမ် အာရှဖိတ်ခေါ်ခြင်းလုံးခတ်ပြိုင်ပွဲ တက်ရောက်အားပေး

Photo: ဒုတိယသမ္မတ ဦးဉာဏ်ထွန်း ပထမအကြိမ် အာရှဖိတ်ခေါ်ခြင်းလုံးခတ်ပြိုင်ပွဲ တက်ရောက်အားပေး

နေပြည်တော်     နိုဝင်ဘာ    ၃

အခြားနိုင်ငံများနှင့်တကွ မြန်မာခြင်းလုံးအားကစား ကျွမ်းကျင်မှုကို မျှဝေပေးရန်၊ အရှေ့တောင်အာရှနှင့်အာရှ ဒေသတွင်းနိုင်ငံများအချင်းချင်း ရင်းနှီးခင်မင်မှုရစေရန်၊ မြန်မာ့ရိုးရာအားကစားအဆင့်မှ အပြည်ပြည်ဆိုင်ရာ အဆင့်သို့ရောက်ရှိစေရန် စသည့်ရည်ရွယ်ချက်များဖြင့် ကျင်းပသည့် ပထမအကြိမ် အာရှဖိတ်ခေါ်ခြင်းလုံးခတ်ပြိုင် ပွဲဖွင့်ပွဲအခမ်းအနားကို  ယနေ့နံနက် ၉ နာရီတွင် နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိမိုးလုံလေလုံအားကစားရုံ(A)၌ ကျင်းပရာ  ဒုတိယသမ္မတဦးဉာဏ်ထွန်း တက်ရောက် အားပေးချီးမြှင့်သည်။ 

အဆိုပါဖွင့်ပွဲအခမ်းအနားသို့ ပြည်ထောင်စုရွေး ကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေး၊ မြန်မာနိုင်ငံ အမျိုးသား အားကစားကော်မတီဥက္ကဋ္ဌ  အားကစား ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင့်ဆန်း၊ ပြည်ထောင်စုဝန်ကြီး ဦးအေးမြင့်ကြူနှင့် ဦးဌေးအောင်၊ ဒုတိယဝန်ကြီးများ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ အာရှ ခြင်းလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌနှင့် မြန်မာနိုင်ငံခြင်းလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးစိုးနိုင်၊  ကမ္ဘာ့ပိုက်ကျော်ခြင်းအဖွဲ့ချုပ်နှင့် အာရှ ပိုက်ကျော်ခြင်းအဖွဲ့ချုပ်တို့မှ တာဝန်ရှိသူများ၊ ပြိုင်ပွဲ ဝင်အသင်းများမှ အသင်းအုပ်ချုပ်သူများ၊ နည်းပြများ၊ အားကစားသမားများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။ 

အခမ်းအနားတွင် မြန်မာနိုင်ငံအမျိုးသားအားကစား ကော်မတီဥက္ကဋ္ဌ အားကးစားဝန်ကြီးဌာန ပြည်ထောင်စုဝန် ကြီး ဦးတင့်ဆန်းက အဖွင့်အမှာစကားပြောကြားသည်။ 

ယင်းနောက် အာရှခြင်းလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌနှင့်မြန်မာနိုင်ငံခြင်းလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးစိုးနိုင်က ဂုဏ်ပြုစကားပြောကြားပြီး ၂ဝ၁၄  ခုနှစ် ပထမအကြိမ် အာရှဖိတ်ခေါ်ခြင်းလုံးခတ်ပြိုင်ပွဲအား ဖွင့်လှစ်ပေးသည်။ 

ထို့နောက် ဒုတိယသမ္မတ ဦးဉာဏ်ထွန်းက ပြိုင်ပွဲအသင်းများမှ အသင်းအုပ်ချုပ်သူများ၊ နည်းပြများနှင့် အားကစား သမားများအား လိုက်လံနှုတ်ဆက်၍ ဂုဏ်ပြုလက်ဆောင်များ ပေးအပ်ပြီးဖွင့်ပွဲအခမ်းအနားကို ရုပ်သိမ်းလိုက်သည်။ 

