Monday, November 3, 2014

ရေနံနှင့်သဘာဝဓာတ်ငွေ့အထွက်တိုးရေး တွင်းသစ်များရှာဖွေတူးဖော်ကြိုးပမ်းနေ

Photo: ရေနံနှင့်သဘာဝဓာတ်ငွေ့အထွက်တိုးရေး တွင်းသစ်များရှာဖွေတူးဖော်ကြိုးပမ်းနေ

ရန်ကုန်  နိုဝင်ဘာ   ၂

ရန်ကုန်မြို့တော်၏ ခရီးသည် သယ်ယူပို့ဆောင်ရေးအတွက် မော်တော်ယာဉ်သုံး  သဘာဝဓာတ်ငွေ့နှင့် မီးဖိုချောင်သုံးရေနံဓာတ်ငွေ့ရည်တို့အတွက် လိုအပ်သော  သဘာဝဓာတ်ငွေ့အား အဓိကထောက်ပံ့ပေး လျက်ရှိသော ညောင်တုန်းရေနံနှင့် သဘာဝဓာတ်ငွေ့မြေ၏   ရေနံနှင့် သဘာဝဓာတ်ငွေ့ အထွက်တိုးရေး ဆောင်ရွက်နေမှုများနှင့် ရေနံဓာတ်ငွေ့ရည်စက်ရုံ(ညောင်တုန်း)စက်စွမ်း အားပြည့်လည်ပတ်နိုင်ရေး ဆောင်ရွက်ထားရှိမှု  အခြေအနေများအား စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဇေယျာအောင်နှင့် တာဝန်ရှိသူများသည် အောက်တိုဘာ ၃၁ ရက်က သွားရောက်ကြည့်ရှုစစ်ဆေးခဲ့သည်။

ရှေးဦးစွာ ရေနံမြေရှင်းလင်းဆောင်တွင် ရေနံမြေအထွေထွေ မန်နေဂျာက ညောင်တုန်းရေနံမြေ ၏  လက်ရှိထုတ်လုပ်နေမှုများနှင့် အထွက်တိုးရေး ဆောင်ရွက်နေမှု အခြေအနေများအား ရှင်းလင်းတင်ပြ ပြီးနောက် ရေနံနှင့်သဘာဝဓာတ်ငွေ့ စမ်းသပ်ထုတ်လုပ်လျက်ရှိသော တွင်းသစ်ညောင်တုန်းအမှတ်(၅၂)သို့ရောက်ရှိကြပြီး တွင်းတူးလုပ်သား ဝန်ထမ်းများနှင့် တွေ့ဆုံ၍  ပြည်ထောင်စုဝန်ကြီးက ဝမ်းမြောက်ဂုဏ် ပြုပါကြောင်း၊ ညောင်တုန်းရေနံနှင့် သဘာဝဓာတ်ငွေ့မြေသည် ရန်ကုန် မြို့တော်၏ ခရီးသည်သယ်ယူပို့ ဆောင်ရေးနှင့် မီးဖိုချောင်သုံး သဘာဝဓာတ်ငွေ့ရည်တို့အတွက် အဓိကထောက်ပံ့ပေးလျက်ရှိရာ ယခုကဲ့သို့တွင်းသစ်များ အောင်မြင်စွာ  တိုးချဲ့တူးဖော်နိုင်ခြင်းအတွက် ဂုဏ်ယူကြစေလိုကြောင်းနှင့်  ရေနံမြေနှင့် လုပ်သားဝန်ထမ်းများ၏ ဘေးအန္တရာယ် ကင်းရှင်းရေးကို တာဝန်ရှိသူများက အလေးထားဆောင်ရွက်သွားကြရန် စသည်တို့ အားမှာကြား၍  ဆုငွေများချီးမြှင့် ပေးအပ်ခဲ့သည်။

ထို့နောက်  ဝန်ကြီးနှင့်တာဝန်ရှိသူများသည် ရေနံဓာတ်ငွေ့ရည်စက်ရုံ(ညောင်တုန်း)သို့ ဆက်လက် ထွက်ခွာရောက်ရှိပြီး   စက်ရုံရှင်း လင်းဆောင်တွင် စက်ရုံမှူးက စက်စွမ်းအားပြည့် လည်ပတ်နိုင်ရေးနှင့် လက်ရှိရေနံဓာတ်ငွေ့ရည်ထုတ်လုပ်နေမှုအခြေအနေများ၊ လုပ်ငန်းခွင် ဘေးအန္တရာယ်ကင်းရှင်းရေး ဆောင်ရွက်ထားရှိမှု  အခြေအနေများကို ရှင်းလင်းတင်ပြခဲ့ရာ ဝန်ကြီးက စက်ရုံရေရှည်တည်တံ့စွာ လည်ပတ်နိုင်ရေးအတွက် ပုံမှန်ကြံ့ခိုင်ရေးဆောင်ရွက်မှုများကို  အဓိကဆောင်ရွက်ကြရန်နှင့်  ရေနံဓာတ်ငွေ့စက်ရုံ (ကျွန်းချောင်း)အား အကျိုးရှိစွာ အသုံးပြုနိုင်ရေး ပြန်လည်နေရာချထားမှု အစီအမံများအားမှာကြား၍ စက်ရုံတွင်း လှည့်လည်ကြည့်ရှုခဲ့ကြသည်။

ညောင်တုန်းရေနံနှင့် သဘာဝဓာတ်ငွေ့မြေသည် ဧရာဝတီတိုင်း ညောင်တုန်းမြို့နယ် ဆားမလောက် ကျေးရွာအနီးတွင်တည်ရှိပြီး လက်ရှိ သဘာဝဓာတ်ငွေ့တွင်း (၁၉)တွင်း မှနေ့စဉ်လေဆီ ၂၃၉  စည်နှင့် သဘာဝဓာတ်ငွေ့ ၂၃ ဒသမ ၆၈၂ ကုဗပေသန်းကို   ထုတ်လုပ်လျက်ရှိပြီး ရန်ကုန်မြို့ရှိ   မော်တော်ယာဉ် သုံးသဘာဝဓာတ်ငွေ့ဆိုင်များ၊ စွမ်းအင်ဝန်ကြီးဌာန လက်အောက်ရှိ ဓာတ်မြေသြဇာစက်ရုံများ၊ ရေနံဓာတ်ငွေ့ရည်စက်ရုံ(ညောင်တုန်း)နှင့် ရန်ကုန်မြို့ရှိ အသေးစား ပုဂ္ဂလိကစက်မှုလုပ်ငန်းများသို့ ဖြန့်ဝေပေးလျက်ရှိရာ ရေနံမြေဝန်ထမ်းများအနေဖြင့် လက်ရှိ အထွက်နှုန်း မကျဆင်းရေးနှင့် အထွက်တိုးရေးတို့အတွက်တွင်းသစ် များရှာဖွေတူးဖော်၍ ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ (စွမ်းအင်)

No comments:

Post a Comment