Wednesday, November 5, 2014

POKKA အချိုရည်စက်ရုံကို မြန်မာတိုင်းရင်းသားပိုင်အဖြစ် ကျပ်သန်းသုံးသောင်းကျော် အသုံးပြုတည်ဆောက်မည်




ရန်ကုန် နိုဝင်ဘာ ၄ 


ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာဒုံမြို့နယ် စက်မှုဇုန်(၃)အတွင်း မြေဧရိယာ ၁ဝ ဧကပေါ်တွင် နိုင်ငံတကာ အချိုရည်ဖြစ်သော POKKAအချိုရည်စက်ရုံကို ၂ဝ၁၅ ခုနှစ်အတွင်း ရင်းနှီးမြှုပ်နှံမှုပမာဏ ကျပ်သန်းပေါင်း သုံးသောင်းကျော်ဖြင့် ပြည်တွင်းဈေးကွက်တွင် ၇၅ ရာခိုင်နှုန်းခန့်နှင့် ပြည်ပပို့ကုန်အဖြစ် ၂၅ ရာခိုင်နှုန်းကို ထုတ်လုပ်နိုင်ရေး မြန်မာတိုင်းရင်းသားလုပ်ငန်းရှင်က ပတ်ဝန်းကျင် ထိခိုက်မှုအနည်းဆုံးဖြင့် စတင်တည်ဆောက်ထုတ်လုပ်သွားမည်ဖြစ်ကြောင်းသိရသည်။ 

မလေးရှားအခြေစိုက် POKKAအချိုရည်မှာ နိုင်ငံတကာအသိအမှတ်ပြု အချိုရည်အမှတ်တံဆိပ်တစ်ခုဖြစ်ပြီး မြန်မာနိုင်ငံ၌လည်း လက်ရှိတွင် ကောင်းထက် (မြန်မာ)ကုမ္ပဏီက ဖြန့်ဖြူးလျက်ရှိသည်။ 

''အချိုရည်ကို နိုင်ငံခြားကနေမှာယူတင်သွင်းဖြန့်ဖြူးရတဲ့အတွက် ဈေးကွက်မှာ ဈေးနှုန်းကိုလျှော့ချပြီး မရောင်းနိုင်ပါဘူး။ အခုအချိန်မှာ ကိုကာကိုလာ၊ ပက်ပ်စီစတဲ့ နိုင်ငံတကာအချိုရည်စက်ရုံတွေကိုလည်း ပြည်တွင်းမှာဖွင့်လှစ်ပြီး ဈေးနှုန်းသက်သက်သာသာနဲ့ရောင်းချပေးလာပြီဖြစ်လို့ ကျွန်တော်တို့လည်း အခုလို စက်ရုံတည်ထောင်ပြီး အရည်အသွေးပြည့်မီစွာ ထုတ်လုပ်သွားမှာ ဖြစ်ပါတယ်''
ဟု ကောင်းထက်(မြန်မာ) ကုမ္ပဏီမှ ဒါရိုက်တာ ဦးမင်းဗညားစန်းက ပြောကြားသည်။ 

ရင်းနှီးမြှုပ်နှံမှု ကော်မရှင်သို့ စက်ရုံတည်ထောင်ခွင့် ရရှိရန်တင်ပြထားပြီး ၂ဝ၁၂ ခုနှစ်အတွင်း ကတည်းကပင် ခွင့်ပြုချက်ရရှိထားကြောင်း၊စက်ရုံတည်ဆောက်မည့် မြေ ၁ဝ ဧကကိုလည်း မင်္ဂလာဒုံစက်မှု ဇုန်(၃)မှ ကုမ္ပဏီနာမည်ပေါက်ဖြင့် ဝယ်ယူထားပြီးဖြစ်ကြောင်း သိရသည်။ 

