Friday, November 28, 2014

မြန်မာနိုင်ငံနှင့် အိုဇုန်းလွှာကာကွယ်ရေး



မြန်မာ့အလင်း အယ်ဒီတာ့အာဘော်


ကမ္ဘာ့မြေပြင်အထက်ရှိ လေထုအလွှာတစ်ခုဖြစ်သည့် အိုဇုန်းလွှာသည်လူသားတို့အား နေမှကျရောက်လာနိုင်သော ခရမ်းလွန် ရောင်ခြည်ကဲ့သို့ ဘေးအန္တရာယ်ဖြစ်စေသောအရာများကို ကာကွယ်ပေးထားပါသည်။ အိုဇုန်းလွှာသည် လူတို့၏ပယောဂကြောင့် တဖြည်းဖြည်းပါးလွှာလျော့ပါးလာသည့်အတွက် အိုဇုန်းလွှာထိန်းသိမ်းရေးကို ကမ္ဘာ့နိုင်ငံများက ဆောင်ရွက်လျက် ရှိပါသည်။

မြန်မာနိုင်ငံသည် ဗီယင်နာကွန်ဗင်းရှင်းနှင့် မွန်ထရီယယ်စာချုပ်အဖွဲ့ဝင်နိုင်ငံအဖြစ် ၁၉၉၄ ခုနှစ်မှ စ၍ဝင်ရောက်ခဲ့ပြီး အမျိုးသားအိုဇုန်းလွှာယူနစ်ကို ၂ဝဝ၄ ခုနှစ်ကတည်းက ဖွဲ့စည်းခဲ့ပါသည်။ အိုဇုန်းလွှာ ပျက်စီးစေသောဒြပ်ပစ္စည်းများ သုံးစွဲမှုလျှော့ချရေး၊ အများပြည်သူပညာပေးရေးနှင့် စာချုပ်ပါတာဝန်များ အကောင်အထည်ဖော်ရေးတို့အတွက် ကုလသမဂ္ဂပတ်ဝန်းကျင်အစီအစဉ်၏နည်းပညာနှင့် ဘဏ္ဍာရေးအထောက်အပံ့များဖြင့် ဆောင်ရွက်လျက်ရှိပါသည်။

မြန်မာနိုင်ငံ၏ ဟိုက်ဒရိုကလိုရိုဖလူရိုကာဗွန် (HC-FC)သုံးစွဲမှုလျှော့ချရေးဆိုင်ရာ စီမံကိန်းကို ၂ဝ၁၂ ခုနှစ်မှစတင်ရေးဆွဲ အကောင်အထည်ဖော်လျက်ရှိပါသည်။ ဤစီမံကိန်း၏ ရလဒ်အဖြစ် အိုဇုန်းလွှာပျက်စီးစေသော ဒြပ်ပစ္စည်းများဆိုင်ရာလုပ်ငန်းလုပ် ကိုင်ခြင်းအမိန့်ကို ၂ဝ၁၄ ခုနှစ် ဧပြီ ၂၅ ရက်တွင် ထုတ်ပြန်ခဲ့ပြီး ဖြစ်ပါသည်။ မြန်မာနိုင်ငံအနေဖြင့် သက်ဆိုင်ရာစာချုပ်ပါ စည်းကမ်းချက်များအတိုင်း လိုက်နာကြိုးပမ်း ဖော်ဆောင်လျက်ရှိပါသည်။

ဗီယင်နာကွန်ဗင်းရှင်းနှင့် မွန်ထရီယယ်စာချုပ်တို့သည်ကား ကုလသမဂ္ဂပတ်ဝန်းကျင်ဆိုင်ရာ အစီအစဉ်အရ အိုဇုန်းလွှာထိန်း သိမ်းရေးနှင့် အိုဇုန်းလွှာပျက်စီးစေသော ဒြပ်ပစ္စည်းများသုံးစွဲမှု လျှော့ချရေးတို့အတွက် အရေးပါသော နိုင်ငံတကာသဘောတူ ညီချက်များဖြစ်ပါသည်။ မြန်မာနိုင်ငံအပါအဝင် နိုင်ငံပေါင်း ၁၉၇ နိုင်ငံက လက်မှတ်ရေးထိုးထားကြောင်း သိရပါသည်။

ပြင်သစ်နိုင်ငံပါရီမြို့၌ အိုဇုန်းလွှာကာကွယ်ရေးဆိုင်ရာ ဗီယင်နာကွန်ဗင်းရှင်းအဖွဲ့ဝင်နိုင်ငံများ၏ ဒသမအကြိမ်အစည်းအဝေးကို နိုဝင်ဘာ ၂ဝ ရက်နှင့် ၂၁ ရက်တို့တွင် ကျင်းပခဲ့ရာ မြန်မာနိုင်ငံအပါအဝင် နိုင်ငံပေါင်း ၁၉၂ နိုင်ငံမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ပြီး ပြင်သစ်နိုင်ငံသည် ရာသီဥတုပြောင်းလဲမှု အဓိကဖြစ်စေသော ကာဗွန်ဒိုင်အောက်ဆိုက်ဓာတ်ငွေ့ကို လေထုအတွင်းသို့ ထုတ်လွှတ်ခြင်းအစား လူသားတို့၏စားဝတ်နေရေးဆိုင်ရာ အသုံးအဆောင် ဟိုက်ဒရိုကာဗွန်ထုတ်ကုန်များအဖြစ် ပြောင်းလဲထုတ်လုပ်မှု နည်းပညာ Circular Economy နယ်ပယ်တွင် ရှေ့တန်းရောက်နေသော နိုင်ငံတစ်နိုင်ငံဖြစ်ကြောင်း သိရသည်။

ဤနည်းပညာ အသုံးချစက်မှုလုပ်ငန်းများ ထူထောင်လုပ်ကိုင်ခြင်းဖြင့် ကုန်ကျစရိတ်သက်သာစွာ ဆောင်ရွက်နိုင်မည့်အပြင် ကာဗွန်ဒိုင်အောက်ဆိုက်ထုတ်လွှတ်မှု လျှော့ချနိုင်ခြင်း၊ ကာဗွန်သိုလှောင်မှုပမာဏ မြင့်မားနိုင်ခြင်း စသောအကျိုးကျေးဇူးများရရှိ နိုင်မည်ဖြစ်ပါသည်။ သို့ပါ၍ မြန်မာနိုင်ငံအနေဖြင့် အခြားကမ္ဘာ့နိုင်ငံများနည်းတူ လေထုအတွင်း ကာဗွန်ဒိုင်အောက်ဆိုက်ထုတ်လွှတ်မှု လျော့နည်းရေး အစီအမံများချမှတ်ကာ အိုဇုန်းလွှာကာကွယ်ရေးကို အလေးထားဆောင်ရွက်လျက်ရှိပါကြောင်း။ ။

No comments:

Post a Comment