ဖွင့်ပွဲအခမ်းအနားအပြီးတွင် မြန်မာနိုင်ငံခြင်းလုံးအဖွဲ့ချုပ်မှ အားကစားသမားများက အလွန်ခက်ခဲနက်ရှိုင်းလှသည့် ခြင်းပေါက်များဖြင့် ခြင်းလုံးကစားခြင်းစွမ်းရည်ကို  သရုပ်ပြဖျော်ဖြေတင်ဆက်ကြသည်။ 

ယင်းနောက် ဘရာဇီးနိုင်ငံမှ Mr. Pedro က ဘောလုံးကိုအသုံးပြု၍ အလွန်ခက်ခဲလှသည့်  ခြင်းပေါက်များဖြင့် စွမ်းရည်ဖော်ထုတ် သရုပ်ပြဖျော်ဖြေတင်ဆက်ပြီး မြန်မာနိုင်ငံ ခြင်းလုံးအဖွဲ့ချုပ်မှ စုစုလှိုင်က တစ်ကိုယ်တော်ခြင်းလုံး စွမ်းရည်၊ အဖွဲ့လိုက်ခြင်းလုံးစွမ်းရည်တို့ဖြင့် သရုပ်ပြဖျော်ဖြေတင်ဆက်ခဲ့သည်။ 

ယင်းနောက် ဒုတိယသမ္မတ၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌနှင့်မြန်မာနိုင်ငံအမျိုးသားအားကစား ကောင်စီ  ဥက္ကဋ္ဌတို့က သရုပ်ပြဖျော်ဖြေတင်ဆက်ကြသည့် မြန်မာနိုင်ငံခြင်းလုံးအဖွဲ့ချုပ်မှ အားကစားသမားများနှင့် ဘရာဇီးနိုင်ငံမှ Mr. Pedro တို့အား ဂုဏ်ပြုဆုများပေးအပ်ချီးမြှင့်ကြသည်။ 

ထို့နောက် ပထမနေ့ပြိုင်ပွဲများကို ဆက်လက်ကျင်းပရာ မြန်မာ၊ ကမ္ဘောဒီးယားနှင့် ထိုင်းနိုင်ငံတို့မှ အမျိုးသား အသင်းနှင့် အမျိုးသမီးအသင်းများ၊ ဘရာဇီးနိုင်ငံမှ အမျိုးသားအသင်းတို့ ပါဝင်ယှဉ်ပြိုင်ကစားခဲ့ကြသည်။ 

မြန်မာနိုင်ငံအိမ်ရှင်အဖြစ်လက်ခံကျင်းပသည့် ပထမအကြိမ်အာရှဖိတ်ခေါ်ခြင်းလုံးခတ်ပြိုင်ပွဲတွင် အိမ်ရှင်မြန်မာ အပါအဝင် မလေးရှား၊ ဘရာဇီး၊ ကမ္ဘောဒီးယား၊ ကိုရီးယား၊ ထိုင်း၊ အိန္ဒိယနှင့်ဂျပန် စုစုပေါင်း ရှစ်နိုင်ငံပါဝင်ပြီး မူလအဆင့်မျိုးကွဲပြိုင်ပွဲ၊ မူလအဆင့်မျိုးတူပြိုင်ပွဲ၊ မူလဆင့်အတွဲပြိုင်ပွဲနှင့်  ဒုတိယအဆင့်မျိုးကွဲပြိုင်ပွဲဟူ၍ ပြိုင်ပွဲအမျိုး အစားလေးမျိုးကို ယှဉ်ပြိုင်ရမည်ဖြစ်ကြောင်းနှင့် အဆိုပါပြိုင်ပွဲများကို နိုဝင်ဘာ ၅ ရက်အထိ ဝဏ္ဏသိဒ္ဓိမိုးလုံလေလုံ အားကစားရုံ(A) ၌ကျင်းပသွားမည်ဖြစ်ကြောင်းသိရသည်။ (သတင်းစဉ်)

No comments:

Post a Comment