''ကနဦးထုတ်လုပ်မယ့်ပမာဏအနေနဲ့ တစ်ရက်ကို ၅ဝဝ မီလီဆံ့ ပလတ်စတစ်ဘူးငါးသိန်းနဲ့ ၃၃ဝ မီလီဆံ့ သံဘူးခုနစ်သိန်းကျော် ထုတ်လုပ်သွားမှာဖြစ်ပါတယ်။ကုန်ကြမ်းတွေကို ပြည်ပကနေလည်း မှာယူတင်သွင်းမှာဖြစ်သလို ရုံးချုပ်ကို စစ်ဆေးသုတေသနတင်ပြချက်တွေနဲ့ ပြည်တွင်းက သီးနှံကုန်ကြမ်းတွေကိုလည်း အသုံးပြုနိုင်အောင် ကြိုးပမ်းမယ်''ဟု ဦးမင်းဗညားစန်းက ပြောကြားသည်။ 

POKKA စက်ရုံတည်ဆောက် ရေးစီမံကိန်းများကို ၂ဝ၁၅ နှစ်လယ် တွင်စတင်နိုင်ရန်လျာထားပြီး စက်ရုံတည်ဆောက်ရာတွင် သဘာဝပတ်ဝန်းကျင်နှင့်လိုက်လျောညီထွေ ဖြစ်စေရေး၊ ဒေသခံများအတွက် ဘေးကင်းလုံခြုံစေရေးများ ဖြစ်ပေါ်စေရန်အတွက် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဥပဒေနှင့်အညီ ပတ်ဝန်းကျင်လေ့လာဆန်းစစ်မှုများကိုလည်း ပတ်ဝန်းကျင်ဆိုင်ရာ ဝန်ဆောင်မှုအဖွဲ့ E Guard Envir-onmental Services နှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိနေပြီဖြစ်သည်။ 

''စက်ရုံတစ်ရုံတည်ဆောက်ရာကနေ ထိခိုက်မှုအခြေအနေကို အနည်းဆုံးနဲ့မထိခိုက်စေရေးအတွက် လေ့လာနေပါတယ်။ အချိုရည်စက်ရုံဖြစ်လို့ လေထု၊ မြေထုတော့ ထိခိုက်မှု မရှိနိုင်ပေမယ့် လေ့လာဆန်းစစ်ပါတယ်။အဓိကက ရေထုဖြစ်ပါတယ်။ တစ်နေ့ကို ခန့်မှန်းတွက်ချက် တာရေ ၃၂ဝ ကုဗမီတာကို မြေအောက်ကနေ ရယူသွားမှာပါ။ နောက်ပိုင်းမှာ ရေသွယ်တန်းပြီး ဝယ်ယူသုံးစွဲမှာပါ။ လောင်စာသုံးစွဲမှု ကတော့ ၂ဝ ကုဗမီတာဖြစ်ပြီး သကြားသုံးစွဲမှုက ၃၄ဝဝ ကီလိုဂရမ်နဲ့ သစ်သီးအဖတ်သုံးစွဲမှု ၆၂၅ ကီလို ဂရမ်၊ သစ်သီးအဆီသုံးစွဲမှု ၁၁ ကီလို ဂရမ်နှုန်းခန့်မှန်းထားတယ်။ စက်ရုံတည်ဆောက်ထုတ်လုပ်မှုမှာ ပတ်ဝန်းကျင်၂ ကီလိုမီတာကနေ ၃ ကီလို မီတာ အချင်းဝက်ပတ်လည်နေရာတွေဖြစ်တဲ့ ရန်ကုန်စက်မှုဇုန်၊ မင်္ဂလာဒုံစက်မှုဇုန်၊လှည်းကူးမြို့နယ် ဆင်ဖုန်ရွာနဲ့ ရွှေပေါက္ကံလယ်မြေတွေ၊ မြောက်ဥက္ကလာပမြို့နယ်တွေကို ပတ်ဝန်းကျင်ဆန်းစစ်လေ့လာပြီး ဒေသခံတွေရဲ့ ထိခိုက်မှုရှိမရှိ စတင်လေ့လာနေပါပြီ''ဟု E Guard မှ မန်နေးဂျင်းဒါရိုက်တာ ဦးအေးသီဟက ရှင်းပြသည်။ 

