Monday, November 3, 2014

မြန်မာ့အလင်း အယ်ဒီတာ့အာဘော်



အဆင့်မြင့်စက်သုံးဆီထုတ်လုပ်ရေး ကြိုးပမ်း

မော်တော်ယာဉ်နှင့် ယာဉ်ယန္တရားအမျိုးမျိုးအတွက် နေ့စဉ် စက်သုံးဆီများ ပြည်ပမှဝယ်ယူ တင်သွင်းနေရခြင်းကြောင့် နိုင်ငံခြားငွေကုန်ကျမှုများစွာရှိပါသည်။ ပြည်တွင်း၌ အဆင့်မြင့် စက်သုံးဆီများ တိုးမြှင့်ထုတ်လုပ်သွားနိုင်မည်ဆိုပါက နိုင်ငံခြားငွေ ယိုပေါက်များလျော့နည်းကာ ကုန်သွယ်မှုလိုငွေမှ ပိုငွေဖြစ်ရေးအတွက် တွန်းအားတစ်ရပ်ဖြစ်လာမည်ဖြစ်ပါသည်။ နိုင်ငံခြားငွေယိုပေါက်များ လျော့နည်းလာသည်နှင့်အမျှ နိုင်ငံခြားအရန်ငွေကြေးများ တိုးပွားလာပြီး ပြည်တွင်းကျပ်ငွေ တန်ဖိုးမြင့်မားလာမည်ဖြစ်ပါသည်။

ပြည်တွင်းစက်သုံးဆီသုံးစွဲမှုအနေဖြင့် ၂ဝ၁၁ ခုနှစ်မှ ၂ဝ၁၃ ခုနှစ်အထိ ဓာတ်ဆီနှစ်စဉ် ပျမ်းမျှဂါလန် ၁၅၉ ဒသမ ၈၅ သန်းကို ဖြန့်ဖြူးခဲ့ပြီး ဒီဇယ်ဆီကို နှစ်စဉ်ပျမ်းမျှဂါလန် ၃၈၆ ဒသမ ၃၁ သန်း ဖြန့်ဖြူးပေးနိုင်ခဲ့ကြောင်း၊ ပုဂ္ဂလိကကုမ္ပဏီများမှ တင်သွင်းလာသည့်ပမာဏမှာ ဓာတ်ဆီအနေဖြင့် နှစ်စဉ်ဖြန့်ဖြူးမှု ၏ ၃၉ ဒသမ ၉၄ ရာခိုင်နှုန်း၊ ပြည်ပမှ တင်သွင်းခဲ့ပြီး ဒီဇယ်ကိုလည်း နှစ်စဉ်ဖြန့်ဖြူးမှု၏ ၇၂ ဒသမ ၈၈ ရာခိုင်နှုန်းကို ပြည်ပမှ တင်သွင်းခဲ့ကြောင်း သိရသည်။

ဤကိန်းဂဏန်းများအရ ဓာတ်ဆီမှာ ပြည်တွင်း၌ အတော် အတန်ထုတ်လုပ်နိုင်သော်လည်း ဒီဇယ်ပြည်ပမှ တင်သွင်းမှုများ ပြားနေသည်ကို တွေ့ရမည်ဖြစ်ပါသည်။ အဆင့်မြင့်စက်သုံးဆီများ ပြည်တွင်း၌ ထုတ်လုပ်လာနိုင်သည်နှင့်အမျှ ပြည်ပတင်သွင်းမှု လျော့ကျလာမည်ဖြစ်ပါသည်။ ယခုအခါ စွမ်းအင်ဝန်ကြီးဌာန မြန်မာ့ရေနံဓာတုဗေဒလုပ်ငန်း ကြီးကြပ်မှုအောက်တွင် အမှတ် (၁) ရေနံချက်စက်ရုံ(သန်လျင်)၊ အမှတ်(၂) ရေနံချက်စက်ရုံ(ချောက်)၊ ရေနံဓာတုဗေဒစက်ရုံ(သံပရာကန်) တို့ရှိပြီး အဆိုပါစက်ရုံများမှ ပြည်တွင်းရေနံစိမ်းနှင့် ရဲတံခွန်ကမ်းလွန်သဘာဝဓာတ်ငွေ့မြေမှ ထွက်ရှိသည့် လေဆီတို့ကို အသုံးပြုကာ RON 67 ဓာတ်ဆီ၊ လေယာဉ်ဆီနှင့်ဒီဇယ်ဆီများကို ထုတ်လုပ် ဖြန့်ဖြူးပေးလျက် ရှိပါသည်။

ယခုအခါ အမှတ်(၁)ရေနံချက်စက်ရုံ(သန်လျင်)အား ပြည်ပကုမ္ပဏီများနှင့် အကျိုးတူပူးပေါင်းကာ ရေနံချက်စက်ရုံအသစ် တည်ဆောက်နိုင်ရေးလုပ်ငန်းစဉ်များ အကောင်အထည်ဖော်ဆောင် ရွက်လျက်ရှိရာ လုပ်ငန်းများပြီးစီးပါက ပြည်တွင်း၌ အဆင့်မြင့် စက်သုံးဆီ RON 92 ထုတ်လုပ်ဖြန့်ဖြူးရန် စီစဉ်ဆောင်ရွက် လျက်ရှိပါသည်။ အလားတူ မြန်မာနိုင်ငံအထက်ပိုင်းနှင့် အလယ်ပိုင်းဒေသများအတွက်လည်း အဆင့်မြင့်စက်သုံးဆီ RON 92 ထုတ်လုပ်နိုင်သည့် ရေနံချက်စက်ရုံအသစ်တစ်ရုံတည်ဆောက်နိုင်ရန် ဆန်းစစ်လေ့လာမှုများ ပြုလုပ်လျက်ရှိကြောင်း ကြားသိရပါသည်။ ဤသို့ ရေနံချက်စက်ရုံအသစ်နှစ်ရုံ တည်ဆောက် လာနိုင်သည်နှင့်အမျှ ပြည်တွင်းစက်သုံးဆီလိုအပ်ချက်ကို အထိုက် အလျောက် ဖြည့်ဆည်းပေးနိုင်မည်ဖြစ်ပါသည်။ သို့ပါ၍ နိုင်ငံခြား ငွေယိုပေါက်ကာမိစေရေး အစိတ်အပိုင်းတစ်ရပ်အဖြစ် အဆင့်မြင့် စက်သုံးဆီများ ပြည်တွင်း၌ ထုတ်လုပ်သွားနိုင်ရန် အလျင်အမြန် ကြိုးပမ်းအားထုတ်သင့်ပါကြောင်း။

No comments:

Post a Comment