Saturday, November 29, 2014

တမူးနယ်စပ် ကုန်သွယ်မှုပမာဏ ကန်ဒေါ်လာ ၂၆ သန်းအထိ ရောက်ရှိ

Photo: တမူးနယ်စပ် ကုန်သွယ်မှုပမာဏ ကန်ဒေါ်လာ ၂၆ သန်းအထိ ရောက်ရှိ
===============================================

တမူး  နိုဝင်ဘာ  ၂၈

        မြန်မာ-အိန္ဒိယနယ်စပ်  တမူးကုန်သွယ်ရေးစခန်း မှ ၂ဝ၁၄-၂ဝ၁၅ ဘဏ္ဍာနှစ် ဧပြီမှအောက်တိုဘာအထိ ခုနစ်လအတွင်း  ကုန်သွယ်မှုပမာဏမှာ အမေရိကန် ဒေါ်လာ သန်း ၂၅ ဒသမ ၇ဝဝ ခန့်ရရှိပြီးဖြစ်ရာ ယခုနှစ် သတ်မှတ်လျာထားချက်ထက်     ခြောက်သန်းနီးပါး  ကျော်လွန်ဆောင်ရွက်နိုင်ခဲ့ကြောင်း သိရသည်။

   အိန္ဒိယနိုင်ငံမှ   မြန်မာနိုင်ငံသို့  သွင်းကုန်အဖြစ် ဆိုင်ကယ်၊ ဂျုံမုန့်၊ စားတော်ပဲ၊ ပဲရာဇာ၊ စားသောက်ကုန်၊ ဆေးဝါး၊ လျှပ်စစ်ပစ္စည်းများ  ပိုမိုတင်သွင်းလျက်ရှိ ကြောင်း၊ မြန်မာနိုင်ငံဘက်မှ ပို့ကုန်အဖြစ် မတ်ပဲ၊  ပဲတီ စိမ်း၊  ပဲစင်းငုံ၊ ကွမ်းသီး၊ စီးကရက်၊ ကြက်သွန်၊  ဆန်၊ ပြောင်း၊ နှမ်း၊ သကြားအပြင် နန်းဖာလုံဈေးမှ ကုန်ပစ္စည်း အမယ်စုံတို့ကို တင်ပို့နေကြောင်း၊  သတ်မှတ်လျာထား ချက်မှာ အမေရိကန်ဒေါ်လာ ၂ဝ ဒသမ ဝ၉၃ ဖြစ်ပြီး အမေရိကန်ဒေါ်လာ သန်း ၂၅ ဒသမ ၇ဝဝရရှိခဲ့သဖြင့်  ၁၂၇ ဒသမ ၉၁  ရာခိုင်နှုန်း  ဆောင်ရွက်နိုင်ခဲ့ခြင်းဖြစ် ကြောင်း တမူးနယ်စပ်ကုန်သွယ်ရေးစခန်းမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

        တမူးနယ်စပ်တွင် တစ်ပိုင်တစ်နိုင်ကုန်သွယ်ကတ် (Individual Trading Card-ITC)ဖြင့် တစ်ကြိမ်လျှင် ကျပ်သိန်းတစ်ရာအထိကုန်သွယ်ခွင့်ပြုထားပြီး စက်တင် ဘာလအတွင်းမှစတင်ကာ  ယင်းကတ်ဖြင့်သံချောင်းလုံး၊ သံကြိုး၊ သွပ်ပြား၊ အိမ်ရိုက်သံ၊ ပိုက်၊   ကြွေပြားစသော အိမ်ဆောက်ပစ္စည်းများကို တင်ပို့ခွင့်ပြုခဲ့ကာ အိန္ဒိယ ဘက်မှအဝယ်ရှိသဖြင့်  ငရုတ်ကောင်းကို ယခုဘဏ္ဍာ နှစ်အတွင်း စတင်တင်ပို့ခဲ့ကြောင်း ယင်းစခန်းမှတ်တမ်း များအရ သိရသည်။

        မြန်မာနိုင်ငံတွင် နယ်စပ်ကုန်သွယ်ရေးစခန်း ၁၅ ခုရှိရာ မူဆယ်၊ မြဝတီ၊ ချင်းရွှေဟော်၊  မြိတ်၊   တမူး၊ မောင်တောစခန်းများမှာ အဓိကကုန်သွယ်ရေးစခန်းများ ဖြစ်ကြောင်း၊ ယခုဘဏ္ဍာနှစ် ခုနစ်လအတွင်း  မြန်မာနိုင်ငံ ၏ နယ်စပ်ကုန်သွယ်ရေးစခန်းများမှ ITC  ကတ်တစ်ဦး ချင်းကုန်သွယ်မှုလုပ်ငန်းရှင်လက်မှတ်ဖြင့်   ကုန်သွယ် ရောင်းဝယ်ရေးတိုးမြင့်လာခြင်းကြောင့်   အမေရိကန် ဒေါ်လာ ၈၄၇ ဒသမ ၁၂၉ သန်းဖိုး ယခင်နှစ်ကထက် ပိုမို လာကြောင်း၊ITC ကတ်တစ်ဦးချင်းကုန်သွယ်မှုလုပ်ငန်း နှင့် မှတ်ပုံတင်လက်မှတ်ကို  စတင်ခွင့်ပြုခဲ့ပြီးချိန်မှ ယနေ့ အထိ ITC ကတ် ၂၆၇ ကတ် ထုတ်ပေးခဲ့ပြီးဖြစ်ကြောင်း သိရသည်။                                ချင်းတွင်းသား

No comments:

Post a Comment