ရင်းနှီးမြှုပ်နှံမှု ကော်မရှင်မှ မြန်မာနိုင်ငံအတွင်း ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ ဆောင်ရွက်ရာတွင် ပတ်ဝန်းကျင်ထိခိုက်မှု လေ့လာဆန်းစစ်ချက်များနှင့်ကုစားရန် နည်းလမ်းများကိုပါ တင်သွင်းသွားရန် ညွှန်ကြားမှုများအပေါ် တိကျစွာလိုက်နာကာ ဆောင်ရွက်သွားမည်ဖြစ်ပြီး ဒေသခံများကိုလည်း တွေ့ဆုံကာ အခက်အခဲများနှင့်အခွင့်အလမ်းများကို ရှင်းလင်းပြောကြား မည်ဖြစ်ကြောင်း သိရသည်။ 

''ဒေသခံတွေနဲ့လည်း ဒီဇင်ဘာမှာထပ်တွေ့ပြီး ဆွေးနွေးသွားပါမယ်။သူတို့အခက်အခဲရှိရင်လည်း တင်ပြနိုင်မှာပါ။သို့သော် ကျွန်တော်တို့က ဘေးထွက်ဆိုးကျိုးမရှိအောင် ဆောင်ရွက်မှာပါ။ အချိုရည်လုပ်ငန်းဖြစ်လို့ စွန့်ပစ်ရေကိစ္စလည်း အများကြီးဆောင်ရွက်မှာပါ။စက်ရုံတည်ဆောက်မည့် အစီအစဉ်မှာလည်း ရေဆိုးသန့်စင်စက်ရုံကိုပါ တစ်ပါတည်းတည်ဆောက်ပြီး သန့်စင်တဲ့ရေဖြစ်လာအောင် လုပ်ယူမှာပါ။ ပြီးရင်အတွင်းမှာပဲ ရာခိုင်နှုန်း ၆ဝ ကျော် ပြန်သုံးစွဲပြီး ကျန်တဲ့ရေကို ငမိုးရိပ်ချောင်းလက်တက်အတွင်း စွန့်ပစ်သွားမှာဖြစ်ပါတယ်။ရေဆိုးအနေနဲ့ကတော့ တစ်နာရီကို ၁၂ မှ ၅ဝ လီတာကျုပါဟာဝါလောက် ထွက်နိုင်မယ်လို့ ခန့်မှန်းထားတယ်။ ချောင်းအတွင်းက ရေထုကိုလည်း စစ်ဆေးတွက်ချက်ပြီး ပတ်ဝန်းကျင်ထိခိုက်မှုမရှိအောင် ဆောင်ရွက်မယ်'' ဟု ဦးအေးသီဟက ပြောသည်။ 

POKKA အချိုရည်မှာ မြန်မာနိုင်ငံအတွင်း ဖြန့်ဖြူးရောင်းချသည်မှာ ၁၇ နှစ်ရှိခဲ့ပြီဖြစ်ပြီး စက်ရုံတည်ဆောက်မှုမှာ ၂ဝ၁၆ ခုနှစ် အတွင်း အပြီးသတ်ရန်ရည်ရွယ်ထားကြောင်း၊ လက်ရှိဈေးနှုန်းထက်လျှော့ချဝယ်ယူနိုင်မည်ဖြစ်ကာ ပြည်တွင်း စက်ရုံအလုပ်သမား စုစုပေါင်း ၅ဝဝ ခန့်အပ်ကာ လုပ်ငန်းဆောင်ရွက်မည်ဖြစ်ကြောင်း၊ တစ်နှစ်လျှင်အချိုရည် မီလီသန်း ၄၆ဝခန့် ထုတ်လုပ်သွားရန် လျာထားကြောင်း ကောင်းထက်(မြန်မာ)မှ ဒါရိုက်တာ ဦးမင်းလဂွန်းအိမ်က ပြောကြားသည်။   (မြန်မာ့အလင်း)

No comments:

Post a Comment