Monday, November 3, 2014

စကော့တလန်ဝေဟင်၌တွေ့ရသည့် ရုရှားဗုံးကြဲလေယာဉ် ဗြိတိသျှ တိုင်ဖွန်းတိုက်လေယာဉ်များ ကြားဖြတ်ဟန့်တား




လန်ဒန် နိုဝင်ဘာ ၂

 ယူကေလေကြောင်း ပိုင်နက်အတွင်း ဝင်ရောက်ရန် ချဉ်းကပ်လာသော ရုရှားဗုံးကြဲလေယာဉ်တစ်စင်းကို ဗြိတိသျှတော်ဝင်လေတပ်မှ ဂျက်တိုက်လေယာဉ်များက ကြားဖြတ်ဟန့်တားခဲ့ရကြောင်း ပရက်စ်တီဗွီ သတင်း၌ဖော်ပြသည်။

 ရုရှားဗုံးကြဲလေယာဉ် တူပိုလက် အမျိုးအစား တီယူ-၉၅ကို စကော့တလန်ဝေဟင်၌တွေ့ရှိခဲ့ပြီး ဗြိတိသျှ တိုင်ဖွန်းတိုက်လေယာဉ်များက ဟန့်တားခဲ့ကြောင်း ယူကေကာကွယ်ရေးဝန်ကြီးဌာနက စနေနေ့တွင်ဟြေကြားသည်။

 အောက်တိုဘာ ၂၉ ရက်ကလည်း အဆိုပါဖြစ်စဉ်အတိုင်းဖြစ်ပွားခဲ့ရာ ဗြိတိသျှတိုက်လေယာဉ်များက ကြားဖြတ်ဟန့်တားခဲ့ရသည်ဟု ဆိုသည်။

 အဆိုပါနေ့တွင် ဥရောပဝေဟင်၌ ရုရှားစစ်ဘက်လေယာဉ် အုပ်စုလေးခုကိုလည်း နေတိုးအဖွဲ့က ကြားဖြတ်တားဆီးခဲ့ရသည်ဟုဆိုသည်။ ရုရှားတို့အနေဖြင့် ပင်လယ်နက်နှင့်မြောက်ပင်လယ်အပေါ် စစ်လေယာဉ်များ တိုးမြှင့်ပျံသန်းလာကြောင်း မကြာသေးမီက နေတိုးအစီရင်ခံစာတစ်ရပ်တွင် ဖော်ပြထားသည်။

 ယူကရိန်းအရှေ့ပိုင်း အကျပ်အတည်းအခြေအနေကြောင့် လွန်ခဲ့သည့်လများက ရုရှားစစ်ဘက်လေယာဉ်များ နိုင်ငံတကာလေကြောင်းပိုင်နက်အတွင်း ပျံသန်းမှုများ တိုးမြှင့်ပြုလုပ်လာသည်ဟုလည်း နေတိုးအဖွဲ့အစီရင်ခံစာ၌ ဖော်ပြသည်။

(ပရက်စ်တီဗွီ)

No comments:

Post a Comment